ခင်လွန်း - ကိုခင်မောင်ဖွေးသို့ လွတ်လပ်ရေးလက်ဆောင် (ဝတ္ထုတို)


ကိုခင်မောင်ဖွေးသို့ လွတ်လပ်ရေးလက်ဆောင်
ခင်လွန်း

(သစ်ခက်သံလွင်)ဇန်န၀ါရီ ၃၊ ၂၀၂၁


လွတ်လပ်ရေးလို့ ဆိုလိုက်တဲ့အခါတိုင်း အချောင်သမား ခင်မောင်ဖွေးလဲ တွဲပါလာတော့တာပါပဲ။
ဟုတ်တယ်၊ ခင်ဗျားဘေးနားက ခင်မောင်ဖွေး ကျနော့်ဘေးနားက ခင်မောင်ဖွေး ဟိုမှာ ဒီမှာ လှမ်းတွေ့နေရတဲ့ခင်မောင်ဖွေး 
အဲဒီ့ခင်မောင်ဖွေးတွေအထွေးသားနဲ့ ကျနော်တို့ပြောနေကြတဲ့ လွတ်လပ်ရေး... ဒီမိုကရေစီရေး

အဲ့ဒီ့ ခင်မောင်ဖွေးအကြောင်းပါ။
...
( ရေးခဲ့တာ အနှစ် ၂၀ ရှိပြီ)
...

ကိုခင်မောင်ဖွေးသို့ လွတ်လပ်ရေးလက်ဆောင်
ခင်လွန်း

၁။

ထိုညက စစ်ကိုင်းကိုဝင်တော့ ညကိုးနာရီဝန်းကျင်လောက်ရှိမည်။ လရောင်နှင့် လျပ်မီးအလင်းတွေက ဧရာဝတီမြစ်ရေပြင်ကို ရောင်ပြန်ဟပ်စေကာ စစ်ကိုင်းတံတားကြီးဆီ ဘော်ငွေရောင်ပက်ဖြန်းထားသလိုဖြစ်နေလေသည်။ တံတားပေါ်ကားဖြတ်စဉ် သူ့အတွက်ပထမဆုံးသောမြင်ကွင်းမို့ ချမ်းချမ်းစီးစီးကြားက တံတားအောက်မြစ်ရေပြင် ကိုတလှည့် ညရိပ်နှင်းမှုန်တွေကြား မှိုင်းဝေရီစွာမြင်ရသည့် စစ်ကိုင်းတောင်ရိုးနှင့် တဖက်ရှိရွှေကြက်ယက်ရွှေကြက်ကျ ဘုရားစေတီများဆီသို့တခါ အလုအယက် ကြည့်ရသည်။

ရှုမငြီးဘွယ် မြင်ကွင်းများ။ တနေကုန်ခရီးပန်းလာသည့် နွမ်းနယ်စိတ်သည်ပင် မြစ်ပြင်ကိုဖြတ်တိုက်လာသည့်ဆောင်းလေအတွေ့ကြောင့် ခဏချင်းလန်းဆတ်ကြည်မွေ့သွားရသည်။ ဖြစ်နိုင်လျှင်သည် မြင်ကွင်းတွေကို အာရုံရိပ်ထဲ၌စွဲထင်ခပ်နှိပ်ကျန်ရစ်ချင်သည်။ စစ်ကိုင်းအဝင် ဘော်ငွေရောင်တံတားကြီးနှင့် ရာဇဝင်ထဲက ဧရာဝတီသတို့သမီး။ ဟိုးမှာ ညှို့ရီမှိုင်းပြနေသည့်စစ်ကိုင်းတောင်တော်ရိုး။ လရောင်က နှင်းမှုန်များကြားတိုးဝှေ့ဖြန့်ခင်းကျလာတော့ စိန်စစိန်မှုန် ငွေစ ငွေမှုန်များနှယ် လဲ့ဖြာဖိတ်တောက်သည့်ရှုခင်းပန်းချီ။

“ မနက် ၄ နာရီမှာ စစ်ကိုင်းကပြန်ထွက်မယ်၊ ဒါမှ ဟိုဘက်ကို မီမှာ၊ မင်းမနိုးမှာစိုးလို့ ”

