သစ်ခက်သံလွင်အက်ဆေး - ငဇ " အိပ်မရတဲ့ ည လူကြမ်းလည်ပြန် "

သစ်ခက်သံလွင်အက်ဆေး
အောက်တိုဘာ ၂၊ ၂၀၂၁

" အိပ်မရတဲ့ ည လူကြမ်းလည်ပြန် "
ငဇ

ကဗျာတပုဒ်ရေးလိုက်တာက မြန်ကောင်း မြန်နိုင်ပါတယ်။
ဒါပေမယ့် အဲဒီကဗျာကိုရေးဖြစ်ဖို့ ကုန်လွန်ခဲ့တဲ့ .. ထူးခြားတဲ့ အကြောင်းအရာတခု အမှတ်ထင်ထင်ဖြစ်မှုတခု ဒါမှမဟုတ်ရင်လည်း သိပ်အရေးကြီးတဲ့ အဖြစ် အပျက်တခုမဟုတ်ပေမယ့် .. ထူးခြားစွာ အမှတ်ရမှုတခုကိုဖြစ်စေတဲ့ အတိတ်နေ့စွဲထဲက အခိုက်အတန့်ကြုံဆုံမှုတခုက ကဗျာရေးသူရဲ့ စိတ်ထဲမှာ ငုပ်နေခဲ့မှာပေါ့ ...။
အဲဒီလို ရှေ့ဆက်ရင်းက လက်ရှိဖြတ်သန်းနေရတဲ့ ပစ္စက္ခခေတ်ထဲမှာ အတိတ်ကငုပ်နေတဲ့ ကြုံဆုံမှုထဲက ဇာတ်ကောင်လူပုဂ္ဂိုလ်ကိုတနေရာမှာ ပြန်လည် တွေ့သိရတဲ့အခါ အတိတ်က အမှတ်ရမှုက ပြန်ပြီးနိုးလာတဲ့အခါကျမှ ကဗျာတပုဒ်အဖြစ် အချိန်ခဏလေးတထိုင်တည်းဆိုပါစို့ ရေးသားမိသွားတတ်တာမျိုး ကဗျာရေးသူတိုင်း ကြုံဖူးကြမှာပါ။

ကျနော်ရေးသားခဲ့တဲ့ "လူကြမ်း" ကဗျာအကြောင်း ပြောချင်တာပါ။
ဒီကဗျာက ၂၀၁၉ ခုနှစ်ထဲမှာ ရေးသားခဲ့တာပါ။
၂၀၁၉ ဖေဖော်ဝါရီ လဆန်း ၄ ရက် စံတော်ချိန်သတင်းစာမှာပုံနှိပ်ဖော်ပြခဲ့ပါတယ်။

တကယ်က ဒီကဗျာလေးက ဘောင်ကျဉ်းပါတယ်။
ရုပ်ရှင်လောကက လူကြမ်းတယောက်နေရာက ပူးကပ်ပြီး ဒီကဗျာကို ကျနော်ရေးဖြစ်ခဲ့တာပါ။ ဒီကဗျာ မရေးဖြစ်ခင်ကာလကို မမှတ်မိတော့ပေမယ့် ခန့်မှန်းခြေ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်းလောက်ကဖြစ်မယ် ထင်ပါတယ်၊ သိပ်တော့ မသေချာပါဘူး။

