သစ်ခက်သံလွင်အက်ဆေး - သုထက်စျာန် "မကြွေတဲ့.....ကြယ်"

သစ်ခက်သံလွင်အက်ဆေး
စက်တင်ဘာ ၁၇၊ ၂၀၂၁
"မကြွေတဲ့.....ကြယ်"
သုထက်စျာန်

အိပ်မောကျနေတဲ့ ညဟာ ကြယ်ကြွေတာကို မြင်ဖူးခဲ့မှာမဟုတ်ဘူး။ ကြယ်လေးတွေကြွေတာနဲ့တိုက်ဆိုင်တဲ့အခါ ကျွန်တော် ရှာဖွေကြည့်ခဲ့ဖူးတယ်။ ပြုံးနေတဲ့ လရောင်ဟာကျွန်တော်ကို နှစ်သိမ့်နေသလား။ ကျွန်တော်လည်း မသိဘူး။ စိတ်ကူးတွေယဉ်ကြည့်ဖူးပါတယ်။ ဒီလိုပေါ့။ ကြယ်ကြွေလေးကောက်ရရင်ဆိုတာမျိုး။ ကျွန်တော့်လိုပဲ အခြားသူတွေလည်း စိတ်ကူးယဉ်ခဲ့ဖူးလိမ့်မယ်။
       ကြယ်လေးတွေကို ပိုင်ဆိုင်ချင်တဲ့စိတ်လေး ကျွန်တော့်မှာရှိတယ်။ ဒါဟာ အတ္တလား၊ မြတ်နိုးမှုလား။ ကျွန်တော် မသိဘူး။ ကျွန်တော်သိတာက ကြယ်လေးတွေကို အပိုင်ရချင်တာပဲ။ လူဆိုတာ အတ္တအကြီးမားဆုံးသတ္တဝါလို့ ကြားဖူးတယ်။ ကြယ်လေးတွေပိုင်ဆိုင်ဖို့ ညတွေကို တီတီတာတာချွဲခဲ့ဖူးတယ်။ကျွန်တော်က ညတွေကို မနှစ်သက်ဘူး။ မနှစ်သက်ဘူးဆိုတာထက် အမှောင်ကိုကြောက်ရွံ့တယ်ဆို ပိုမှန်လိမ့်မယ်။ ဒါပေမယ့် ကြယ်လေးတွေကြွေတာကို ကောက်ယူသိမ်းဆည်းဖို့ ကျွန်တော် ညတွေကို ကြောက်ကြောက်နဲ့ ချော့သိပ်နေရတယ်။
       ကျွန်တော်က စိတ်ကူးယဉ်ဆန်လွန်းသူတယောက်။ အများသုံးစကားနဲ့ပြောရရင် အရူးတယောက်ပေါ့လေ။ ကိုယ့်တကိုယ်ရည်ဝပ်ကျင်းလေးနဲ့ ကိုယ့်ရူးသွပ်မှုဟာ တခြားသူအတွက် ဒုက္ခမဖြစ်သရွေ့ ကျွန်တော့််ရူးသွပ်စွာစိတ်ကူးယဉ်မှုတွေ ပျောက်ဆုံးပေးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော့်စိတ်ကူးယဉ်ကမ္ဘာလေးတခုမှာ ကျွန်တော်လွတ်လပ်စွာ ဖန်တီးခွင့်ရှိပါတယ်။ ကျွန်တော့်စိတ်ကူးကမ္ဘာထဲမှာ အရာရာတိုင်း လှပနေမယ်လို့တော့ မထင်ပါနဲ့။ တချို့က မလှဘူး။ ဒါပေမယ်လို့ ချစ်ဖို့ကောင်းနေတဲ့ ချစ်ခြင်းတရားတွေရှိတယ်။ ပန်းချီကားတစ်ချပ်။ ကဗျာတစ်ပုဒ်။ မြှုပ်ထားတဲ့ အလှတွေနဲ့ ငြိမ်သက်စွာစီးဆင်းနေမှုတွေလိုပေါ့။
         လူတဦးတိုင်း တယောက်စီတိုင်းမှာ စိတ်ကူးယဉ်ထားတဲ့ လျှို့ဝှက်သေတ္တာလေးတခုရှိမှာပါ။ တချို့တွေက အများအပြားရှိနိုင်ကောင်းပါရဲ့။ စိတ်ကူးယဉ်ပြီဆိုတည်းက ပိုင်ဆိုင်လိုချင်စိတ်က ပူးတွဲပါလာခဲ့တယ်မလား။ စိတ်ကူးလွင်ပြင်ကျယ်ကြီးထဲ ရူးသွပ်မှုတွေ အပြိုင်ထိုးဆွနေခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ရွက်လွင့်နေအုံးမှာပဲ။ အကောင်ထည်ပေါ်မလာသေးတဲ့ ကျွန်တော့်စိတ်ကူးကမ္ဘာလေးကို ကျွန်တော် ဖန်တီးတည်ဆောက်ရအုံးမယ်။ဒါ့ကြောင့် ညတာရှည်ရှည် ညတွေကို ပိုပြီး နှစ်သက်လာမိတယ်။
      တညတော့။ကောင်းကင်ကြီးကို ငေးကြည့်မိနေတုန်း။ အလင်းရောင်တခုကို ဖျတ်ခနဲ ကျွန်တော် မြင်လိုက်ရတယ်။ အလင်းတန်းကျရာ မြေပြင်ဆီ အပြေးသွားပြီး ကြယ်လေးကို ရှာဖွေမိတယ်။ မတွေ့ဘူး။ ညလုံးပေါက် ရှာဖွေခဲ့တာတောင် ကြယ်ကို မတွေ့ရဘူး။ ကျွန်တော် နွမ်းလျသွားခဲ့တယ်။ ကျွန်တော် ဝမ်း နည်းခဲ့ရတယ်။ ကျွန်တော်....။

