သစ်ခက်သံလွင်ကဗျာ - နိုင်ထက်အေး " အငြင်းဝါကျများ"(Translated by Nei Htek Naing - NEGATIVE SENTENCES )၊ ရိုးခက် " တော်လှန်ရေး"

သစ်ခက်သံလွင်ကဗျာ
စက်တင်ဘာ ၂၅၊ ၂၀၂၁

" အငြင်းဝါကျများ"
နိုင်ထက်အေး

ခေါင်းဝင်ကိုယ်ဆံ့ ဆက်ဆံရေး
 ငါ မကျွမ်းကျင်ဘူး။

မျှော်လင့်စောင့်စားရမယ့်သီချင်း
ငါ ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူး။

ဖရိုဖရဲစီးမျောမှုတွေထဲ
ငါ မပျော်ဝင်တတ်ဘူး။

စကားလုံးတိုင်းအပေါ်မှာ
ငါ အစဉ်သဖြင့် မကြေကွဲချင်ဘူး။

ချောက်ကမ်းပါးစွန်းကတွန်းချမယ့်
မာယာများတဲ့ကဗျာ
ငါ ...မဖတ်ချင်ဘူး။ ။

စက်တင်ဘာ ၂၄၊ ၂၀၂၁

-

NEGATIVE SENTENCES 
--------‐‐----------------------------
I am not good at 
appropriate social relations .
I have yet never listened  to 
the song  I have been longing for  .
 I don't dissolve 
in the chaotic  friendship .
I always don't want to feel gloomy
for every word .
I don't want to read 
the poem full of delusion that will push you down the cliff .

Naing Htek Aei
Translated by Nei Htek Naing 
Morning 
Sep 24 , 2021

-

" တော်လှန်ရေး"
ရိုးခက်

သွေးမြေ ကျ‌နေတာတွေ
ထိုင်ငေးနေဖို့ မလုံလောက်သေးဘူး
ငါတို့မပါရင်မပြီးဘူးဆိုတဲ့စိတ်
အချိန်နဲ့တပြေးညီ ကိန်းအောင်းနေတယ်
ငါတို့ရဲ့ကြယ်ဖြူလေးတွေက
လင်းလက်တောက်ပလွန်းနေပြီ
ငါတို့အသက်တွေ  ဆက်ရှင်သန်နေရမယ်
မတရာဖိနှိပ်မှုတွေ သေဆုံးပျောက်ကွယ်ဖို့
မနက်ဖြန်ဆိုတာ အရုဏ်မလင်းခင်ရဲ့ 
အဦးအစ လင်းကြက်တွန်သံဟာ 
ငါတို့အနာဂတ်ပဲ
အာဏာရှင်ကို အပြီးရိုက်ချိုးမယ်
အိမ်ရှေ့ကပိတောက်ပင်
နွေဦးရဲ့အောင်မြင်ခြင်းရနံ့
သင်းပျံ့ပျံ့မွှေးစေမယ်
လက်နက်ကိုအားကိုး ဘယ်မျိုးမစစ်သူကိုမှ
အမျိုးသားရေးစကား လာပြောခြင်းကို
ငါတို့လက်မခံနိုင်
ပြည်သူသာအမိ ပြည်သူသာ အဖ
ငါတို့ရဲ့နှလုံးသား အသည်းထဲအထိ 
တေးမှတ်ထားတယ်
ပြည်သူ့ဆန်စားပြီး
ပြည်သူကိုစော်ကား
ဘယ်အာဏာရူးကိုမှ နေရာမရစေရ
ငါတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်း
အရေးတော်ပုံ မုချအောင်မည်။ ။


18.9.2021

Comments