အဲဒီကာလက ကျနော်ဟာ မကြာခဏ မြို့ထဲ ပန်းဆိုးတန်းဝန်းကျင်ကို ရောက်ဖြစ်ခဲ့ပါတယ်။
ဘယ်နေရာပဲရောက်ရောက် အချိန်လည်းမရွေး နေရာလည်းမရွေး အရက်ကို စိတ်ပါလာရင်ပါသလို (အများကြီးတော့မဟုတ်) သောက်တတ်တဲ့ အကျင့် အဲဒီကာလအပိုင်းအခြားမှာ ရှိခဲ့တော့ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းက နှစ်သက်ရာလေးတွေဝယ်ပြီးရင် သွင် ရုပ်ရှင်ရုံ (အဲဒီတုန်းက ရုပ်ရှင်လည်း မကြာခဏ ဝင်ကြည့်ဖြစ်၊ "ရှေ့ဆုံးတန်း ၂၀၀ ကျပ်ခေတ်" အမြဲတမ်းဈေးအပေါဆုံး ရှေ့ဆုံးတန်းကပဲ ကြည့်ဖြစ်တာလည်း အမှတ်ရမိပါတယ်) နောက်ကျောက စားသောက်ဆိုင်တဆိုင် (ဆိုင်နာမည်မမှတ်မိ)မှာ တခါတရံ ဝင်ထိုင်တတ်ပါတယ်။ အခုတော့ မသောက်တာ ၈ နှစ် ၉ နှစ်လောက် ရှိပါပြီ ဒါက စကားချပ်ပေါ့။

အဲဒီ စားသောက်ဆိုင်ထဲမှာ အမြဲ ကြုံဆုံရတာက ရုပ်ရှင်‌လောကက လူကြမ်းသရုပ်ဆောင်တွေနဲ့ (ခန္ဓာကိုယ်နဲ့ ဝမ်းစာရှာဖွေရရှာတဲ့) အမျိုးသမီး တချို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ စားပွဲဝိုင်းမှာထိုင်ပြီး သောက်တာမျိုးမဟုတ်ဘဲ နှစ်ပတ်လောက် မှာ မတ်တပ်ရပ်ပြီး သောက်၊ ထွက်သွားလိုက်-ခဏအကြာ ပြန်ဝင်လာပြီး ထပ် မှာသောက်လိုက် ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။
ဒီအမျိုးသမီးတွေနဲ့ ကျနော့်ရဲ့လူကြမ်းသရုပ်ဆောင်ကြီးတွေက တရင်းတနှီး တယောက်နဲ့တယောက် ဆဲလိုက်ဆိုလိုက် နောက်လိုက် ပြောင်လိုက်နဲ့ အတော်ပဲ ရင်းနှီးခင်မင်ကြတာကိုလည်း သတိထားမိပါတယ်။
အမျိုးသမီးတွေအကြောင်းကတော့ ဒီကဗျာနဲ့မဆိုင်ပါဘူး။

လူကြမ်းတွေထဲမှာ ကျနော့်အတွက် အမှတ်ထင်ထင် ဖြစ်မိတာက လူကြမ်းသရုပ်ဆောင် (ကို)မင်းစိန်ပဲ ဖြစ်ပါတယ်။
စကားပြောရင် ခပ်လေးလေး ပြောတတ်တယ် စားပွဲဝိုင်းမှာ (သူတို့ လူကြမ်းအချင်းချင်း ပြောဆိုနေရင် အများအားဖြင့် သူက ဦးဆောင်ပြီး ပြောနေတာ သတိထားမိတယ်။
အသားဖြူတဲ့ ယမကာသမားမို့ မျက်နှာ ပွယောင်းယောင်း နီစပ်စပ်နဲ့၊ မျက်လုံးအစုံကလည်း အရက်ခိုးတွေ အမြဲလို ဝေသီနေတယ်။ ယမကာမျက်လုံးလို့ ဆိုကြပါစို့ရဲ့ဗျာ။