ခရီးစဉ်ကိုဦးဆောင်လာသူက မန္တလေးမှာ ညစာစားစဉ် သူ့ကိုသတိပေးထားနှင့်သည်။ သူက မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ ဦးပိန်တံတား၊ တောင်သမန်အင်း စသည်စသည်တို့နှင့် စာတွေထဲမှာဖတ်ဖူးရင်းနှီးပြီးကာ နုလုံးသားထဲမှာ ရှိနှင့်နေသည့် ကြားဖူးနားဝနေရာများသို့ ရောက်တုန်းပေါက်တုန်းသွားချင်သည်။ တညတနေ့မက နေချင်သည်။ ကြည့်ငေးဆွတ်ပျံ့ခံစားချင်သည်။ 

ဒါပေမဲ့ ဒီခရီးဒီလမ်းတွင် သူကပဓာနဇာတ်ကောင်မဟုတ်၊ ကပ်ပါး။ မရောက်စဖူးမို့ မနည်းတောင်းပန်ခယရင်း လိုက်လာခွင့်ရသည်ကပင် သူ့အတွက် မဟာကံထူးသူ။ .. ဆိုတော့ သူ့ဆန္ဒဟူသမျှအချည်းအနှီး။

စစ်ကိုင်းကိုဝင်တော့ အဝေးဆီက လွင့်စည်ပျံ့ဝဲလာသည့်အသံများ သူသတိထားမိသည်။ ကျပန်းစကား ပြောပွဲလား၊ စကားရည်လုပွဲများလား။ ပရိသတ်ရယ်မောသံကိုပင် အတိုင်းသားကြားနေရသည်။

အော် လွတ်လပ်ရေးအကြိုညပေကိုးလို့ သူသတိထားမိသည်။ ရွှေကိုင်းသူရွှေကိုင်းသားများ နောက်နေ့မနက်တွင်ကျရောက်မည့် လွတ်လပ်ရေးအောင်ပွဲနေ့ကို ဆင်နွှဲနေကြခြင်း ဖြစ်ပေမည်။ သူကတော့လှပသောထိုတညကိုနှင်းမှုန်များနှင့်အတူမအိပ်ရက်ခဲ့။

၂။

လွတ်လပ်ရေးနေ့၊နံနက် ၄ နာရီ။
စစ်ကိုင်းကပြန်ထွက်။

စစ်ကိုင်းတံတားကို ဖြတ်စဉ် နှင်းတွေသိပ်သည်း ထူထဲလွန်းလှ၍ ညက ရင်ခုန်တိမ်းမူးဖွယ် မြင်ခဲ့ရသည့်မြင်ကွင်းများကို မမြင်နိုင်တော့။ ပိန်းပိတ်ကာဆီးနေသည့်နှင်းထုက တလောကလုံးကို မင်းမူစိုးမိုးနေပြီ။

ကားက တံတားပေါ်ကိုတရိပ်ရိပ်ဖြတ်မောင်းနေစဉ် တိုးဝှေ့ဝင်လာသည့်အအေးဓာတ်က သူ့ကို မေးတဖျောက်ဖျောက်ရိုက်စေသည်။ အေးချမ်းလိုက်သည်ဖြစ်ချင်း။ အမိုးတပ်ပစ်ကပ်ကားတစီး၏နောက်ခန်းမှာ သူတယောက်ထဲ ခိုက်ခိုက်တုန်နေသည်။ အဝေးမြင်ကွင်းကိုလှမ်းမမြင်ရဘဲ ဘော်ငွေရောင်တံတားကြီး၏တံတားဘောင်များကိုသာ ရိပ်ခနဲရိပ်ခနဲမြင်နေရသည်။ တံတားအောက်မှာတော့ သမာဓိတည်ထားသောဧရာဝတီသည် လရောင်ဖျဖျတွင် သိမ်မွေ့ညင်သာစွာ စီးမြဲစီးနေလေသည်။ 

ထိုစဉ် သူ့စိတ်ထဲဝင်လာသည်က ဖက်ဆစ်တော် လှန်ရေးကာလ မြေ အောက်တော်လှန်ရေးသမားကြီးတဦး၏ရုပ်ပုံလွှာတပိုင်းတစ။ စစ်ကိုင်းတံတားပေါ်တွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လွှတ်ပေးလှူသွားခဲ့သည့်သူရဲကောင်းတဦး။ ဖက်ဆစ်ဂျပန်များကို တတိုင်းပြည်လုံးအနေဖြင့် အချိန်ကိုက်ပြန် လည်တွန်းလှန်ရန်ပြင်ဆင်နေသည့်အချိန်တွင် မြေအောက်တော်လှန်ရေးသမားကြီးတဦးဖြစ်သူ ရဲဘော်သိန်းတန်သည် ဂျပန်အလိုတော်ရိများ၏ သတင်း ပေးမှုနှင့်ဖမ်းဆီးညှဉ်းဆဲခံခဲ့ရသည်။ ဂျပန်တွေက သူ့ဆီမှ တော်လှန်ရေးနှင့်စပ်လျဉ်းသည့်သတင်းအချက်အလက်များကို လိုချင်သည်။ ရိုက်နှက်နှိပ်စက်မေးမြန်းစစ်ဆေးသည်။

