သစ်ခက်သံလွင်အမှတ်တရ
စက်တင်ဘာ ၂၊ ၂၀၂၁
'' လက်ပန်းပေါင်းခတ်သံများနဲ့မွေးနေ့ပါတီ ''
ခင်လွန်း
ဒီနေ့ စက်တင်ဘာ ၁ ။
၇ လရှိပြီ။ သိတယ်ဟုတ်။
ကိုယ်က အပြင်မှာ ခလုပ်မထိ ဆူးမငြိနေရတော့ အထူကြီး အခန့်ကြီးတွေ သိပ်မပြောလို။
တနေ့ကရေးတဲ့ ကိုဝေးကြီး(အောင်ဝေး)ကဗျာထဲက မြောက်ဥက္ကလာဟိုးမားမှာ ထောင့်ကန်ဘောကနေ တဖက်သင်းဘက်ကို ခေါင်းတိုက် ဂိုးသွင်းကောင်းတဲ့သူကို သတိရ။
ခမျာ နေကောင်းပါရဲ့လား။
ငယ်ငယ်က လူငယ်တွေလေ့ကျင့်ကြတဲ့ ထိပ်တင်ထွဋ် ကာယဗလလေ့ကျင့်ခန်းတွေလိုက်စားဖူးလို့ ... ပြီးတော့ ကျန်းမာရေးနည်းကျကျ လမ်းလျှောက်ဝါသနာပါလို့ ... ကျန်းမာရေးအတွက် သိပ်မပူလို။ ဒါပေမဲ့ ၆၀ ကျော်အရွယ်ဆိုတာ ပူပန်ရမကောင်းဘူးလား။
သတိရနေတယ်။ စက်တင်ဘာ ၁ ရက်မှာ ကိုယ်က အဝေးကိုလွင့်ပြီး အိပ်မက်တောင်တခါဖူးမှမမက်ခဲ့ဖူးတဲ့ ကျွန်းလေးတကျွန်းပေါ်လာတင်နေတာ ၁၀ နှစ်တင်းတင်း။ သူက မိသားစုနဲ့ အိမ်နဲ့ သူချစ်တဲ့စာပေအသိုင်းအဝိုင်းတွေ သူချစ်တဲ့ဆရာသမားတွေ တပည့်တပန်းတွေနဲ့ ဝေးနေတာ (၇)လ။ အင်မတန် ခါးသီးစက်ဆုပ်နာကျည်းခံခက်ရမယ့် နေရာ ဒေသ အခြေအနေအောက်မှာ (၇)လ။
လွမ်းသလိုလိုပဲ၊ လွမ်းတယ်ပြောရင် မသူတော်တွေဝမ်းသာနေမှာဆိုတော့ မလွမ်းပါဘူး နာတာ။
ကိုယ်တွေရဲ့စိတ်သက်သာရာငယ်ဘဝတွေအကြောင်း ပြန်တွေးမယ်ဆိုပြီးတွေးတော့ ...အိုး ဘယ်ပြောကောင်းမလဲ အများကြီး။
ကိုယ်တွေက သူ နယ်ကျောင်း(ကွမ်းခြံကုန်းမြို့)ကနေ ရန်ကုန်ပြောင်းလာတဲ့ အလယ်တန်းကျောင်းသား (၆-တန်းကျောင်းသား)ဘဝထဲက တခုံထဲဘေးချင်းကပ်ထိုင်ခဲ့ကြတာ။ သူ့ဘဝမှာ ရန်ကုန်အခံ ကျောင်းသားတယောက်ကို စတင်စကားပြောဖူးတာ ဤဖေကိုယ်မှလွဲ မရှိသေးချိန်ပေါ့။
တလျှောက်လုံးအတူတူဟာ သူတက္ကသိုလ်မှာ နံမည်ကျော်ဆရာတယောက်ဖြစ်ပြီး နယ်တွေဘာတွေပြောင်းသွားကာမှ လူချင်းနည်းနည်းဝေးသွားကြတာ။ ဒါတောင် အခွင့်သင့်လို့ သူရန်ကုန်ရောက်တဲ့အခါ မဖြစ်ဖြစ်အောင်ဆုံကြတွေ့ကြမြဲ။
