''ဘဝမမေ့ သမိုင်းမမေ့တတ်တဲ့ ပစ်တိုင်းထောင်ရဲ့ အနာဂတ်''
ခင်လွန်း
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၂၊ ၂၀၂၁
အဖေ ကျောင်းသားတပ်မတော်က တော်လှန်ရေးသမားရဲ့သား ...
လူသူဝေးလှမ်းတဲ့ ဒုက္ခသည်စခန်းတနေရာမှာ လူလားမြောက်ရတဲ့သားကလေး ...
အခု နယူးဇီလန်ကိုရောက်တော့ ထူးချွန်တောက်ပတဲ့ အနာဂတ်ပိုင်ရှင်လေးဖြစ်လို့ ...
မြင့်ဆန်းအောင် (ရွှေတု) ရေ .... သားအတွက်ရော မိသားစုများအတွက်ပါမက ကိုယ့်နိုင်ငံသားများအားလုံးအတွက်ပါ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း ....
-
ကျနော် အခုတင်ထားတဲ့ Post နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူရှိရင် ဝင်ဖတ်ဖို့ အောက်မှာ Link လဲပေးထားသလို စကားလဲ နည်းနည်းထပ်ပြောချင်မိပါတယ်။
ကျနော်အပါအဝင် အကြောင်းသိသူများအားလုံးက ရွှေတု လို့ပဲ အသိများတဲ့ မောင်မြင့်ဆန်းအောင် ကိုဒီဆုရရှိဖို့ သူ စိတ်ကူးဖော်ထုတ်ရေးဆွဲခဲ့တာလေးကိုစာဖတ်သူများကိုသိစေချင်တာကြောင့်ဖြစ်ပါတယ်။
ရွှေတုဟာ ကျနော်တို့တွေနဲ့အတူ ထိုင်း-မြန်မာနယ်စပ် တောတောင်တွေကြား တည်ထားတဲ့ဒုက္ခသည်စခန်းတခုမှာ သူ့ရဲ့ကလေးဘဝအရွယ်ကို ၅ နှစ်လောက်ဖြတ်သန်းခဲ့ရပါတယ်။ ကျနော့်အထင် သူ့အသက် ၅- ၁၀ နှစ်ဝန်းကျင်ဟာ သာမန်လူနေမှုဘဝဖြတ်သန်းရမှုမျိုးနဲ့မတူတဲ့အခြေအနေအောက်မှာ နေခဲ့ရတာဖြစ်ပါတယ်။
ဒီလိုနဲ့ တတိယနိုင်ငံဖြစ်တဲ့နယူးဇီလန်ကိုရောက်လာတော့ သူစိတ်ထက်သန်ရာ ဗိသုကာပညာရပ်ကိုအမြဲပဲ ထိုးထိုးစိုက်စိုက်လေ့လာ ဆည်းပူးကြိုးပမ်းအားထုတ်နေသူဖြစ်ပါတယ်။ သူ့ဖခင်ဖြစ်သူ ရဲဘော်ကိုမြင့်အောင်နဲ့ဆုံတိုင်း သူ့သားဟာ ဗိသုကာပညာရပ်မှာ ဘယ်၍ဘယ်မျှစူးစိုက်အာရုံကျတတ်ကြောင်း ပြောပြတတ်လေ့ရှိသလို အဲဒီ့အတွက် သူ့အတန်း သူ့အဆင့်အရ အသိအမှတ်ပြုခြင်းကို အမြဲခံရလေ့ရှိကြောင်းပြောပြတတ်ပါတယ်။