သံမဏိလိုစိတ်ဓာတ်ခိုင်ကျည်သော မြေအောက်တော်လှန်ရေးသမားကြီးသည် သစ္စာကိုရင်ဝယ်ပိုက်လျက် တေမိထုံးနှလုံးမူခဲ့သည်။ နောက်ဆုံးဖက်ဆစ်တို့က သူ့ကို ဟောဒီ့စစ်ကိုင်းတံတားကြီးပေါ်တွင် လည်ကိုဓားနှင့်ခုတ်ကာ ချေမှုန်းပစ်ခဲ့သည်။ 

ဧရာဝတီသည် တော်လှန်ရေးသမားကြီး၏ ချင်းချင်း နီမြန်းသောသွေးနှင့် ရာဇဝင်ကမ္ပည်းရေးထိုး ခဲ့လေသည်။ သူက သမိုင်းစာမျက်နှာပေါ်က သူရဲ ကောင်းကြီး၏ သစ္စာကိုအောက်မေ့မြင်ယောင်နေမိခြင်းဖြစ်သည်။ 

သြော်.. သည်လိုအသက်နှင့်လဲ၍ စွန့်လွှတ်အနစ်နာခံကာ သစ္စာစောင့်သိခဲ့ကြသူများ၏ဂုဏ်ကျေးဇူးကြောင့်ပင် လွတ်လပ်ရေးကြီးကိုရခဲ့သည်မဟုတ်တုံလောဟု သူအလေးအနက် တွေးမိခံစားကြည့်သည်။ 

ခေတ်တခေတ်၌ ရဲဘော်သိန်းတန်လိုမဟာသူရဲကောင်းများရှိသလို တဘဝပုဂ္ဂလချမ်းသာအောင်မြင်ရေး၊ ထင်ပေါ်ကျော်ကြားရေးအတွက် ဂျပန်အလိုတော် ရိတွေလို သစ္စာမဲ့သူတကိုယ်ရေအတ္တသမား၊ အချောင်စား၊ ကိုယ်ကျိုးစီးပွားသမားများကလည်း ခေတ်အဆက်ဆက်တွင်ရှိခဲ့သည်။ ရှိနေသည်။ သို့တိုင် သူရဲကောင်းများကား လွတ်လပ်ရေးကိုသွေးနဲ့ရေး၍ မော်ကွန်းထိုးကာ သစ္စာဖောက်အချောင်သမား အချောင်စားများကား သမိုင်းအမှိုက်ဒိုက်သရောပုံတွေကြား ဒလိမ့်ခေါက်ကွေး မျောလွင့်ပါသွားမည်ဟုသာ သူယုံကြည်နေသည်။

အတွေးအလျဉ်က ဧရာဝတီမြစ်ရေစီးနှင့်အတူ စီးနှင်နေစဲမှာပင် ကားကတုန့်ခနဲရပ်သွားသည်။

အင်းဝဘက်တံတားထိပ်လမ်းမီးများအောက်တွင် လူတွေစုစု စုစုနှင့်မြင်ရသည်။ တံတားဂိတ်တွင် မဏ္ဍပ်သဖွယ်ထိုးထားသည့်နေရာမှလည်း အသံချဲ့စက်ဖြင့်အော် သူက အော်နေသည်။ လွတ်လပ်ရေးနေ့တာဝေးအပြေးပြိုင်ပွဲကျင်းပနေ၍ မော်တော်ယာဉ်များအနေဖြင့် လမ်းပေါ်တွင် ပြိုင်ပွဲဝင်နေကြသူအား ကစားသမားများအား ဦးစားပေးကာ ဖြည်းညင်းစွာမောင်းနှင်ရန် သတိပေးမေတ္တာရပ်ခံနေခြင်းဖြစ်သည်။
ငြိမ့်ခနဲ ကားပြန်ထွက်တော့ သူရဲကောင်းကြီး ရဲဘော်သိန်းတန်၏ပုံရိပ်လွှာကို စိတ်တွင် ပြန်လည်မြင် ယောင်နေမိပြန်လေသည်။

