သစ်ခက်သံလွင်ကဗျာ - ကေအိုဇေ " နွေဦးဟာ မုတ်သုံကိုပျိုးခဲ့ပြီ "

သစ်ခက်သံလွင်ကဗျာ
စက်တင်ဘာ ၂၊ ၂၀၂၁

" နွေဦးဟာ မုတ်သုံကိုပျိုးခဲ့ပြီ "
ကေအိုဇေ

မြက်ဖျားပေါ်တွဲလဲခို ကျကွဲတော့မယ့်ရေစက်
ကောင်းကင်ဘုံက ဝင်စားမှုပဲ
အဲ့ဒီမှာ မြှုပ်နှံလိုက်တဲ့ကြယ်တွေ
ရေခဲမိုးသားတိမ်တွေလို တရွေ့ရွေ့တလွင့်လွင့်နဲ့
အိမ်တွေဟာ အစိတ်စိတ်အမွှာမွှာခဲနေ
ကိုယ့်ရေတွက်မှုမှာ မျက်ရည်အသံကြားမိတယ်
စက္ကန့်မလပ်ပြောင်းလဲမှုရဲ့အကြီးမားဆုံးပေါက်ကွဲမှုကြီးတခု
ပွတ်တိုက်မှုမှာ မီးဖြစ်လာမဲ့သစ်စေ့အဖြစ်
အညွန့်တလူလူနဲ့သက်တန့်ကို ကုပ်တွယ်လိုက်တယ်
နွေဦးဟာ ကဆုန်စိုင်းပြီးလာတာကို မြင်ရ
မာကျောသန်မာတဲ့ ဦးချိုနဲ့ မြင်းရိုင်းလို ။ ။

၂၅.၈.၂၁

Comments