သူ့မျက်နှာ ကြည့်ရင်း ကျနော် ပြေးမြင်မိတာက မုန်လာဥနီ။
နှာခေါင်းကလည်း မုန်လာဥနီ။ ဒါပေမယ့် သာမန်ရိုးရိုး မုန်လာဥနီတော့ မဟုတ်ပါဘူး။ ဝက်ခြံတွေ အထွတ် အထွတ်တွေနဲ့ အပေါက် အပေါက် တွေနဲ့မို့ ‌သွာ းကြားထိုးတံနဲ့ထိုးဆွထားတဲ့ မုန်လာဥနီအတိုင်းပါလားလို့ .. စိတ်ထဲက အလိုလိုတွေးမိခဲ့ပါတယ်၊ ကနဦး ရေးသားခဲ့မိတဲ့ စိတ်ထဲက အရေးအသားတခုလို့ ဆိုရမှာပါပဲ။
ဒါက တပိုင်း။ ဒီအတွေးစလေးဟာ ဒီကဗျာရေးသားဖြစ်ဖို့အစောပိုင်း မှတ်စွဲမှုတခု ဖြစ်ပေမယ့် ကျနော့် ရင်ထဲမှာ အမြဲလို ငုပ်နေခဲ့တယ်။ ဖြစ်တောင့်ဖြစ်ခဲ ဒီအတွေးလေး အမှတ်မထင် ပြန်ပေါ်လာလို့ ဒါလေးကို ချဲ့ထွင်ပြီး ရေးကြည့်ဖို့ ကြိုးစားကြည့်တဲ့ အခါတိုင်းလည်း မရခဲ့ပါဘူး။
ဒီလိုနဲ့ပဲ ... ကြားကာလမှာ အချိန်တရွေ့ရွေ့ ကြာမြင့်ခဲ့ရပါတယ်။

အဲဒီလို ကြုံကြိုက် တွေ့ဆုံခြင်းရဲ့ နောက်ပိုင်း ၁၀ စုနှစ်တခု ဝန်းကျင်အကြာ ၂၀၁၉ ခုနှစ်ထဲ ကျခါမှ .. ဒီကဗျာ ရေးဖြစ်စေဖို့အချိန်ကျရောက်လာတယ်လို့ ပြောရမှာပါပဲ။ 
Fb ကြည့်ရင်း မီဒီယာ ပေ့ဂျ်တခုမှာ ကျနော့်ရဲ့ လူကြမ်းကြီး (ကို)မင်းစိန်နဲ့ အင်တာဗျူးထားတဲ့ ဗွီဒီယိုသတင်းတင်ဆက်မှုတခုကို ကြည့်လိုက်ရပါတယ်။ ဒါကို ကြည့်ရင်း သူ့ဘဝရပ်တည်ဖို့ခက်ခဲနေပုံ .. ဗွီဒီယို ဈေးကွက်ပျက်လို့ ရေသန့်ဘူးရောင်းရင်း အသက်မွေး‌နေရတဲ့ သူ့အခြေအနေကို မျက်ရည်တွေနဲ့ ပြန်လည် ဖြေကြားမှုတွေကတဆင့် ကျနော် တွေ့သိခဲ့ရပါတယ်။ ရင်ထဲမှာ စာနာကြေကွဲခဲ့ရတယ်။
ကျနော့်လူကြမ်းကြီးဟာ မပြောင်းလဲတဲ့ မုန်လာဥနီမျက်နှာမုန်လာဥနီ နှာခေါင်းကြီးနဲ့ ဆိုပေမယ့် အရင်ကထက် ပိုတဲ့ ကြမ်းတမ်းတဲ့ဇရာအရေးကြောင်းများနဲ့ အရက်ဒဏ် မကျန်းမာမှုဒဏ်ချက်တွေကြောင့် (ငါ့ လူကြမ်းကြီးတော့) ကြာရှည်မနေရလောက်တော့ဘူးလို့ ကျနော့်စိတ်ထဲမှာ တိုင်းဆခဲ့မိတယ်။