၃။

လမ်းတလျှောက်ထူပြိန်းသိပ်သည်းစွာကျနေသည့် နှင်းထုအမှောင်အောက်တွင် ကားမီးအလင်းတန်းရှေ့တွင် ပြိုင်ပွဲဝင်နေကြသည့်အားကစားသမားများကို တချို့အတွဲလိုက်၊ တချို့တဦးချင်း ပြောက်ကျားပြောက်ကျားတွေ့ရသည်။ တနေရာအရောက်မှာတော့ တဖြည်းဖြည်းချင်းလှိမ့်လာနေသောကားက သိမ့်ခနဲဖြစ်သွားသည်ကို သူသတိထားမိ၏။ လူတယောက် ကားပေါ်ခိုတက်လိုက်သလိုမျိုး။

“ ဟလိုး နောင်ကြီး ကားခဏလိုက်စီးပရစေနော် ” အအေးဓာတ်ခံကြောင့် အသံကတုန်ရင်ရင် အက်ကွဲကွဲ။ အမှတ်တမဲ့ သူထိတ်ခနဲလိုလိုတော့ ဖြစ်မိသွားသည်။ နောက်ခန်းမီးမပါတော့ သဲသဲကွဲကွဲမမြင်ရ။ထိုလူကဆက်ပြောသည်။

“ ကျနော်အမောဖောက်လာလို့ဗျာ၊ ကားနဲ့ခဏ လိုက်ပရစေ ” ဟု ဆက်ပြောလာသည်။ 

သူ ဘာမှပြန်မပြောမိ။ အမှောင်ထဲတွင် ထိုလူ့ကိုမြင်ရနိုင်သလောက်မြင်နိုင်အောင် မျက်လုံးကိုအစွမ်းကုန်အားစိုက်အားစိုက်ထားသည်။ တအောင့်လောက်အတွင်းမှာပင် ထိုလူ့ကို လုံးလုံးလျားလျားမြင်ရသည်မဟုတ်သော်လည်း ဘောင်းဘီတိုတထည်ဝတ်ထားတာကိုတော့ သူသတိထားမိသွားသည်။ မမှား။

“ ကျနော်တော့မခံနိုင်တော့ဘူးဗျာ။ အဲဒါ မောတာနဲ့ နောင်ကြီးတို့ကားပေါ်တက်လိုက်တာ ” သူက ခုထိဘာမှပြန်မပြောမိ။ ထိုလူ့ဆီမှမောဟိုက်သံစွက်နေသည့်စကားလုံးတွေကိုသာ အလိုက်သင့် နားထောင်နေမိ သည်။

“ ကျနော့်နံမယ် ခင်မောင်ဖွေးပါဗျာ။ တောင်မြို့ ရပ်ကွက်(..) ကပါ။ ဟဲဟဲ တမျိုးမထင်ပါနဲ့ဗျာ။ အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ ” 

ထိုလူက မောဟိုက်သံကြီးတွေနှင့်ဆက်ပြောလာတော့ မကောင်းတတ်သဖြင့် သူကလည်း “ သြော် ” ဆိုသည့် အာမေဍိတ်တလုံးခွန်းတုံ့ပြန်လိုက်သည်။ ပြီးတော့ ထို့လူ့ပုံပန်းဟန်ပန်ကိုကြည့်ပြီး သူကောက်ချက် မြန်မြန်ချလိုက်နိုင်သည်။ တာဝေးပြေးပွဲဝင်ရင်း အမောဖောက်လာသည်နှင့် ဖြည်းဖြည်းချင်းလှိမ့်မောင်းလာနေသည့် သူတို့ကားပေါ်သို့ တက်လိုက်ခြင်းဖြစ်မည်။ အားမတန်လို့မာန်ချလိုက်တာမျိုး။ ဆိုတော့ သူ့ဘက်က အထိုက်အလျောက် အား ပေးသင့်ပေးရမည်ဟုနားလည်လိုက်သည်။ 

“ဖြစ်တတ်တယ် ကိုခင်မောင်ဖွေးရ၊ အသက်မှန်မှန်ပြန်ရှူ၊ ဒါနဲ့ ကြိုပြီးကျင့်မထားဘူးလားဗျ” 