ဒါကြောင့်မလွမ်းချင်ပါဘူး။ လွမ်းမှမလွမ်းတတ်ဘဲ။ မျက်ရည်ဝဲကာဝဲကာနဲ့နေတတ်တိုင်း လွမ်းတာမှမဟုတ်ဘဲလေ။ ဘာလို့လွမ်းရမှာလဲ။
မလွမ်းလို့ဘဲ အခု သတိရစရာလေးအကြောင်း တွေးနေတာ။ မလွမ်းချင်လို့ ရယ်ရမောရကောင်းစေ တွေးမိတာ။
အဲဒါက ခုလိုဝါခေါင်လကြီးရဲ့နေ့ရက်ထဲမှာ မွေးနေ့ကျတဲ့ နေစိမ့်ရဲ့ ၁၅ နှစ်မြောက်မွေးနေ့လေးအကြောင်းတွေးပြီးမြင်ယောင်နေတာ။
နေစိမ့်၊ မောင်သာချို၊ ခင်လွန်းဆိုတာ ...ကိုဝေးကြီးကဗျာထဲက မြောက်ဥက္ကလာဟိုးမားဘောလုံးအသင်းရဲ့အခြေခံအကျဆုံးကစားသမားတွေ။
အဲ့ဒီတုန်းက ယမုံတို့ဘာတို့ ကိုယ်တွေနဲ့မဆုံကြသေးဘူး။ အသက်ကငယ်ကြသေးတယ်။ ကိုယ်တွေတောင် ကဗျာလေးစာလေးတွေ ရူးသွပ်တုန်း။ ရေးစမ်းတုန်း။ ကလောင်ရယ်ဘာရယ်တောင် မယ်မယ်ရရမမှည့်ကြရသေးဘူး။ အဲ စာတွေတော့ ဖတ်ကြသလားမမေးနဲ့၊ မုန့်ကျွတ်စားသလို တဂျွတ်ဂျွတ် တဂျွမ်းဂျွမ်းမြည်အောင် ဝါးကြစားကြ ဖတ်ကြတာ။ မှတ်ကြတာ။
ထား။ နေစိမ့်ရယ်လို့မမည်သေးတဲ့ မောင်အေးနိုင်ခေါ် ကိုယ်တွေပယောဂနဲ့ ကိုယ်တွေလိုပဲ စာကြောင် ကဗျာကြောင်ဖြစ်ခါစ ကောင်လေးဟာ ခုလိုရက်ကြီးတရက်မှာ ဘယ်ကဘယ်လိုဖြစ်တယ်မသိ စိတ်ကူးတခုပေါက်ပြီး ကိုယ်တွေကို လာတိုင်ပင်ပါတယ်။ အဲဒါက သူဟာ နက်ဖန်ကျရင် မွေးနေ့ကျရောက်ကြောင်း၊ အမှတ်တရတခုခုဖြစ်ချင်ကြောင်း၊ (ဘာကြောင့်အမှတ်တရဖြစ်ချင်မှန်းလဲမသိ)၊ အဲဒီ့အတွက် သူ့အစီအစဉ်က ++++ ဗလာဗလာ ဗလာဗလာပေါ့ဗျာ။
ဒီလိုနဲ့ သူနဲ့ ၃-၄ အိမ်ကျော်မှာနေတဲ့ မောင်သာချို့အိမ်ကို အဲဒီ့နေ့မနက် ၁၀ နာရီလောက်မှာဆုံကြပါတယ်။ အင်မတန်အေးချမ်းတဲ့ မောင်သာချို့ဘကြီးတော်နဲ့ ကြီးဒေါ်တို့ဟာ အဲဒီ့ရက်ပိုင်းတွေက အိမ်မှာမရှိကြတော့ နောင်အခါ တိုင်းကျော်ပြည်ကျော်အကျော်ဇေယျ ကဗျာဆရာနေစိမ့်ရယ်လို့ဖြစ်လာမယ့် မောင်အေးနိုင်ရဲ့မွေးနေ့ပါတီကိုဝှဲချီးကျင်းပကြမယ်ပေါ့။