ဒါကြောင့် ခုလို ၂၀၂၁ အတွက် ဒီဆုရကြောင်းအသိပေးလာတဲ့အခါ သိပ်မအံ့သြလှတော့ပေမယ့် ဘာကြောင့်ဒီဆုကိုရခဲ့သလဲဆိုတာကိုသိရတော့ သိပ်ကိုအံ့သြမင်တက် သွားမိပါတယ်။ ဘာလို့လဲဆိုတော့ သူ တင်ပြရေးဆွဲခဲ့တဲ့ Project က သူ ကလေးဘဝ ခါးသီးခက်ထန်စွာကြီးပျင်းခဲ့ရတဲ့ ဒုက္ခသည်စခန်းတခုအတွက် စဉ်းစားရေးဆွဲခဲ့လို့ဖြစ်ပါတယ်။ အမည်ပေးထားတာက " ပစ်တိုင်းထောင်" တဲ့။ အခြေအနေတွေအရ ဒုက္ခသည်ဖြစ်ကြရပေမယ့် ဘယ်သောအခါမှ အရှုံးမပေး ဦးမကျိုးဆိုတဲ့အဓိပ္ပာယ်ကို ဖော်ညွှန်းချင်တယ်ထင်ပါရဲ့။ သူကိုယ်တိုင်လဲ ပစ်တိုင်းထောင်နိုင်ခဲ့သူမဟုတ်လား။
-(ပေးထားတဲ့ Link ထဲ ဝင်ကြည့်ရင် ဒုက္ခသည်စခန်းတခုအတွက် အသေးစိတ် စဉ်းစားရေးဆွဲထားတဲ့ သူ့ရဲ့ဒီဇိုင်းတွေကို တွေ့နိုင်ပါတယ်)
Winner Myint San Aung 's Project Design
ပြောရရင် ဘဝမမေ့တဲ့ လူငယ်လေးတဦး ... သမိုင်းမမေ့တဲ့ လူငယ်လေးတဦးအဖြစ်မြင်ကြရမှာပါ။
နေ့စဉ်နဲ့အမျှ တိုင်းပြည်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာပုန်းရွာရှောင်တွေအတောမသတ် မရပ်နားသေးသလို မြင့်ဆန်းအောင် လူမမယ်ကလေးဘဝမှာ နေခဲ့ရတဲ့ ဒုက္ခသည်စခန်းဆိုတာမျိုးတွေကလဲ ဘယ်လိုများပျောက်ပြယ်ပြီးဆုံးသွားနိုင်တော့မလဲအတွေးမဆုံးနိုင်အောင်ပါပဲ။
ဒီလိုနဲ့ကိုယ်တွေကအတွေးမဆုံးနိုင်ခင်မှာပဲ မြင့်ဆန်းအောင်(ခ) ရွှေတုကတော့ စစ်ဘေးစစ်ဒဏ်ကြောင့် သူငယ်ငယ်တုန်းကလိုပဲ ဒုက္ခသည်စခန်းမှာခိုလှုံဖို့ရောက်လာကြမယ့်သူတွေ၊ ရှိနေကြတဲ့သူတွေအတွက် စာနာထောက်ချင့်ပြီး ဒုက္ခသည်တွေ ပုံမှန်လူနေမှုဘဝတွေနည်းတူနေထိုင် ရှင်သန်ခွင့်ရအောင် သူစိတ်ကူးနဲ့အဖက်ဖက်ကအသေးစိတ်တွေးပြီး ဒီဇိုင်းလုပ်တင်ပြခဲ့တာကြောင့် နယူးဇီလန်နိုင်ငံရဲ့ဗိသုကာအဖွဲ့ကြီးက နိုင်ငံတဝန်းကျောင်းသားထုများအကြားမှာ သူ့ကိုဆုပေးဖို့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
အဖေက စစ်အာဏာရှင်တော်လှန်ရေးသမား၊ သားက လူသားတိုင်း ဘယ်နေရာ ဘယ်ဘဝ ဘယ်အခြေအနေအောက်ရောက်နေပါစေ ... လူသားတို့ရဲ့အခြေခံရပိုင်ခွင့်တွေ မဆုံးရှုံးရအောင် ကာကွယ်တည်ဆောက် ရပ်တည်ပေးလိုသူ....
ကျနော်တော့ အင်မတန်ဂုဏ်ယူနေမိတာပါပဲ။ ရွှေတုရေ ... မြင့်ဆန်းအောင်ရေ ... ပစ်တိုင်းထောင်လေးရေ .. ဘဝမမေ့ သမိုင်းမမေ့တတ်သူတွေအတွက် ထိုက်တန်တဲ့အောင်မြင်မှုတွေက အနာဂတ်တခင်းလုံးအပြည့်နဲ့ ကြိုဆိုလျက်ပါကွာ
https://www.nzia.co.nz/.../2021.../winner-myint-san-aung
Comments
Post a Comment