သူက ခင်မောင်ဖွေးဆိုသူ အားတောင့်အားနာမဖြစ်စေချင်တာနှင့် ပြန်အားပေးရသည်။ ခင်မောင်ဖွေးဆိုသူကတော့ ဟပ်ထိုးလဲကျမတတ် တဟောဟော ဖြစ်နေသည်။ ဒါပေမဲ့ တခုခုပြောဖို့ကြိုးစားနေပုံရသည်။ သို့သော် တော်တော်နှင့်စကားသံထွက်မလာ။ 

ခဏနေတော့ အမောပြန်စေ့သွားဟန်ရှိသည်။ သည်တော့မှ ကိုခင်မောင်ဖွေးတယောက် စကားပြန်စနိုင်လာသည်။ စလိုက်ပြန်တော့လည်း စုံနဖာစီအောင် ဒလစပ်မနားတော့။ ခဏချင်းမှာ သမ္ဗန္ဓပေါင်း စုံသွားသည်။ 

သူက ဆီစက်သူဌေးသား။ သားကြီးသြရသ။ မန္တလေးတက္ကသိုလ်ဒုတိယနှစ်။ မေဂျာက...။ မိဘများ၏ဖူးဖူးမှုတ်ထားခြင်းခံရသူ။ တဆွေလုံးတမျိုးလုံးက ကိုခင်မောင်ဖွေးဟုဆိုလျှင် ပင့်ထားမတတ်မြှောက်စားခံရသူ။ ထားတော့။ ခက်တာက သူကအားကစားသမားမဟုတ်။ အားကစားသမားမဟုတ်သလို အားကစားနှင့်ပတ်သက်သည့် တစုံတရာ အလေ့အကျင့်ကိုလည်း မလုပ်စဖူး။ 

ဒါပေမဲ့ သူကသူဌေးသားပီပီ သူတို့ဝန်းကျင် သူတို့မြို့မှာတော့ လူသိများသည်။ ထင်ရှားသည်။ ခင်မောင်ဖွေးမပါလျှင် ဘာပွဲမှမစည်ဘူးဆိုသည့်အစားထဲက။ အပြောကလည်းကျ၊ အပေးအကမ်းလေးကလည်း ထိုက်တင့်သလိုရှိတော့ သူနေရာကရသည်။ သူ့ကိုယ်သူလည်း ပွဲတိုင်းကျော်အဖြစ်ခံယူသည်။ သူမဝင်ဆန့်သည့်နေရာ၊ သူ မပေါက်ရောက်သည့်နေရာဟူ၍ မရှိသလောက်ဟုသူယုံသည်။ သူနှင့်အပြိုင် ရွယ်တူတန်းတူတွေအပေါ်မှာတော့ သူက ဗိုလ်မထားချင်သူဖြစ်သည်။ သူ့ရှေ့မှာဘာကိုမှမထားချင်သူ။ ဘယ်သူ့ကိုမှ သူ့ရှေ့ မရောက်စေချင်သူ။ 

အင်း အခုလည်း သူတို့မြို့မှာတာဝေးပြေးပွဲကျင်းပသည်ဆိုတော့ ခင်မောင်ဖွေးတယောက် ဇ,မရှိဘဲနှင့် ဝင်ပြိုင်မိလျက်သားဖြစ်ခဲ့သည်။ 

ဒါပေမင့် အားကစားပြိုင်ပွဲဆိုတာ ဖြီးလို့ဖြန်းလို့ ညာလို့ဝါးလို့ရတာမျိုးမဟုတ်တော့ ဘသားချောခမြာ အခုကံကောင်းလို့ မောလုံးမဆို့ခဲ့ခြင်းပင်။ စက်သူဌေးသား ခင်မောင်ဖွေးက အပြေးမှာသာအမောဖောက်ခဲ့ပေမယ့် အပြောမှာတော့ အမောမဖောက်သေး။ သူက စက်သူဌေးသား၏စကားကို နား ထောင်သူ သက်သက်သာဖြစ်နေတော့ ဒါကို ခင်မောင်ဖွေးက သတိထားမိလိုက်မိပုံရသည်။ လူရိပ်လူခြေတော့အကင်းပါးသားကလား။ 