အစီအစဉ်အရ ကိုယ်နဲ့မောင်သာချိုတို့နဲ့အတူ မွေးနေ့ရှင်ဟာ ကြက်သားနဲ့အုန်းထမင်းချက်ကို ပျော်ရွှင်စွာ စားကြဖို့ဖြစ်ပါတယ်။
(အဲဒီ့တုန်းက အရွယ်သိပ်ငယ်ကြသေးတော့ လူကြီးတွေလို ဟိုဟာ ဒီဟာမသိသေး။)
မိုက်တာပေါ့နော်။ ကြက်သားနဲ့အုန်းထမင်း စားရဲခဲဘိခြင်းပေါ့။
အဲ ခက်တာက ကြက်သားဟင်း ပြဿနာ။
ဒီ့အတွက် မောင်အေးနိုင်က သူ့အိမ်က ကြက်ဖကြီးတကောင်ဖမ်းလာသဗျ။ သိသလောက်ပြောရရင်တော့ ရင်ဘတ်မှာ နီရဲအသားမာတက်နေတဲ့ တိုက်ကြက်ဖကြီးဗျ။ ခြေထောက်မှာလဲ အတက်ကြီးကပြူးလို့။ ထိုးများမိရင် ကြက်ကြက်ချင်းမဆိုထားတဲ့လူတောင်ဗိုက်ပေါက်လောက်တယ်။
အဲဒီ့ကြက်ဖအရှင်လတ်လတ်ကြီးကို ဘဝတဖက်ကမ်းပြောင်းပေးရမယ်ပေါ့ဗျာ။ ဘယ်လိုလုပ်ကြမလဲ။
ဒီနေရာမှာ ကိုယ်က လက်ဝှေ့လေးဘာလေးထိုးဖူးတော့ အာဂသတ္တိတွေရှိမှာပဲဆိုပြီး ပုံအပ်ချင်ကြသဗျ။ ကိုယ်ကလဲ ဒါ အားကစားမဟုတ်ဘူးလေကွာ ..လို့ ဆင်ဝှေ့ရန်ရှောင်ပြောရ။
ထားဗျာ၊ တိုတိုချုံ့ရအောင်။ ဓားတချောင်းလိုတယ်။ လူရွှင်တော်တွေပြောသလို ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်ပေါ့။
မောင်သာချိုက ထရံမှာထိုးထားတဲ့ ဓားကိုဆွဲထုတ်လိုက်တယ်။ အသွားပေါ်ကိုလက်ဖဝါးနဲ့ဖွဖွတင်ပြီး စမ်းကြည့်တယ်။
ကိုယ်လဲ သူ့လိုလိုက်လုပ်ကြည့်တယ်။
သိပ်အထက်ကြီးမဟုတ်။
မွေးနေ့ရှင် မောင်အေးနိုင်လေးက ကြက်ဖကြီးကို ချုပ်ထားတယ်။ ကြက်ဖကြီးက တိုက်ကြက်ဖကြီးပီပီ ရုန်းလိုက်သမှ မလွှတ်အောင် သူ့ခမျာ မနည်းချုပ်ထားရတာ။ ဒီကြားထဲ ကိုယ်တော်က ချုပ်ထားတဲ့လူမှအားမနာ မရရအောင် ထတွန်လိုက်သေးတယ်။ မောင်အေးနိုင်က သူတွန်နေတုန်း နှုတ်သီးကို လှမ်းဆုပ်ထားလိုက်တော့ ကြက်ဖကြီးမှာ တပါဒတောင် မတြာအပြည့်မဆုံးလိုက်ရပဲ အော်အီးအီးနဲ့တင်ရပ်ပြီး မအွတ်လိုက်ရရှာဘူး။
ကိုင်း ဒါလဲ ထား။
