သစ်ခက်သံလွင်ကဗျာ
စက်တင်ဘာ ၂၀၊ ၂၀၂၁
" စမ်းသပ်လိုအင် "
ငဇ
ဒုက္ခရောက်ချင်တယ်
ဒုက္ခလတ်လတ်ဆတ်ဆတ် ပေးပါ
ဒုက္ခကပေးတဲ့အရသာ လိုအပ်တယ်
တကယ်တော့
ဒုက္ခဟာ ရန်သူနဲ့ မိတ်ဆွေ ခွဲခြားပေးတယ်။
ဒုက္ခကို
ပိုးစိုးပက်စက်မွေးမြူထားကြ
ဒုက္ခကြီးလေလေ
သားထားတဲ့မျဉ်းကြောင်း ပါးလေလေပဲ။
ရန်သူရဲ့ ကျောကုန်း ပြုံးနေတာ သိဖို့
ဒုက္ခ အရေးတကြီး လိုအပ်တယ်
မိတ်ဆွေရဲ့ ရင်ဘတ်
မျက်ရည်မီးကူးနေတာ ခံစားဖို့
ဒုက္ခ အကျွမ်းတဝင် လိုအပ်တယ်။
မသေခင် ဒုက္ခလှလှ တွေ့ချင်ပါတယ်
ရန်သူနဲ့မိတ်ဆွေ
ကွဲကွဲပြားပြား သိသွားချင်ပါတယ်။
လည်ပင်းကိုဖက်ထားတဲ့လက်ဟာ
ဓားဖြစ်နိုင်သလို
တွန်းထုတ်လိုက်တိုင်းလည်း
လဲပြိုစေလိုလို့မှမဟုတ်တာ ... ...
ကျည်ကွယ်ရာ အသက်ကို
သိစိတ်ရှေ့က အလျင်မရောက်ချင်ဘူး။
၁၉၊ စက်တင်ဘာ ၂၀၂၁
...
"အမေ့အိမ်နဲ့ရွာကဘယ်ဆီမှာ..."
လူခါးခါး
လယ်ကွင်းတွေဖြတ်ပြီးပျံသန်းလာတဲ့
တိုက်ဂျက်လေယျာဉ်ပျံမြင်တော့
ငါ ဝမ်းနည်းရတယ်
လယ်ကွင်းတွေထဲ ကျည်ဆံမိုးတွေ ရွာချ
လယ်သူကောက်စိုက်ရမယ့်နေ့တွေမှာ
ကောက် မစိုက်နိုင်ရှာဘူး
အိမ်လည်းမရှိတော့ဘူး
ရွာကလေးကတော့ ဆိုင်းဘုတ်ကလေးပဲကျန်နေခဲ့။
ငါလွမ်းနေရမယ့်မြင်ကွင်းကျယ်မှာ
မလွမ်းနိုင်တော့ဘူး
ငါရှိနေရမယ့်အရပ်မှာ ငါ ရှိမနေခဲ့ဘူး။
အပ်ကိုင်ရမယ့်ဆရာဝန်တွေက သေနတ်ကိုင်လို့
မြေဖြူကိုင်ရမယ့်ကျောင်းဆရာ ဆရာမလေးတွေက သေနတ်ကိုင်လို့
မိသားစုမဆုံဖြစ်တော့တဲ့ထမင်းဝိုင်းလေးမှာ
ငါ မြိန်ရည်ရှက်ရည် စားမဝင်အိပ်မပျော်ညတွေ
တစ်ယောက်ကိုတစ်ယောက် လွမ်းတဲ့အကြောင်းပြောကြ
တစ်ယောက်ကိုတယောက် အားပေးစကားပြောကြ
ငါ့တို့ရဲဘော်တွေစုဖွဲ့ထိုင်ပြီး စကားပြောဖြစ်တယ်
တစ်ယောက်အကြောင်းမှာ တစ်ယောက် ရယ်ကြမောကြ
တစ်ယောက်ကိုတစ်ယောက် အားပေးစကားတွေဆိုကြ
တစ်နေ့ကျ ငါ့တို့ဆုံကြမယ့်အကြောင်းပြောပြီး
မှောက်မိုက်တဲ့ညနက်ထဲက တိုးထွက်ခဲ့ကြ
မိုးလည်းစင် စင်လင်းပြီ
ကျေးငှက်လည်း တွန်ပြီ
ရောင်နီဖြာတဲ့မနက်မှာ ငါ့တို့အိမ်အတူပြန်ကြမယ်။
...
Comments
Post a Comment