        အဲဒီတညလုံး ကျွန်တော်အိပ်မရတော့ဘူး။ အတွေးကိုလည်း ချဲ့နေမိတယ်။ ဒါ ကြယ်ကြွေတာရော ဟုတ်ရဲ့လား။ ကြယ်တွေကရော တကယ်ရှိရဲ့လား။ ဒါပေမယ့်ကြယ်လေးတွေကို ကောင်းကင်မှာ မြင်နေရတာပဲ။ အဲဒီကြယ်လေးတွေကို ဘယ်သူပိုင်ဆိုင်ခဲ့ဖူးသလဲ သိချင်လိုက်တာ။ ပိုင်ဆိုင်ထားတဲ့ ကြယ်လေးကို ဘယ်လိုထားလဲသိချင်မိတယ်။ ကျွန်တော်သာဆို ကြယ်လေးတွေကို ကြိုးလှလှလေးတွေနဲ့သီထားပြီး အခန်းထဲမှာ ချိတ်ဆွဲထားမယ်။ နောက်ပြီး ကောင်းကင်တခုရယ် ၊ ဖိုးလမင်းကြီးရယ် ထပ်ပြီး ဖန်တီးပေးထားမှာပေါ့။ အခုတော့ ကျွန်တော်မှာ ကြယ်လေးတွေမရှိဘူးလေ။
        ပုံမှန်နိုးထနေကျ နံနက်ခင်းတခုပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်တာတော့ ကျွန်တော်ကလွဲပြီးမည်သူတယောက်မှ သိမည်မဟုတ်။ ထိုစဉ် အားသွင်းထားတဲ့ ကျွန်တော့်ရဲ့ဖုန်းလေးထံက ခေါ်သံတခုကို ကြားလိုက်ရတယ်။ ဖုန်းလေးဆီချဉ်းကပ်သွားတဲ့အခါ သူငယ်ချင်းတယောက်ရဲ့ခေါ်ဆိုမှု။ ကျွန်တော့်ကိုအပြင်မှာတွေ့ဖို့ လှမ်းခေါ်ခြင်းသာဖြစ်တယ်။ အပြင်ထွက်ဖို့အစီစဉ်မရှိပေမယ့် ညတုန်းကအဖြစ်ပျက်ကိုခဏမေ့ပျောက်သွားဖို့ ကျွန်တော့်သူငယ်ချင်းဆီ ထွက်သွားလိုက်မိတယ်။ လန်းလန်းဆန်းဆန်းမရှိတဲ့ ကျွန်တော့်မျက်နှာကိုသတိထားမိတဲ့သူငယ်ချင်းက ဘာဖြစ်နေတာလဲလို့ မေးတယ်။ ညတုန်းက အကြောင်းအရာကို သူငယ်ချင်းကို ပြောပြလိုက်မိတယ်။ ကျွန်တော့်စိတ်ကူးယဉ်ကမ္ဘာလေးတခုကိုသူငယ်ချင်းက မသိဘူး။ ဘယ်သူ့ကိုမှလဲ ပြောမပြခဲ့ဘူး။ အခုမှသာ စိတ်သက်သာစေရန်အလို့ငှာ ရင်ဖွင့်ပြခဲ့မိ။ သို့ပေမယ့်........ ။
