အောက်တိုဘာ ၃၊ ၂၀၂၁
'' ကိုင်းကူး ကိုင်းဆက် အလွမ်း ''
မိုးမြင့်ယံ
လွမ်းဆွတ်မှု တခုအား အဘယ်ကဲ့သို့သော အမည် တပ်ရပါနည်း မသိနိုင် ။
သေချာတာကတော့ အလွမ်းသည် အလွမ်းပင် ဖြစ်နေတတ်ပြန်သည် ။
ထိုအခါ ကျွန်တော့်ထံပါး၌ ရှိနေသော စာရေးဆရာ ကျော်ကျော် ( မြရည်စမ်း ) ရေးသားထားသော ရထားကြိုးတန်းပေါ်က လွမ်းတဲ့နေ့တွေ ဆိုတဲ့ စာအုပ်လေးထဲက မိုးသုံးဆယ် အလွန်မှ ၈၃၅ / ၂၃ လမ်းသည် ကျွန်တော့် စိတ်အား လွှမ်းမိုးထားလေသည် ။
စာရေးသူ ရဲ့ ငယ်ဘဝအလွမ်းများသည် ကျွန်တော့် စိတ်အား ဆွတ်ချူနေသကဲ့သို့ပင် လွမ်းမောမိနေပြန်သည် ။
စာရေးသူ ကျောင်းတက်ခဲ့ရာ ပျော်မောခဲ့ဘူးရာ ရပ်ဝန်းလေးတစ်ခု၌ စာရေးသူ ဖေဖေ့ ရဲ့ လက်ရေးမူ စာလေးများ ၊ စာရေးသူကို ချစ်သော အဒေါ်နှင့်အစ်မ တဝမ်းကွဲများ ။
လှစ်ခနဲလှစ်ခနဲ လှပ်ပြလိုက်သော စာရေးသူရဲ့ အလွမ်းများသည် ကျွန်တော်၏ ဟာဒယသို့ ရိုက်ခတ်လာသော စကားလုံးများပင်ဖြစ်နေပြန်သည် ။
မြို့ပြရဲ့ ငွေကြေး ကမောက်ကမ ဖြစ်မှု ကုန်စျေးနှုန်းကြီးရင့်မှု့တို့အား စာရေးသူသည် စိတ်ရဲ့ နှလုံးသားနဲ့ ခံစားတတ်ခဲ့ပေသည်ပဲလေ ။
အုပ်စိုးသူ အစိုးရကို ဆန့်ကျင်သော ဆန္ဒပြပွဲများကို စာရေးသူရဲ့ ငယ်နုသော နှလုံးသား၌ အမှတ်တရ ရွံ့မုန်းနေမည် ဆိုတာကိုတော့ ကျွန်တော်သည် ယုံကြည်နေမိပြန်သည် ။
မာရှယ်လော စစ် ဥပဒေကို နာကျင်ခံခက် တင်စားမိသော စာပိုဒ်လေးပင် ရင်၌ စွဲထင်ကျန်ရစ်နေမိပြန်သည်လေ ။
`` မင်း ရည်းစားနဲ့ လမ်းတွဲလျှောက်လာတာကို မျက်မုန်းကျိုးရင်တောင် ဆံပင်လေးကွက်ကြား ရိတ်ပစ်လို့ ရတဲ့ ဥပဒေမျိုးပေါ့ကွာ ´´ တဲ့
အမှောင်ကမ္ဘာ ရဲ့ တစ်ဖက်က လူငယ်တွေရဲ့ ရီမောသံသည် ပိုမို ကျယ်လောင်လာခဲ့ရပေသည် ။
လင်းပွင့်မှုအတွက် ဂီတာတလက် ကလောင်တံ တချောင်းကိုင်ရင်း ခေတ်ဆိုးကြီးရဲ့ စီးနင်းခံ သားကောင်များ ဖြစ်ခဲ့ရရှာသော လူငယ်တွေသည် ရဲရင့်အလံတို့အား ကိုယ်စီ လွင့်ထူခဲ့ကြပေသည်ပဲ ။
၈ လေးလုံး အရေးတော်ပုံကြီးသည် စာရေးသူကို စာရေးဖို့များ တွန်းအားပေးခဲ့လေသလား ။
သြဂုတ်လ ရဲ့ နေ့ရက်တိို့တွင် တပ်မ ၂၂ ရဲ့ ပစ်ခတ်ရက်စက်မှုများသည် စာရေးသူရဲ့ ရင်နှလုံးကို ထိခိုက်စေလိမ့်ဆိုတာကိုတော့ ကျွန်တော် သည် လှမ်းမကြည့်ပဲ မြင်နေမိသည်လေ ။