“ဒါနဲ့ နောင်ကြီးကရောဘယ်ကလဲ၊ ဘယ်သွားမလဲ၊ အကူအညီလိုရင် ကျနော့်ဆီဝင်လာဗျာ။ မန္တလေးမှာတည်းမယ်ဆိုရင် ဝင်ဖြစ်အောင်ဝင်ဗျာ။ ကျနော်က ခင်မင်တတ်ပါတယ်။ မရောက်ဖူးတဲ့နေရာတွေရှိရင်လည်းလိုက်ပို့ပါ့မယ်” 

တလက်စတည်း ကိုခင်မောင်ဖွေးက သူ့ကိုလိပ်စာတွေ ဘာတွေပေးသည်။ သူ့အိမ်၊ သူတို့၏နာမည်ကြီး ဆီစက်ကိုညွှန်းသည်။ ဆီစက်က သူတို့တောင်မြို့တွင် နာမည်ကြီး။ သူကလည်း တောင်မြို့တွင် မသိသူမရှိသလောက်ဟုဆိုခဲ့ပြီးပြီ။ 

“နေအုံးနေအုံး၊ ဟောဟိုမှာ ခိုင်မိုးတို့၊ စောရီးနော်နောင်ကြီး၊ ဒီကောင်တွေဒီပဲရောက်သေးတယ်၊ ဟင်း ဟင်းဘာရမလဲကွာ။ ခင်မောင်ဖွေးကိုကျောလို့ ဘယ်တော့မရဘူး” 

သူက လမ်းဘေးတဖက်တချက်ကပ်လျက် ပြေးနေသူတစုကိုကြည့်ပြီး သူ့ကိုကိုယ်ကျုံ့နိုင်သမျှကျုံ့လိုက်ရင်း ပြောခြင်းဖြစ်သည်။

 “ဘာလဲဗျာကိုခင်မောင်ဖွေးရယ်” ကားအမိုးအောက်အမှောင်ကိုအားပြုရင်း တယောက်ထဲကြုံးဝါးနေတာကိုတွေ့တော့ သူက မေးခွန်းထုတ်မိလျက်သား ဖြစ်သွားသည်။ တခုခုမရိုးမသားဖြစ်နေသလားဆိုတာလဲ မယုံသံသယဖြစ်မိသည်။ တစုံတရာလွဲချော်နေပြီလား။ 

“ ဒီလိုဗျ နောင်ကြီးရဲ့၊ ကျနော်နဲ့အဲဒီကောင်တွေက ပြိုင်ဘက်တွေ၊ အလကားပါဗျာ။ သူတို့က ကချလာတွေပါ။ မွဲသလားလဲမမေးနဲ့။ အဲဒီကောင်တွေက ကျနော့်ကို နေရာတကာလိုက်ပြိုင်နေတာဗျ။ ကျောင်းမှာလဲ ကျောင်းမှာမို့၊ ရပ်ကွက်ထဲလဲ ရပ်ကွက်ထဲမို့။ ဘယ်တုန်းကမှမနိုင်ဘဲနဲ့များ၊ အဲအခု ဒီပြေးပွဲ ကျတော့ မှန်တာပြောရရင်နောင်ကြီးရေ ကျနော်ကလေ့ကျင့်မထားတော့ ရှုံးရမယ့်အပေါက်လေ။ ဒါတော့ အဖြစ်မခံနိုင်ဘူး။ ပန်းဝင်ခါနီးလောက်ကျရင် ကျနော်ဆင်းမယ်။ အဲဒါ သူတို့နိုင်အုံးမှာတဲ့လား။ …ဟား…ဟား...”

ကိုခင်မောင်ဖွေးက သူ့ဘာသာပြော၊ သူ့ဘာသာအော်ဟစ်ရယ်မောနေတာကို သူကြောင်စီစီယောင်နနဖြစ်ကာ ကြည့်ငေးနေမိသည်။ အကြံကြီးပေစွပါတကားဟု သူအံ့အားသင့်နေတာလည်းပါလေသည်။
တောင်မြို့ဘက်ကိုချဉ်းသီလာတော့ အမှောင်ရိပ်က ဖျော့တော့ဝေရီစပြုလာကာ အလင်းနုသို့ သမ်းစပြုပြီ။ ကားပေါ်ပါလာသည့်စက်သူဌေးသားကလည်း ဒါကို သတိထားမိပုံရသည်။ 

