သစ်ခက်သံလွင်အက်ဆေး - မိုးမြင့်ယံ "မဝေးတော့သည့် အောင်နိုင်ခြင်း မနက်ဖြန် "


သစ်ခက်သံလွင်အက်ဆေး 
စက်တင်ဘာ ၁၉ ၊ ၂၀၂၁

 "မဝေးတော့သည့် အောင်နိုင်ခြင်း မနက်ဖြန် "  
 မိုးမြင့်ယံ

ကျွန်တော်တို့ သည် ဒီကမ္ဘာမြေလောကကြီးအပေါ် သို့ ခေတ္တခဏကျရောက်လာသော ဂြိုဟ်သိမ် ဂြိုဟ်မွှားလေးတခုသာသာပါ ။ တကယ်ဆိုရင် လူဆိုသော သတ္တဝါသည် ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးဆိုသည်မှာ ယုံမှားသံသယရှိစရာမလိုပေ ။ အဘယ်ကြောင့်နည်း။ ထိုအဖြေသည်ပင် ယခု ပစ္စက္ခကာလကို ဖော်ညွှန်းနေသည်ပဲ ။ စကားပုံတစ်ခု၌ အဘယ်ကြောင်များ ကမ္ဘာမီးလောင်လျက်နဲ့ သားကောင်ချနင်းခဲ့ရတာပါလဲ ? ထိုအဖြေ ကို ယနေချိန်အထိမရနိုင်သေးပေ။ သေချာတာကတော့ ကျွန်တော် သိသည့်အမြင်၌ လူသည် သူ၏အသက်ရှင်သန်ခွင့်ကို နှမြောလွန်းစွာ တပါးသူကို `` တပါးသူဆိုတာထက်´´ သွေးသားအရင်းကိုတောင်မှ ချနင်းစတေးဖို့ဝန်မလေးသော သွေးနွေးသတ္တဝါဖြစ်ပေသည် ။
မှန်ပေသည်။
ယခုချိန်ထိ ကျွန်တော်တို့ ရင်ဆိုင်နေရသောပြဿနာ၌ ကိုယ့်ကိုကိုယ် ချစ်မှုဆိုသည့် အတ္တကြီး နှင့် ငါ့ပစ္စည်း ငါ့ ဥစ္စာဟူသော အလိုရမ္မက်ကြီးလှစွာသော လူတစု ၏ လောဘ မောဟတို့၏စီးဆင်းရာ ကောက်ကျစ်ယုတ်မာမှုကြီးတခုကိုပင် မရှက်မကြောက်နိုင်စွာ မီးထွန်း၍ လုပ်ကြံခံနေရသည်မှာ နှစ်ကာလ ကြာမြင့်လှသည်ပဲလေ ။
ထိုသို့သော နှစ်ပေါင်းများစွာ လူတစုကောင်းစားရေးအတွက် အစတေးခံ ပြည်သူတွေ၏အသက်တို့သည် သွေးတွေချောင်းလို စီးခဲ့ရပေသည် ။
ကြီးမြတ်သူတို့ ၏ မြင့်မြတ်သော နှလုံးသားတို့သည် လေးဘက်လေးတန်အကျဉ်းချခံခဲ့ရသည်။ တချို့တချို့တို့သည် မိခင်ရင်ခွင်မှဝေး၍ တတိယနိုင်ငံများဆီသို့ ချစ်ခင်သူများအား စွန့်လွှတ်ဖဲ့ချန်ထားခဲ့ရပြန်သည်။ 
ကာလရှည်ကြာအမှောင်တိုက်ကြီးအား နှလုံးသွေးနှင့်ထွန်းညှိလင်းပဖို့ကြိုးစားမိသူတိုင်းသည် ထိုလူတစု၏ ရန်သူစစ်စစ်များပင်ဖြစ်လေသည် ။
ရှည်လျားလွန်းလှသောအမှောင်တိုက်ကြီးအတွင်း၌ အဘယ်သူမှမသိလိုက်နိုင်စွာ ရွာလုံးကျွတ်ပျောက်ကွယ်သွားရသောအဖြစ်များ၊ ရောဂါအမည်တပ်မရနိုင်စွာနှင့် သေဆုံးသွားရရှာသောပြည်သူများသည် မည်ရွေ့မည်မျှ ရှိခဲ့လေပြီနည်း ။
ဆိုက်ယာနိုက်အဆိပ့်သင့်ခဲ့ကြရရှာသော ကြေးနီစီမံကိန်းကဲ့သို့ အနီးအနားတဝိုက်ရှိ ပြည်သူတွေ၏အသက်သည်ပင် အမှန်တကယ်တော့ ဖက်ရွက်လေးများ မဟုတ်ခဲ့ကြပါ ။
ဆို့နင့်နာကျင်လွန်းခဲ့ရသောပြည်သူတို့၏တောက်ခေါက်သံတွေသည်ပင် အက်ကွဲတိမ်ဝင်ခဲ့ရပေသည် ။
ထိုသို့သောအဖြစ်ဆိုးများကင်းပစေရန် ကျွန်တော်တို့ သည် အလင်းစစ်စစ်ကို စောင့်မျှော်မောခဲ့ရသည်ပဲလေ။
ပြည်သူလူထု၏စုပေါင်းအားနှင့် ရုန်းကန်ရင်း အလင်းပြပြကိုမြင်ရသည့်ခဏမှာပင် အမှောင်ကမ္ဘာထဲသို့ ပြန် လည်သွပ်သွင်းခြင်းကို နာကျင်ခံခက်စွာကြုံလာရပြန်သည်လေ ။
ဒီတကြိမ်သာ အမှောင်တိုက်ထဲ၌ကျဆုံးခဲ့ရပါလျှင် ကျွန်တော်တို့ဘဝတွေသည် အလင်းစစ်စစ်ကိုတွေ့မြင်ရန် လွယ်ကူနိုင်ပါ့ဦးမည်လားဆိုသည်မှာ ကျွန်တော် အမြဲတွေးနေမိသောပုစ္ဆာတပုဒ်ပင်ဖြစ်နေပြန်သည် ။
ထိုအခါ အလင်းစစ်တွေကို လင်းပဝင်းမြစေချင်သော လူငယ်တွေရဲ့ ရဲရင့်နှလုံးသွေးတို့အား ကြက်သီးထခမန်းမြင်တွေ့လိုက်ပေသည်ပဲဖြစ်သည် ။
နှစ်ပေါင်းများစွာ အကျဉ်းကျခံနေရက်တို့မှလွန်မြောက်ရန်အတွက် လူငယ်တိုင်း လူငယ်တိုင်းသည် မြားတစင်း ဓားတလက်ကဲ့သို့ အသွင်ပြောင်းကာ လင်းယုန်တွေ၏ထက်မြက်စူးရှမှုနှင့်အတူ ပျံသန်းလာခဲ့ကြပေပြီ ။
မကြာမီအချိန်၌ အန္ဓမိစ္ဆာတစု၏နေဝင်ချိန်နှင့်အတူ ပြည်သူတွေရဲ့ အောင်ပွဲသည် အောင်လံတလူလူလွင့်၍ လာပေတော့မည်ဖြစ်ပေသည် ။
မဝေးတော့သည့်မနက်ဖြန်၏မနက်ဖြန်များမှာတော့ အောင်နိုင်ခြင်းသီချင်းသံတွေကို ပျော်ရွှင်စွာ သံပြိုင်ဟစ်ကြွေးရပေဦးတော့မည်ပင်ဖြစ်ပါသည် ။

17 . Sep . 2021



Comments