သစ်ခက်သံလွင်ကဗျာ - လူခါးခါး " ရဲရင့်တဲ့သားကောင်းမိခင်တို့အတွက်..." ၊ လင်းဝေး '' ဝိပတ္တိ ''

Image- Crd
သစ်ခက်သံလွင်ကဗျာ
စက်တင်ဘာ ၂၈၊ ၂၀၂၁

" ရဲရင့်တဲ့သားကောင်းမိခင်တို့အတွက်..."
လူခါးခါး 

ငိုသံပါနဲ့အမေကပြောတယ်
သားရေ အမေ့အိမ်ကလေးမရှိတော့ဘူး
မီးရှို့ခံလိုက်ရပြီတဲ့။
အမေ့ပြောစကားမှာ သားမငိုတော့ဘူး
အမေကထပ်ပြောတယ်
သားဒီတော်လှန်ရေးကြီးပြီးအောင် ဆက်တိုက်ပါတဲ့။

အမေ့စကားမှာ သားအားရှိပါတယ်
အိမ်ပြန်စရာမရှိတဲ့အမေတွေအတွက်
တိမ်တစ်ဆုပ်၊ ငှက်တစ်အုပ်နဲ့ 
စိမ်းမြညိုတောရိပ်တောင်တန်းတွေ ယမ်းနံ့ကင်းစင်ပြီး
အပြိုင်းပြိုင်းပွင့်ဝေနေတဲ့ပန်းတစ်ခင်းနဲ့အတူ
တောက်ပနေတဲ့နေရောင်အောက်က စီးဆင်းနေတဲ့မြစ်တွေကိုထမ်းပြီး
ဒီတော်လှန်ရေးကြီးပြီးတဲ့နေ့မှာ အမေ့ကိုပွေ့ဖက် 
အရှေ့အရပ်ကရောင်နီထွက်ချိန်ကို
ဟောဒီတောင်ထိပ်ကနေကြည့်ကြမယ်အမေ ။ ။

...


'' ဝိပတ္တိ ''
လင်းဝေး

ခေတ်ပျက်မှာ 
သွေးပျက်စရာချည်း

စစ်ပြေးဘဝနဲ့
ချစ်တေး မဆိုနိုင်

အကြောင်းအရာဟာ
အလောင်းပါမှဖြစ်မှာလား

မကြွေသင့်ပဲ ကြွေခဲ့ရတဲ့
ဓူဝံကြယ်တွေကို အားနာမိရဲ့ ။ ။

( ၆ . ၇. ၂၁ )

Comments