သစ်ခက်သံလွင်ကဗျာ - ကိုချို "ကြယ်ကြွေနွေဦး"၊ နန်းမိုမို " တူညီဝတ်စုံ "

သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၃၊ ၂၀၂၁

"ကြယ်ကြွေနွေဦး"
ကိုချို

ရင်ကို
ထုဆစ်ဖို့
စကားလုံးတွေ ငိုတယ်၊
ရှေ့ဆင့်နောက်ဆင့်
တချို့ တစ်နေ့တည်း
တချို့ တစ်ပတ်တည်း
(အကြောင်းအမျိုးမျိုးနဲ့..)
တသည်းသည်း ခွဲသွားကြ 

အဲ့လိုနဲ့..
ရက်လည်
လပြည့်
ရေစက်ချ အမျှဝေ
သွားနှင့်သူတွေ..
ကျဆုံးသွားသူတွေ..၊
နည်းသေးလား
များသွားပြီလား
ကြယ်စင်နဲ့ စ
ခင်ခင်ကြွယ်နဲ့ အဆုံးသတ်ပါစေ၊

သူရဲကောင်းဗိမာန်
လွမ်းသူ့ ပန်းခွေ
သွေးမြေ..
သွေးပြေ..
ကမ္ဘာကြေတောင်
ငါတို့ မကြေ။     ။

၂.၁၀.၂၀၂၁
၀၄:၄၆ နာရီ

...

" တူညီဝတ်စုံ "
နန်းမိုမို

ရောက်ရှိခြင်းတွေမတူကြဘူး
တချို့က ကောင်းကင်ကို
ငှက်အဖြစ်နဲ့
တချို့က မြေကြီးကို
အပင်အဖြစ်နဲ့
တချို့က လေထဲကို
စွန်အဖြစ်နဲ့......

ရပ်ဆိုင်းခြင်းတွေ မတူကြဘူး
တချို့က တော်လှန်ရင်းနဲ့
တချို့က ရုန်းကန်ရင်းနဲ့
တချို့က ရှာဖွေရင်းနဲ့....

တရားထူးရမသွားကြတာခြင်းလည်းအတူတူပါပဲ....
နောက်ဘုရားကို ဖူးလိုကြတာခြင်းလည်းအတူတူပါပဲ....
အကြောက်တရားကိုပယ်ထုတ်နေကြတာခြင်းလည်းအတူတူပါပဲ.....

တိုက်ပွဲဟာ တိုက်ပွဲပဲ
ကံနဲ့သတ္တိကိုအမြဲသွေးတိုးစမ်းတယ်
ဘယ်တိုက်ပွဲဖြစ်ဖြစ် တိုက်ရင်းနဲ့သေတာဂုဏ်ရှိတယ်.....
လက်သုံးချောင်းထောင်တာလည်း
တိုက်တာပဲ...
ရန်သူကသေစေချင်နေလို့
မသေအောင်
ကြက်သွန်နီဝါးပြီး ရေနွေးငွေ့ရှူတာလည်း တိုက်တာပဲ.....

ကိုယ့်မလုံလောက်ဘူးလို့ထင်တဲ့
အရာမှန်သမျှကြည်ကြည်ဖြူဖြူနဲ့
ပေးထွက်သွားလိုက်တယ်
ပျံသန်းမလား
ဆန်တက်မလား
ရှင်သန်မလား...

ရွေးချယ်ကြည့်ကြမယ်
ဘယ်တိုက်ပွဲဖြစ်ဖြစ်တိုက်ရင်းနဲ့သေတာဂုဏ်ရှိတယ်...........။ ။

Comments