ထိုအတူပင် ယခုကာလကဲ့သို့ ကျောင်းတို့သည် ရက်ရှည်ပိတ်ခဲ့ရပြန်သောအခါ စာရေးသူသည် သူ ရဲ့ ဇာတိမြို့လေးကို လွမ်းဆွတ်သတိရစွာ ပြန်ချင်နေမည်မှာ မလွဲပါ ။
ဇာတိမြေကို လွမ်းဆွတ် သတိရမိတိုင်း စာရေးသူနေထိုင်ရာ အဒေါ်၏ခြံဝန်းထဲမှာရှိသော မြက်ပင်ရိုင်းတို့သည် စာရေးသူ ရဲ့ ဓားချက်တွေအောက် ပိပြားဦးညွှတ်ခဲ့ရခြင်း၌ စာရေးသူရဲ့ အငုံစိတ်မှာဖြစ်ပေါ် လာသော အဇ္စျတ္တပင် ဖြစ်မည် ထင်ပါသည် ။
ထိုအချိန်ကာလ စာရေးသူဖြစ်ပေါ်ခဲ့ သော စိတ်အစဉ်မျိုးပင် ယခုအချိန်၌ ကျွန်တော်လည်း ဖြစ်ပေါ်နေမိပြန်သည် ။
စာရေးသူ ခုတ်ခဲ့သော မြက်ရိုင်းပင်တွေကဲ့ သို့ပင် ကျွန်တော့် စိတ်ရဲ့ ဓားနှင့် ခုတ်ခဲ့ သော မြက်ရိုင်းပင်တွေသည်လည်း အတုံးအရုံး လဲကျသေဆုံးခဲ့ပြန်သည်ဟု အာရုံမှာထင်မိပြန်သည် ။
လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်က ကြွေးကြော်သံတို့နှင်အတူ သံပုံးတီးသံများသည် ယခုပစ္စက္ခကာလ နှင့် အတော်ပင် တိုက်ဆိုင်လွန်းစွာ တူနေခဲ့ပြန်သည်လေ။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က သွေးစွန်းသော နေ့ရက်များသည်ပင် ၂၀၂၁ မှာ ပြန်လည်ဝင်စားခဲ့လေသည်လား မသိနိင်ပြန်ပါ ။
ကြီးမြင့်လာသော ကုန်စျေးနှုန်းတို့ နှင့်အတူကျ ဆင်းလာသော ငွေကြေးတန်ဖိုးတို့သည် ခေတ်နှစ်ခေတ်ရဲ့ ရုပ်ပုံလွှာအား ထပ်တူကျနေစေပြန်သည်လေ ။
စာရေးသူရဲ့ နှလုံးသားသည် အာဏာရှင် လက်သရမ်းကြီးဖြင့် မွှေနှောက်လိုက်သော ကြောင့် ထိုအချိန်က ကြည်လင်နေမှုမှန်သမျှ ပျောက်ဆုံးခဲ့ရသလို အကာလ နေ့ရက်များဖြစ်ခဲ့ရပေမည် ထင်သည် ။
ထို့အတူ စာရေးသူကဲ့သို့ပင် ကျွန်တော်တို့ ယနေ့ဖြတ်သန်းနေရသော ၂၀၂၁ ၏ နေ့ရက်များသည် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော် ကာလကဲ့သို့သာ အန္ဓမိစ္ဆာ လူတစုကြောင့် မှောင်မိုက်ခဲ့ရပြန်လေသည် ။
စာရေးသူ နိဂုံးချုပ်၌ မြင်တွေ့လိုက်ရသော မြင်ကွင်းမျိုးကဲ့သို့ ရေကြည်ကြည်ထဲ၌ လှလှပပ ကူးခပ်နေသော ငါးလေးတကောင်အား ကျွန်တော်သည် မြင်တွေ့ခွင့် ရချင်နေမိပြန်ပါသည်လေ ။
'' ဆရာကျော်ကျော်မြရည်စမ်းရဲ့ မိုးသုံးဆယ်အလွန်မှ ၈၃၅ / ၂၃ လမ်း အက်ဆေးလေးကို ချဉ်းကပ်ခံစားခြင်း ''
ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
1 . Oct . 2021
Comments
Post a Comment