“ဆင်းတော့မှဖြစ်မယ်နောင်ကြီးရေ၊ ဒါနဲ့ခင်ဗျား နံမယ်က ဘယ်သူ။ ..ထားပါဗျာ။ ကျနော့်ဆီသာရောက်တဲ့အခိုက်ဝင်ခဲ့ပါ။ ကျနော် ခင်ဗျားကို လက်ဆောင်ဘာတွေ ပေးလိုက်ချင်တယ်။ အဲဒီနေ့ညနေဘက်များ ခင်ဗျားရောက်လာခဲ့လို့ကေတော့ ပွဲတော်ပေါ့ဗျာ။ ကျနော်အောင်ပွဲခံမယ့်ပွဲမှာ ကူညီဖြည့် ဆည်းပေးတဲ့လူအနေနဲ့ ခင်ဗျားကိုအထူးပြုစုမယ်ဗျို့ဟုတ်လား။ ကဲသွားပြီ” 

စက်သူဌေးသားက သူ့စကား သူပြော၊ သူ့ဘာသာအဆုံးသတ်ကာ လင်းလုလုအရုဏ်ကိုအခွင့်ကောင်းယူ၍ ကားပေါ်က ဖျတ်ခနဲဆင်းသွားသည်။

ခင်မောင်ဖွေးဆင်းသွားတော့ သူက စစ်ကိုင်းတံတား၏သည်မှာဘက်ထိပ်မှ ခင်မောင်ဖွေးတို့မြို့သို့ ခရီးတာကိုမှန်းဆကြည့်ဖြစ်သည်။ ခုနစ်မိုင်သားရှစ်မိုင်သားလောက်များရှိမလား။ ဘာပဲပြောပြော သည်လောက်ခရီးအကွာအဝေးသည်ပင်လျှင် တော်တန်ရုံအားကစားအလေ့အထုံမရှိပါက မလွယ်။ သာမန်လူတဦးတယောက်အဖို့ သာ၍မလွယ်။ ယှဉ်ပြိုင်သူများဘက်က ကြိုတင်ပြင်ဆင်လေ့ကျင့်ထားခြင်းမရှိပါက ပန်းဝင်နိုင်သည်ထားဦး၊ ဆုတံဆိပ်နှင့်အောင်ပွဲကတော့ လွယ်လွယ်နှင့်ရနိုင်မည်မဟုတ်ဟုသူထင်သည်။

သို့ဆိုလျှင်သူ့မိတ်ဆွေကြီးကိုခင်မောင်ဖွေးအတွက်ဆိုလျှင်ကော....။

၄။

ထိုနေ့က လွတ်လပ်ရေးနေ့ဖြစ်သည်။ တိုက်ဆိုင်စွာပင် သူသည် စစ်ကိုင်းမြို့တံတားကြီးကို ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဖြတ်သန်းခဲ့ရပါသည်။ မှတ်မှတ်ရရပင် ထိုနေ့၏အရုဏ်မတိုင်မီသတိရခြင်းတွင် ဖတ်ခဲ့ဖူးသောသမိုင်းစာမျက်နှာထဲက ဂုဏ်ရောင်ပြောင်စွာကျဆုံးသွားခဲ့သည့်အာဇာနည် ရဲဘော်ကြီးသိန်းတန်၏စွန့်လွှတ်အနစ်နာခံမှုကိုစိတ်နှင့်အလေးအမြတ်ပြုဖြစ်ပါသည်။

တိုက်ဆိုင်စွာပင် ထိုနေ့က မန္တလေးမြို့အမရပူရက စက်သူဌေးသားလေးကိုခင်မောင်ဖွေးဆိုသူ ကြေးရတတ်လူငယ်တဦးနှင့်လည်း ဆုံစည်းခဲ့ရပါသည်။ တိုက်ဆိုင်စွာပင် ထိုနေ့က သူတို့စီးနှင်လာသည့်ကားသည် တောင်မြို့ရှိ ပြည်သူ့အားကစားကွင်းဘက်သို့ဖြတ်သန်းခဲ့ရပါသည်။ ထို့ထက် တိုက်ဆိုင်သည်မှာ ကိုခင်မောင်ဖွေးတို့ပန်းဝင်ကြရမည့် သခင်ဖိုးလှကြီးအားကစားကွင်းဖြစ်နေပါသည်။ 

ဖြစ်ချင်တော့ အားပေးနေကြသည့်ပရိသတ်များစည်ကားလွန်းနေသည်မို့ကားလမ်းကိုခေတ္တပိတ်ထားခဲ့ပါသည်။ သူတို့လည်းကားပေါ်မှဆင်းကာ အနီးအနားက လက်ဖက်ရည်ဆိုင်တဆိုင်တွင် မန္တလေးထပ်တရာမုန့်နှင့် မနက်ခင်းဝမ်းမီးတောက်ကို ပြေငြိမ်းစေကြပါသည်။ 