ဓားလဲ ရပြီ။ ကြက်ဖကြီးကလဲ တွန်နေပြီ။ ပေရှည်လို့မရဘူးဆိုပြီး ဓားကိုတဆဆနဲ့ ကြက်ဖကြီးနားသွားပေမယ့် ခရီးက မဆုံးဘူး။ သူမရသူမရဲတော့ ကိုယ့်အလှည့်ပေါ့။ ... ကိုယ်လဲ အောင်ဖျာလိပ်ပါတယ်။ သွေးတွေမမြင်ချင်ဘူးကွာပေါ့။ ဒါနဲ့ ရေထဲ နစ်မယ်လုပ်ကြပါတယ်။ ရေစည်ပိုင်းထဲ နစ်ကြမယ်ပေါ့။
ဒါလဲ တယောက်မျက်နှာတယောက်အားကိုးတကြီးကြည့်မိကြပြန်တယ်။
ကြက်ဖကြီးက မသိရှာတော့ ဒုတိယမ္ပိ တွန်ပါတယ်။ ဒီတခါတော့ အောင်အောင်မြင်မြင် အွတ်အထိ တွန်နိုင်သွားပါတယ်။ အသံအအောင်သားကလား။
၃ ယောက် ဝိုင်းချုပ်ပြီး နစ်မယ်ကွာဆိုပြီး ရေစည်နားသွားကြပါတယ်။ ရေစည်ထဲမှာ ရေကအပြည့်။
ချုပ်အားနဲနဲပိုသန်တဲ့ကိုယ်က တိုက်ကြက်ဖကြီးကို ရေနဲ့တိုက်ဖို့ မိန်းကျတဲ့နေရာက ကိုင်ပါတယ်။ သူတို့က ခြေနှစ်ချောင်းကို ဝိုင်းကိုင်ပေးပါတယ်။
အဲဒီ့အချိန်မှာ ကြက်ဖကြီးဖင်က ပျစ်ခနဲ အကျိအချွဲတွေ ပါ ချလိုက်ပါတယ်။
ရေစည်ထဲ အော်အော့တွေ ကျသွားပုံဟာ ကဗျာတော့ဆန်နေတာမျိုးမရှိပါဘူး။
ဒီမှာ မောင်သာချိုကပြောပါတယ်။ တော်ပါပြီကွာ။ ဒို့တွေ ထညက်ခဲနဲ့ အုန်းသီးပဲရေနွေးကြမ်းလေးနဲ့စားတာကောင်းပါတယ်တဲ့။
ဇာတ်ဟာ မနာသင့်တော့ဘူးလေ။
မွေးနေ့ရှင်ဘက်ကို ကိုယ်လှည့်ကြည့်တော့လဲ ကြက်ဖကြီးကို ပိုက်ထားရာကလွှတ်လိုက်ပါပြီ။
လွတ်မြောက်သွားတဲ့ တိုက်ကြက်ဖကြီးဟာ သူ့တောင်ပံတွေကို လက်ခမောင်း(လက်ပန်းပေါင်း) ခပ်သလို တဖျောင်းဖျောင်းရိုက်လိုက်ပြီး ပြတ်သားလှတဲ့သူ့အသံအောင်အောင်ကြီးနဲ့ အော်အီးအီးအွတ်ပါလေတယ်။
မွေးနေ့ပွဲဟာ အုန်းသီးဆံ၊ ထန်းလျက်ခဲ ရေနွေးပူပူနဲ့တော့ အကိုက်ပါပဲဗျာ။ လှနေတာပါပဲ။
+ သူငယ်ချင်း မောင်သာချိုကျန်းမာပါစေ သက်ရှည်ပါစေ...
+ ကိုသာချိုနဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရသူများအားလုံး အမြန်လွတ်မြောက်လာပါစေ
မလွမ်းချင်လို့ မျက်ရည်ဝဲဝဲနဲ့
ချစ်တဲ့
ခင်လွန်း
ည ၉း ၄၅ နာရီ
စက်တင်ဘာ ၁၊ ၂၀၂၁
Photo- Crd
Comments
Post a Comment