သစ်ခက်သံလွင်ကဗျာ - ဆလိုင်းဇုန်၊ ရိုးခက်၊ ဇင်နှင်းသစ် (ရွှေတောင်မြေ)

Image- Crd

သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၁၅၊ ၂၀၂၁

'' ချင်း  ''
ဆလိုင်းဇုန်

ချင်းလို့ ရိုက်ထည့်လိုက်တယ်
လူမျိုးများစွာ ကျလာတယ်
အဲ့ဒါ ချင်းတွေ . . . ချင်းတွေပဲ
ဒီလို ချင်းတွေအကြောင်းကဗျာထဲမှာ ထည့်ရေးလိုက်ဖို့ သိပ်ဝန်လေးမိ
ငါက ချင်း စစ် စစ် ကြီးကိုး . .  . 

အခုတလော သတင်းတွေပဲ စောင့်ကြည့်နေရတယ်
တော်လှန်ရေးဟာ အရှိန်နဲ့ အဟုန်နဲ့
စိတ်ဓာတ်နဲ့ ယုံကြည်ချက်နဲ့ . . . . 

မနေ့က
ငါ့သူငယ်ချင်းတို့တရွာလုံး အိမ်တွေ ပြာဖြစ်သွားပြန်တယ်
မကြာခဏဆိုသလို ကြားနေရတဲ့ သတင်းတွေ . . . .
ရမ်းသမ်းပစ်ခတ်သံတွေနဲ့ တမင်တကာ သတ်ပစ်ခံရတဲ့ ငါတို့အမျိုးတွေ
လက်နက်နဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေဟာ ဒုနဲ့ဒေး
လုယက်ခံနေရတဲ့ ရုပ်ဝတ္တုနဲ့ စိတ်ဝိညာဉ်တွေ . . . 

ခက်ခဲ ခေါင်ခိုက်လှပါတယ်ဆိုတဲ့ နေရာမှာ
မချမ်းသာပေသည့် ပျော်နေကြတဲ့ ငါတို့အမျိုးတွေ
အခုတော့ အသက်ကို ဖက်နဲ့ထုပ်
လူမမယ်ကလေးတွေ တောကြီးမျက်မည်းထဲ ကျောချလိုက်ကြရ 

အဆိုးကို အဆုံးသတ်ဖို့
အဆိုးတွေကို ပေးဆပ်လိုက်ကြရ 

ဒီအရေးတော်ပုံအောင်မြင်တဲ့အခါ
ပျော်တတ်တဲ့ ငါတို့အမျိုးတွေ
တ ပျော် တ ပါး 
ခွာဒိုပွဲမှာ အတူတူ က ကြမယ်လေ။။ 


၁၄၁၀၂၀၂၁
...

'' ပလပ်စတစ် အကြည်သားအောက်က ဘဝတွေ ''
ရိုးခက်

လွင့်နေတဲ့ တိမ်တွေ
မိုးရေဟာ ကမ္ဘာမြေသို့
အခိုးအငွေ့တွေ သမ်းနေ
နေရဲ့ အလင်းထဲ
အေးချမ်းတယ်ဆိုတဲ့
နှင်းပွင့်ကလေတွေ ဝေမှ
အဖြူရောင်တောက်တောက်
တောပန်းစံပယ်လေးတွေ
အဝါရောင်လွင့်နေတဲ့
တောင်နေကြာရိုင်းအပွင့်တွေ
ဒုက္ခကို မျှဝေသုံးစွဲ
ရိုးသားခြင်းဟာ
အမှည့်လွန် သစ်သီးတစ်လုံးလို
ဒီကမ္ဘာမြေထဲမှာ
ငတ်ပြတ်ဆာလောင်နေရတဲ့
ငြိမ်းချမ်းရေး
အသားငမ်းငမ်းတက်နေတဲ့
တို့ပြည်သူတွေ ဘဝက မဝရေဆာ
သာယာခြင်း
အေးချမ်းခြင်း
ကိုယ်တိုင်ထုပ်ပိုးယူနေရ
ပန်းချီကားတစ်ချပ်ဟာ
ပန်းချီကားတစ်ချပ်ဖြစ်ဖို့
စိတ်ကို စုစည်းတယ်
နှလုံးကိုသိမ်းသွင်းတယ်
ဘဝကို နှစ်ပြီးပုံဖော်တယ်
သေဆုံးခြင်း နဲ့ ရှင်သန်ခြင်း အကြား
လူမမယ်များ
သက်ကြီးရွယ်အိုများ
အိမ်ရှင်မများ 
ငတ်မွတ်ခြင်း
ဆာလောင်ခြင်း
တောင်းတမျှော်လင့်ချက်ဟာ
ပေါင်းသင်းဆက်ဆံရေး အက်ကြောင်းထဲ
ငါတို့ကမ္ဘာရဲ့ အမေ့ခံ ။ ။

13.10.2021

...

'' ကြိုးပြတ်စွန် ၂ ''
ဇင်နှင်းသစ် (ရွှေတောင်မြေ)

လမ်းမပေါ် ပွစာကျဲ
ကောက်စရာစိတ်ကပါ မွစာကျဲနေတော့
တိမ်တွေ ဘယ်လောက်ကင်းစင်ပါစေ
အနေအထိုင်ဟာ တည်ငြိမ်မှု မပေးနိုင်ခဲ့။

အရှေ့ဘက်ဦးတည်လာသော ခြေထောက်
မြောက်ဘက်ကို ရွေ့သွားတဲ့အခါ
ရည်ရွယ်လမ်းဟာ ပျောက်မသွားခဲ့။

ရုပ်နာမ်တွေ ဘယ်လို ဖြစ်ဖြစ်ပျက်ပျက်
နံနက်ခင်း အုပ်ခုံဘေးက 
ရေအိုင်လေးနဲ့ မျက်နှာသစ်လိုက်ရရင် 
တနေကုန် အလှမပျက်တော့ဘူးတဲ့။

ရုပ်နာမ်တွေ ဘယ်လိုပဲ ဖြစ်ပျက်ကြပါစေ
အိပ်ရာခင်းလေး ပခုံးပေါ်ထမ်း
သီချင်း တကြော်ကြော်ဟစ်အော်ပြရင်း
မရောက်မချင်း ရောက်အောင်သွားမယ်တဲ့။

လာချင်ရင် အနီးလေး တေးသွားမှာ
ပန်းတွေပွင့်သမျှ အကုန်ပန်မယ်
တိမ်တွေကို လမ်းဘေးရေ ခပ်တိုက်ရင်
မိုးပြန်ရွာချပေးလို့ မုန်းတယ်တဲ့။

              
၁၄.၁၀.၁၇
ညနေ ၆း၂၅

Comments