သစ်ခက်သံလွင်ကဗျာ - မောင်ထိုက်အောင် '' အမှောင်ခေတ်မှ ချစ်စရာနေ့ရက်များ '' ၊ အုပ်မိုး " စစ်ကြီးအစစ်ပြီးရင် "
အောက်တိုဘာ ၂၀၊ ၂၀၂၁
'' အမှောင်ခေတ်မှ ချစ်စရာနေ့ရက်များ ''
မောင်ထိုက်အောင်
ချစ်စရာ နေ့တွေပါလား
ဖြစ်သလိုပေါင်းသင်းခဲ့တဲ့ အသက်နဲ့ခန္ဓာကို
နှစ်နှစ်ကာကာ
ပြန် ချစ်နေရပေါ့။
ငါ မရှိလို့ ဘာမှမဖြစ်ပေမယ့်
ငါ မရှိရင် ကျန်ရစ်မယ့်အရာတွေထဲမှာ
အသက်ရှင်ဖူးတာတခုကလွဲလို့
ဘာတခုမှ မည်မည်ရရမရှိတာကို
ငါ တွေ့ရှိခဲ့
ရှင်သန်ဖို့လိုကြောင်း သေချာခဲ့ပြီ။
နေ့တွေ ထူထပ်လှ
ညှို့မှိုင်း ထုံထိုင်း လှိုင်းလေထန်မှုနဲ့ တုန်လှုပ်ဘွယ်များ
အပြီးမသတ်ရသေးတဲ့အိပ်မက်များ
မက်ခွင့် မ ရသေးတဲ့အနာဂတ်များ
မျက်စိကိုဖွင့် နားကိုစွင့်
သေခြင်းက ရှုရှိုက်ရမယ့်လေမှာရှိတယ်
သေခြင်းက စစ်တလင်းကနှင်းတွေမှာရှိတယ်
သေခြင်းက ယုံကြည်ရသူတွေရဲ့လျှာဖျားမှာရှိတယ်
ဖွင့်ထားတဲ့တံခါးတွေဟာလည်း လှည့်ဖျားမှုဖြစ်နိုင်တယ်
မဟုတ်ပါလား
သေခြင်းနဲ့ ခြောက်လှန်ခံရတယ်ဆိုတာ
ငါတို့ရှင်သန်ခြင်းဟာ
အင်မတန်မှနက်ရှိုင်းလှတယ်ဆိုတဲ့သဘောပါပဲ
ငါတို့
ရှင်သန်ဖို့လိုကြောင်း သေချာခဲ့ပြီ။
ပျိုဖော်ဝင်စ ကျေးလက်တောသူမလေးဟာ
ရာသီပေါ် ပန်းတွေကို
မမေ့လျော့ တမြတ်တနိုး တဝံ့တကြွားနဲ့ပန်ဆင်သလို
အသိတရားနဲ့ သတိတရားကို
ငါ ပန်ဆင်တတ်ခဲ့ပြီ
ချစ်စရာ နေ့တွေပါလား။
ရန်သူရဲ့ဓားများထက်
ချစ်သူတို့ရဲ့စကားတွေဟာ ပိုမိုအန္တရာယ်ကြီးမားကြောင်း
သင်ကြားတတ်မြောက်ခဲ့
ကုန်းကောက်စရာမရှိအောင် နုံချာတဲ့နေ့တွေမှာတောင်
ဂုဏ်သိက္ခာကို တွေ့ရှိနေသေးတာကတော့
ချစ်ဖို့ကောင်းလွန်းပါရဲ့။
ရွက်ကို လွှင့်ထူခဲ့ပြီးပြီ
အနာဂတ်ကိုလည်း သတ်မှတ်ခဲ့ပြီးပြီ
ပဲ့တွေကို နှလုံးသားများနဲ့ထိန်းကြောင်းသွားဖို့တခုသာ
ငါတို့ လုပ်ရချေလိမ့်။
အဆုံးမရှိတဲ့ချောက်ကမ်းပါးဟာ
ငါတို့ဖနောင့်ကို နမ်းလုနီးပါ…..
တရက် ကို ဖြုန်းတီးပစ်မလား
သည်လိုမဟုတ် တရက်ပိုနီးဖို့
ရှေ့သို့ ချီတက်ကြမှာလား
ရန်သူတသောင်းအားမျှသော ‘မိတ်ဆွေတဦး’များကို
အမှတ်တထင် တွေ့ရှိခဲ့ရ။
အို မိတ်ဆွေ
ခေတ်ကြီး ယိုယွင်းပျက်စီးနေတာ မဟုတ်ဘူး
ခေတ်တခုကို ရှာဖွေဖို့လိုကြောင်းကိုမောင်းခတ်ပြတာ
ဖြစ်ရဲ့
ချစ်စရာ နေ့တွေချည်းပါ။
မျက်စိကိုဖွင့် နားကိုစွင့်
တေးသွားတပုဒ်ဟာ စိတ်ဝိဉာည်တွေကြားမှာ
ညင်သာစွာ ဖြတ်လျှောက်နေတယ်
အဲသည်သီချင်း နိုင်ငံတော်သီချင်း
သည်အရေးမှာ ငါတို့ကိုကောင်းချီးပေးဖို့
သေဆုံးပြီး ဖုန်မှုန်ဖြစ်ခဲ့တဲ့
ဘိုးဘေးဘီဘင်များ ဟစ်ကြွေးနေသောသီချင်း
ကြား ပါရဲ့လား။
အို …ချစ်စရာနေ့တွေချည်းပါ
သူတို့ကိုချစ်ကြောင်းပြဖို့ မျိုးဆက်ကိုချစ်ကြောင်းပြဖို့
ကမ္ဘာကြီးကို ချစ်ကြောင်းပြဖို့
သည်အသက် သည်ခန္ဓာကို
ခံတပ်လုပ်ပြီး ရှင်သန်တတ်ခဲ့ပြီ
ပစ်ရက်စရာမရှိအောင်
သည်နေ့တွေဟာ ချစ်ဖို့ကောင်းလှတယ်။
...