ဒီအခြေအနေ ဒီပစ္စုပ္ပန်ရဲ့ ရိုက်ခတ်မှုက အတိတ်က ငုပ်နေတဲ့တွေ့ဆုံခဲ့ဖူးတဲ့ ခဏတာ အမြင်အကြားတခုဆီ ခေါ်ဆောင်သွားခံရပါတော့တယ်။
ဒီတုန်းက အတွေးထဲမှာ ဖွဲ့စပ်မိခဲ့တဲ့ "မုန်လာဥနီကို သွားကြားထိုးတံနဲ့" ဆိုတဲ့ စိတ်ထဲက အရေးအသားငယ်ကလည်း ကြွလာခဲ့ပါတယ်။
သူ (လူကြမ်းသရုပ်ဆောင် မင်းစိန်တယောက်တည်း မဟုတ်) အခြားသော လူကြမ်းသရုပ်ဆောင်တွေဟာ အပြင်လောက မြေပြင်စိတ်ထားအရ အများအား ဖြင့် သူ‌တို့တွေ ဖြူစင်ကြတယ်။ ဆင်းရဲကြတယ်။ ဖော်ရွေသဘောကောင်းကြ ပျော်ပျော်နေတတ်ကြတာတွေ၊ အမုန်းခံဇာတ်ကောင်အဖြစ် ခံယူ၊ ဘဝဝမ်းရေးအတွက် သူတို့ရုန်းကန်ကြရတာတွေကို အခြားလူကြမ်းတွေရဲ့ အင်တာဗျူးအစီအစဉ်လေးတွေကတဆင့် တွေ့သိခဲ့ရတဲ့အပိုင်းအစတွေဟာလည်း ရေးဖြစ်စေဖို့ တွန်းအားတခုဖြစ်ခဲ့ပါတယ်။

အထက်မှာရေးသားခဲ့တဲ့ အခြေအနေအကြောင်းခံလေးတွေ သံကွင်းဆက်ကြိုးလို ဆက်စပ်ဖြစ်တည်ပြီးမှ (ဆိုရရင်) ဒီကဗျာတပုဒ်ရဖို့ ၁၀ နှစ် ဝန်းကျင် အချိန်ကာလတခု ကြာမြင်ခဲ့ရတယ်။
အမုန်းခံရလေ သူတို့အနုပညာ အောင်မြင်လေ။
ခံစားရသူ ပရိသတ်ရဲ့ စိတ်နှလုံးမှာ မိမိကို မုန်းတီးအောင် ရွံ့ရှာအောင် လှည့်ဖျားနိုင်လေလေ သူတို့အနုပညာ အောင်မြင်လေပဲ။

အပြင်လောကမှာ ရိုးသားအေးချမ်းစွာနေပေမယ့် ပရိသတ်မုန်းအောင် .. သူတို့တတ်တဲ့ အနုပညာမာယာ (သို့မဟုတ်) သူတို့ ရွေးချယ်လိုက်ရတဲ့ အသက်မွေးဝမ်းကြောင်းမှု ပညာနဲ့ ရွံရှာစရာ အရွတ်တုံးကြီးဖြစ်အောင် ... သူတို့ကြိုးစားကြရတယ်။ 
ဒါကြောင့် ဝမ်းရေးအနုပညာနဲ့ နေရာကြားက သူတို့ ဘဝတွေကို ခံစားစာနာစိတ်တွေနဲ့ ဒီကဗျာလေးကို ကျနော်ရေးမိခဲ့ပါတယ်။
ဒီကဗျာကို အစ အဆုံး ဖုန်း စခရင်ပေါ်မှာ ရေးသားခဲ့တာက ခဏလေး နာရီပိုင်းသာ ကြာခဲ့ပေမယ့် ဒီကဗျာကို ရေးဖြစ်ခဲ့ဖို့ အခြေတည်ခဲ့ရာက စပြီး ရေတွက်မယ်ဆိုရင်တော့ ခန့်မှန်းခြေ ၁၀ စု‌နှစ် တခု ဝန်းကျင်လောက် ကြာမြင့်ခဲ့တယ်ဆိုတာကို ပြောပြမိခြင်းပါပဲ။
အိပ်လို့မပျော်ဘူးဗျာ၊ ညစဉ် မပျက်မကွက် ဖျားနေတာ ရက်ပေါင်း ၂၀ ကျော်ပြီ။ ဒါကြောင့် ဒါလေးကို ရေးမိပါတယ်။ အိပ်မပျော်လို့ ရေးချင်လာလို့ ရေးမိပါတယ်၊ ဒါပါပဲခင်ဗျာ ကျေးဇူးတင်ပါတယ်။

ငဇ
၁၉၊ စက်တင်ဘာ  ၂၀၂၁ 

Comments