          သူငယ်ချင်းက ကျွန်တော့်ကို ကြယ်တွေအများကြီးရှိတဲ့နေရာကို ခေါ်သွားပေးမယ်လို့ ပြောတယ်။ ကျွန်တော် အရမ်းပျော်သွားခဲ့တာပေါ့။ ကျွန်တော် ကြယ်လေးတွေကို မြင်ရတော့မယ်၊ ပိုင်ဆိုင်ရတော့မယ်ဆိုပြီးပေါ့လေ။ကြယ်တွေအများကြီးရှိတဲ့နေရာက မြို့အစွန်မှာလို့ သူကထပ်ပြောတယ်။ မြို့အစွန်တွေလည်း ကျွန်တော်မရောက်ခဲ့ဖူးဘူး။ဘာလို့ဆို ဒီမြို့လေးကိုကျွန်တော်ရောက်လာတာ ဘာမှမကြာသေးဘူးမို့။ ထားပါတော့။ ကျွန်တော့်စိတ်ကလောနေမိတယ်။ နောက်ပြီး စိတ်လှုပ်ရှားနေတယ်။ ကြယ်လေးတွေအများကြီး ရှိတဲ့နေရာက `ကြယ်ကမ္ဘာ´တဲ့။ မြို့လေးရဲ့အစွန်ကလှပပြီးစွဲမက်စရာနေရာလေးတခုလို့ လမ်းတလျှောက်သူငယ်ချင်းက ပြောပြတယ်။ ကျွန်တော် ပျော်နေမိတယ်။
        ဒီလိုနဲ့ တစ်နာရီကျော်ကျော် ခရီးနှင်လာပြီးတဲ့နောက် `ကြယ်ကမ္ဘာ´ ဆိုတဲ့ ဆိုင်လေးကိုရောက်လာခဲ့တယ်။ ဟုတ်ပါတယ်။ ဆိုင်းဘုတ်ကလေးကိုလည်း ကြယ်ပုံလေးတွေနဲ့အလှဆင်ထားလို့။ နောက်ပြီး ကြယ်လေးတွေ အကြီးအသေးပုံဖော်ထားတဲ့ ဆိုင်ဝန်းထဲက ဧည့်ခန်းတွေ၊ နံရံတွေ။ လှလှပပချိတ်ဆွဲထားတဲ့ ကြယ်လေးတွေ။ အများကြီး။ တကယ်ကို ကြယ်ကမ္ဘာလေးတခုလိုပါပဲ။ ဒီဆိုင်လေးမှာ ကော်ဖီနဲ့စားစရာအချို့ လည်းရတယ်။ တခါရောက်ဖူးသူတိုင်း နောက်တခါလာချင်လောက်အောင် စွဲဆောင်ထားနိုင်လွန်းပါတယ်။ သို့သော်.....။

          ဒီလိုနဲ့......။ ကြယ်ကြွေချိန်ကို စောင့်မျှော်နေရင်း ။ စောင့်မျှော်ရင်းနဲ့ .....။ ကျွန်တော့်စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ ကြယ်လေးတွေကိုသီဖို့ ကြိုးတစ်ချောင်းဟာ အခုထိ ရှိနေဆဲပါလေ............။ ။

သုထက်စျာန်
2.8.2021

Comments