သစ်ခက်သံလွင်အက်ဆေး - သုထက်စျာန် "အအေးမိခြင်း"

သစ်ခက်သံလွင်အက်ဆေး
စက်တင်ဘာ ၁၊ ၂၀၂၁ 

"အအေးမိခြင်း"
သုထက်စျာန်

လက်ထဲမှာ ရေကခြောက်နေပြီ။ စိုနေတဲ့အဝတ်တွေကို မလှန်းဖြစ်သေးဘူး။ အဝတ်တန်းက မှိုတက်သွားတယ်။ ချော်လဲသွားတဲ့ ဆပ်ပြာကို ရယ်ပွဲဖွဲ့တယ်။တွဲလောင်းကျနေတဲ့ ချိတ်ကို ဆက်ချိတ်ထားတယ်။ မိုးအုံ့သွားတဲ့ နေ့လယ်ခင်းမှာ ငါဟာ ဆပ်ပြာမြှုပ်တွေနဲ့ မျက်နှာသစ်လိုက်တယ်။
 
အဓိပ္ပာယ်ရှိသလိုလို အဓိပ္ပာယ်မရှိမှုများ။ တခါတရံမဟုတ်တဲ့ တရံတခါတွေ များပြီ။ ဘာလိုလိုနဲ့ ဘာလိုနေမှန်းမသိခြင်းတွေခက်တယ်။ သိပ်ကိုခက်တယ်။

 ဖား မအော်လည်း မိုးကရွာချင်ရွာတာပဲ။ ရေနစ်တိုင်းလည်း သေတာမဟုတ်ဘူး။ ဆားပေါ့တဲ့အခါလည်း ပေါ့မယ်။ စက်ရုပ်တွေ ဘာလို့နိဗ္ဗာန်မရောက်တာလဲ။ဟော...မလှန်းဖြစ်တဲ့အဝတ်တွေ ပြန်လျော်ရအုံးမယ်။ ရာသီဥတုက ပူတာနဲ့အေးတာပဲရှိတယ်။ ချော်လဲသွားတဲ့ဆပ်ပြာလေးကို အမြှုပ်ထအောင် ငါ မျက်နှ ာချိုသွေးရအုံးမယ်။ 
  
အလုပ်ရှုပ်နေတဲ့ တိမ်တွေက မျက်စိနောက်စရာ။ ကောင်းကင်ကို မျက်နှာကြက်လဲဖို့ ဝက်အူရစ်တွေက မြုံးနေပြန်တယ်။ ခန္ဓာကိုယ်တခုလုံး ရေဆေးခုံတင်ပစ်ရင်ကောင်းမလား။ နေပျော်စရာမကောင်းတဲ့ ကမ္ဘာကြီးမှာ တွေဝေစရာတွေက ပိုလို့များတယ်။ အစီစဥ်ချကြည့်လည်း အစီစဥ်မကျ။ ကိုယ်ကိုတိုင်မွေးမြူထားရတဲ့ ဒုက္ခဇုန်။ အမြှုပ်တစီစီထနေတဲ့ တပ်မက်မှုတွေ။ ငါတို့ရဲ့ အရပ်ရှစ်မျက်နှာ တံခါးချပ်တွေ ပွင့်နေပုံကထောင်ချောက်တခု။ အန္တရာယ်စက်ကွင်း။ သတိထားနေထိုင်ရင်း သတိမေ့မှုတွေက ခဏခဏဖြစ်ပြန်တယ်။ တရားရမလားလို့ ဘုရားကိုဦးကုန်းချကြည့်လိုက်တော့ ဘယ်ကမှန်းမသိတဲ့ ရယ်သံတခုကို ကြားလိုက်ရတယ်။

 အိမ်ရှေ့ရေမြောင်းက ရေမထွက်ပြန်ဘူး။ ဆောင်းက ကူးတော့မယ်။ ဖုန်သုတ်စက်ကလေးတလုံးလောက်လိုချင်တယ်။ ပြိုကျလာတဲ့နာရီတွေကို ကောက်သိမ်းနေရတာလည်း ဝဋ်တမျိုးပေါ့။ ဆေးထိုးဆေးသောက်လုပ်ကြည့်တာပဲ။ အခုထိ အနာနဲ့ဆေး မတွေ့သေးဘူး။ အိပ်ရေးသာဝနေတာ နေ့မှန်းမသိ၊ ညမှန်းမသိ။ငါကိုယ်တိုင်ဝေခွဲမရတဲ့ ပုစ္ဆာဟာ ငါကိုယ်တိုင်ပဲ ဖြစ်နေတယ်။

 အခုထိ လှမ်းထားတဲ့ အဝတ်တွေက မခြောက်သေးဘူး။ နေက ဝင်တော့မယ်။ ရေက တစက်စက်။ ဆပ်ပြာကအမြှပ်ထွက်ရတာနဲ့ ကုန်တော့မယ်။ စိုနေတဲ့လက်လည်း ထပ်ထပ်ပြီးစိုလာတယ်။ သောကအထည်လေးကို ကိုယ်တိုင်ချုပ်ဝတ်လိုက်တယ်။ မကြည်ဖြူချင်လည်း ကြည်ကြည်ဖြူဖြူလက်ခံထားရတဲ့ လက်ဆောင်တွေအထပ်ထပ်။ ကိုယ်တိုင်စိုက်ပျိုးမိတဲ့ ကံတရားဟာ ဆုလဘ်တခုပေါ့။ အကောင်း အဆိုး ပက်ဖျန်းမှုရဲ့ရာနှုန်းတွေက ငါ့ ဝမ်းစာပဲဖြစ်တယ်။

    နောက်ကနေတကောက်ကောက်လိုက်နေတဲ့ ခြေသံကို ငါ နားစွင့်ထားတယ်။ ရှေ့ဖြစ်ဟောစရာမလိုတဲ့ ငါ့ မှတ်တိုင်တခုအတွက် ငါဟာ ဝှက်ဖဲတချပ်ဖြစ်တယ်။ မြင့်မြင့်ပျံချင်ရင်တော့ အပျံမြင့်ဖို့လိုတယ်မလား။ နေဟာ အတော်စောင်းလာခဲ့ပြီ။ စိုနေတဲ့လက်နဲ့ စိုနေတဲ့အဝတ်တွေကို ယပ်ခပ်ပေးရအုံးမယ်။ ။

သုထက်စျာန်
27.8.2021

Comments