သစ်ခက်သံလွင်ကဗျာ - ကျော်ဇင်ငထင် "မြေနီလမ်းပေါ်က သွေးစက်များအကြောင်း"

Art- Than Htay Maung

သစ်ခက်သံလွင်ကဗျာ
စက်တင်ဘာ ၁၊ ၂၀၂၁ 

"မြေနီလမ်းပေါ်က သွေးစက်များအကြောင်း"
ကျော်ဇင်ငထင်

‌ငါတို့က အိုတူး (O2) ဆိုတာမသိခင်
ထမင်းလုတ်ပုတ်ချခံရတဲ့ဘဝမျိုး
မိုးကမမှန်ဘူး
ပဲဈေးတွေကျတယ်
ဈေးကောက်ခ
ပေါ်တာကြေး ဧည့်စာရင်း
ကွမ်းရွက်ပုံတံဆိပ် အဆုပ်သန့်ဆေး
အဲ့ဒါ ငါတို့ဖျော်ဖြေရေးပဲ။

လူကလေးရေ...
မီးတွေပိတ်လိုက်
ညခွေးတွေ မြူးနေပြီ
ဆောင်ကြမ်းလေးဆွဲဆွဲခြုံရင်း
ညညဆို အိပ်မက်တံခါးရိုက်ဖျက်ခံရ
အစာမကြေတဲ့ဒဏ်ရာကို
ခွေးတစ္ဆေတွေ လာဝိုင်းဆွဲ
အံကြိတ်ခံရနေ့စွဲများ ။

အလောင်းတွေထပ်ပုံထားတဲ့ 
မြင်ကွင်းမျိုးကို
သွေးမျက်ရည်ကျတဲ့အထိ
ငါတို့အသုဘရှုခဲ့ရတဲ့နှစ်တွေ
ဘယ်ရထားမှ မစီးဖူးတဲ့အဘွားလည်း
သူမကြားဖူးတဲ့ရောဂါနဲ့သေပြီ။

အချိုးက
ကြက်ခိုးတဲ့ သူကြီးသားဆိုဒ်နဲ့
တိုင်းပြည်ကို ဘယ်ပြန်ညာပြန်တက်ခွခဲ့တဲ့ကောင်တွေ
ဘုရားတည်ကျောင်းဆောက်
သူ့အမျိုး ကိုယ့်အမျိုး တွေ့ရင်
လူဖြူစကားပြောကြသတဲ့ အဟက်..
နာရလွန်းလို့
ငါတို့မှာ မအ အောင်
သမိုင်း သင်စရာတောင်မလိုတော့ဘူး။

အဘွားရေ ......
ငြိမ်းချမ်းရေးပန်းခင်းထဲက
ခွေးတအုပ်ကို စုတ်ဖြဲပစ်ဖို့ 
ညစ်ထေးနေတဲ့ နိုင်ငံတော်ရဲ့
အလင်းကိုဆွဲဖွင့်နေပြီ
ဝါ /စိမ်း/ နီ ဝါဒဟာ
နေဝင်နေပြီဖြစ်ကြောင်း ကြော်ငြာစရာမလို ။  ။

Comments