စင်စစ်သည်တွင် ကိုခင်မောင်ဖွေးနှင့်သူ၏အမှတ်မထင်ဆုံစည်းမှုလေးသည် ပြည်ဖုံးကားချနိုင်ပါပြီ။ ကံအလှည့် သင့်၍ သူ့အနေဖြင့် မန္တလေးရွှေမြို့တော်ကြီးသို့ နောက်တကြိမ် တခေါက်တကျင်းရောက်လာနိုင်မည်ဆိုငြားအံ့။ စက်သူဌေးသားလေး ကိုခင်မောင်ဖွေး၏ဖော်ရွှေပျူငှာစွာဖိတ်ခေါ်မှုက အရန်သင့်ရှိပြီးသားမို့ စိတ်ကူးယဉ်စရာကောင်းလှပါသည်။ 

ကိုခင်မောင်ဖွေးအဆိုအရ အောင်ပွဲတခုရရှိရန်အတွက် သူကဖြည့်ဆည်းပေးခဲ့ဖူးသူမဟုတ်လား။ ထိုအရာကိုကိုခင်မောင်ဖွေးတယောက်မမေ့တန်ရာ။ ထိုစဉ် သခင်ဖိုးလှကြီးအားကစားကွင်းထဲမှအသံချဲ့စက်က စစ်ကိုင်းတံတားထိပ်မှ တာဝေးပြေးပွဲပြိုင်ပွဲဝင်ခဲ့ သူများပန်းဝင်ရန်နီးလာပြီဖြစ်ကြောင်း ကြေညာနေပါပြီ။ ပန်းဝင်ခါနီးအချိန်အထိ ရှေ့ဆုံးမှဦးဆောင်လာသူမှာ မည်သူမည်ဝါဖြစ်ကြောင်းလည်း သူအမှတ်တမဲ့ ကြားလိုက်မိပါသည်။ 

“ အားပါး ... မောင်ခင်မောင်ဖွေးဆိုပါလား”

သူ မင်တက်သလိုဖြစ်သွားသည်။ တကယ်ပဲ ခင်မောင်ဖွေးတယောက် ပထမနေရာမှာ ပန်းဝင်နိုင်တော့မှာလား။

သူတို့နှစ်ဦးအပြင် ဘယ်သူတဦးတယောက်မှမသိခဲ့သောအဖြစ်သနစ်တခုသည် အမှန်တရားတခုအဖြစ် အများကလက်ခံလိုက်ကြတော့မှာလား။ သူများများတွေးမနေတော့။ လွယ်အိပ်ထဲမှာ အသင့်ပါလာသည့် စာအုပ်တအုပ်ကိုထုတ်ကာ သူပေးစာနှစ်စောင်ရေးလိုက်ပါသည်။ တစောင်က အားကစားပြိုင်ပွဲကျင်းပသည့်ကော်မတီထံ။ နောက်တစောင်က အားကစားကော်မတီမှတဆင့် စက်သူဌေးသားလေးကိုခင်မောင်ဖွေးထံ။

" ကိုခင်မောင်ဖွေးရေ "

ဒီနေ့လွတ်လပ်ရေးနေ့ဗျာ။ ခင်ဗျားကို လွတ်လပ်ရေးလက်ဆောင်အဖြစ် ကျနော်ဒီစာလေးကို ပေးခဲ့ပါတယ်။ ထိုက်တန်စွာကြိုးပမ်းခဲ့သူတွေအတွက် ခင်ဗျားတို့ကျနော်တို့ သစ္စာရှိကြရအောင်။ အောင်ပွဲရလိုသူရဲ့စိတ်ဓာတ်မှာ ထိုက်တန်တဲ့ရင်းနှီးပေးဆပ်မှု ကြရမြဲပါ။ 

ခင်ဗျားတို့ကျနော်တို့ဘဝမှာ စစ်မှန်တဲ့အောင်ပွဲများနဲ့ တချိန်ချိန်မှာ ပြန်လည်ဆုံစည်းကြပါရစေ။ 

လွတ်လပ်ရေး နံနက်ခင်းတခုက
ခင်ဗျားရဲ့တင်္ဒဂမိတ်ဆွေ
++++++

Comments