" စစ်ကြီးအစစ်ပြီးရင် "
အုပ်မိုး
စစ်ကြီးပြီးရင်
ပုတီးလည်းပြီးပြီ။
စစ်ကြီးပြီးရင်
မန်းကျည်းပင်အရိပ်ကတန်းလျားလေးဆီပြန်
နေကွယ်ရာအရပ်မှာခေါင်းချမယ်။
ရွာထိပ်ကဖွတ်ထွက်သွားတဲ့တောင်ပို့မှာ
စေတီတဆူတည်၊ထီးတင်ရွှေချမယ်။
စစ်ကြီးပြီးရင်
နှုတ်ခမ်းကိုလျှာနဲ့သပ်မယ်။
ထောင်ထားတဲ့သုတ်ကိုင်းတွေလိုက်ဖြုတ်မယ်။
စစ်အတွင်းပြေးခဲ့ရတဲ့မျက်နှာညောင်းကျတွေ
ခါးထိုးစိုက်ထားတဲ့အတက်မထွက်သောအပင်မှာ
သက်ရှိထင်ရှားကျန်များကျန်ပါဦးမလား။
စစ်ကြီးပြီးရင်
ဘောပင်ကမှင်ကိုရောက်ရာအရပ်မှာရပ်ထားမယ်။
စွယ်တော်ရွက်လေးညှပ်ထားတဲ့စာမျက်နှာမှာ
ရည်စားဦးကငယ်မူငယ်သွေးကြွမယ်မထင်တော့ဘူး။
နေ့စေ့လစေ့မျက်နှာတွေမေတ္တာသက်စေ့ပို့မယ်။
စစ်ကြီးပြီးရင်တက်တူးက
ပြတိုက်ကနေအရေပြားဆီပြန်လာမယ်။
စစ်ကြီးပြီးရင်
ဒိုင်နမိုက်တွေကိုယ်တခြမ်းသေပြီ။
ကျည်ခွံတွေခေါင်းလောင်းပြုလုပ်ပြီး
ဗုံးခိုကျင်းတွေမှာစာသင်ကျောင်းဆောက်မယ်။
မြန်မြန်ပြောရတဲ့မက်ဆေ့နဲ့ပို့သလျက်စကားတွေ
နားနားနေနေ နေပါစေတော့။
စစ်ကြီးပြီးရင်
အမိန့်ကိုလျှာခြစ်တံနဲ့ခြစ်မယ်။
ပွဲတော်တွေဆီ
တရုတ်လုပ်ဗျောက်တွေတင်သွင်းခွင့်ပိတ်
ပူဖောင်းတောင်လေတင်းအောင်မမှုတ်တော့ဘူး။
အကြောက်တရားသင်ရိုးတွေ
ပခုံးပေါ်ကဆွဲဖြုတ်မယ်။
စစ်ကြီးပြီးရင်
ကတိကဝတ်နဲ့စာချွန်လွှာတွေတခါသုံးတောင်မထုတ်ဘူး။
ဦးဆွေးဆံမြည့်ကိုဘယ်ဘက်ခွဲခွဲ
အားလုံးဟာသူရဲကောင်း၊မဟာသီဟသူရပဲ။
ဒုက္ခိတကိုရွာရိုးကိုးပေါက်လိုက်ရောင်းဖို့မလို
တရောင်တည်းဖာထေးဝတ်စရာမလို
ကျွန်တော့်မေးလည်းတကျပ်ဆို
ခင်ဗျားမေးလည်းတကျပ်ပဲ။
မေးရိုးတွေထမင်းရည်ပူလျှာလွှဲစရာမလိုတော့ဘူး။
စစ်ကြီးပြီးရင်
မိသားစုတွေပြန်ရေတွက်ရမယ်။
မိသားစုတွေပြန်ရီလာရမယ်။
မိသားစုတွေကိုယ့်အိမ်ကိုယ့်ရွာလို့စာတန်းထိုးမယ်။
မိသားစုတွေထင်းခွေရေခပ်ကြုံမယ်။
မိသားစုတွေဒေါင်းလန်းကြီးအလယ်ပေါ့ဟုတ်စ။
စစ်ကြီးပြီးရင်
ဂျီသရီးသမိုင်းပြခန်းကို
ဒိဋ္ဌဓမ္မတည်ဆောက်မယ်။
စတင်စမ်းသပ်တဲ့နေ့ကို
ထည့်သွင်းရေးသားသင်္ဂြိုလ်မယ်။
စစ်ကြီးပြီးရင်
အစီအမံတွေလည်းသေပြီ။
မန္တာန်တွေလည်းသေပြီ။
အဆောင်ဟာလက်မောင်းချည်ထားဖို့မလိုတဲ့
မေတ္တာငြိမ်းချမ်းရေးဘဲ။
စစ်ကြီးပြီးရင်
ဤအချက်ကိုထည့်သွင်းမရေးသားဘူး။
ဤမှထိုမှမသွားဘူး။
ဤကိစ္စဟာ
ဤသည်မလွဲခဲ့ဘူး။
စစ်ကြီးအစစ်ပြီးခဲ့ရင်တောင်
ပေါ်လေ့ပေါ်ထရှိတဲ့အရာတွေ
သွေးလေမှန်နိုင်ကောင်းပါရဲ့။ ။
Thanks!
ReplyDelete