ခိုင်အေး - ဆုံရပ်

Photo - Mi
 ဆုံရပ်
ခိုင်အေး
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၂၊ ၂၀၂၂

ငါတို့တနေ့ပြန်ဆုံကြမယ်လေ
အဲဒီတနေ့ဟာ
ဘယ်တော့မှရောက်မှာလဲဆိုတဲ့
တွေဝေအားလျော့စိတ်ကိုဖျောက်ပါ

လမ်းလျှောက်တဲ့သူသာ
ခရီးရောက်ပါတယ်

ခရီးပေါက်မှသာ
ပန်းတိုင်ရောက်ပါတယ်

မရောက်မချင်းလျှောက်ကြမယ်လို့
အောင်စိတ်ကိုမွေးပါ

မင်းလဲတဲ့အခါ ငါထူ
ငါယိုင်တဲ့အခါ မင်းဖေးကူ
ရဲဘော်ချင်းထူမလို့
ခရီးဆက်ကြတာပေါ့

လိုရာရောက်တဲ့အခါ
ငါတို့ 
ပြည်တော်ဝင်သီချင်း
သံပြိုင်ဆိုကြမယ်

အဲဒီနေ့မှာ
ပန်းတိုင်းပွင့်မယ် 
ပွင့်တဲ့ပန်းတိုင်း
မွှေးမြနေမယ်

မင်းကလည်းမင်းနှစ်သက်ရာ
ခူးယူ
ငါကလည်းငါမြတ်နိုးရာ
ရွေးချယ်ပန်ဆင်
ငြိမ်းချမ်းချစ်ခင်
လက်ချင်းယှက်လို့
တိမ်ပုတ်တွေ
လက်တဆုပ်စာတောင်မရှိတော့တဲ့
ရှင်းသန့်မွန်မြတ်ကောင်းကင်အောက်မှာ
လမ်းဆက်လျှောက်ရအောင်

အာဏာရှင်ဆိုတဲ့ဝိသေသန
မရှိတော့တဲ့နေရာ/ကာလရောက်တဲ့အခါ
ငါတို့
ပြန်ဆုံကြမယ်လေ။     ။

Comments