သစ်ခက်သံလွင်အက်ဆေး - သုထက်စျာန် ' လေဥ '

သစ်ခက်သံလွင်အက်ဆေး
သြဂုတ် ၂၅၊ ၂၀၂၁

လေဥ
သုထက်စျာန်

ကြက်ခြေခတ်များသည့် လှောင်အိမ်ကြီးထဲငှက်က​လေးဟာ လေကိုထိုးဆိတ်နေရ။

မျက်နှာဖုံးတွေရဲ့ ညစာစားပွဲမှာ တံဆိပ်ကပ်ခံထားရသော ဟင်းကောင်းတစ်ခွက်။ အိပ်တန်းမဲ့နေတဲ့ ငှက်။ လက်ဝါးချင်းရိုက်သည့် ပွဲတော်၏ ကချေသည်။ပျံသန်းခွင့်ကခြေထောက်မှာ ကြိုးကွင်းနဲ့။ ယမ်းနံ့ကတဘက်၊ ပန်းနံ့က တဘက်။ လူသားတို့ဖန်တီးထားတဲ့ လက်ရာသည်ကား မုသားရောင်လက်လက်ထလျက်ရှိ၏။ အဖွင့်အပိတ်များတဲ့ တံခါးတချပ်။ လှေကားတခု။ ပျံသန်းနေရင်း အပျံလမ်းတွေ ပျောက်ရှနေတဲ့ ငှက်။ ရင်နှင့်လွယ်ကြည့်သမျှ ရင်နင့်စရာ ရုပ်ရှင်။အိပ်မက်အလင်း။

မုသားတို့လွှမ်းခြုံထားရာ တံတား။ မြှပ်ချီပေါ်ချီ အသက်လုနေရသည့် ရတနာ။ အမှောင်လမ်းတွေထဲက ပိုးစုန်းကြူးလေးတကောင်။ ကျည်ဆိပ်သင့်နေသည့် သေနတ်။ မပေါ်ထွန်းနိုင်သေးသည့် ဂြိုဟ်။ လောင်းရိပ်ပိနေသည့် ကြယ်။ ကမ္ဘာကြီး၏ အလိုအပ်ဆုံးလက်နက်။
အဖြူအမည်းယဉ်ကျေးမှုတွေ။ လူတန်းစားခွဲခြားမှုတွေ။ စစ်မက်ထူပြောမှုတွေ။ လက်သည်းဝှက်ထားသည့် သံတမန်ခင်းလမ်းတွေ။ ဆင်းရဲမွဲတေမှုတွေ။ ဉာဏ်ရည်နိမ့်ချခဲ့ခြင်းတွေ။ ဇောက်ထိုးဆွဲထားသည့်ပညာရေးပရောဂျက်တွေ။ အလိုရမ္မက်ကြီးမှုတွေ။ ဇာတ်တူချင်း အမွေလုခန်းတွေ။ လက်ရေးလှလှ အဓိပ္ပါယ်မဲ့နေမှုတွေ အစီအရီ။ ...စသည် စသည် အဖုံဖုံသော စိတ်မချမ်းမြေ့မှုတို့သည် ဖျော်ဖြေမှုယန္တရားကြီးအဖြစ် စာလုံးထွင်းခံသက်သက်သာဖြစ်သည်။

စီးဆင်းသလိုနှင့် မျောပါနေသော ခေတ်။ အခု သောင်ထွန်းနေလေပြီ။ အရိုးပြိုင်းပြိုင်းထနေသော နယ်ပယ်များ။ အရူးထခြင်းကိုလက်တည့်စမ်းကြည့်ကြရင်း အရူးရောဂါစွဲကပ်ကုန်ကြသည်။ စိတ်ဖောက်ပြန်မှုတရားတို့သည် ကြောက်မက်ဖွယ်ကောင်းလှ​ပေသည်။ ထိုထိုသော အရူးများကြောင့် အနာဂတ်တို့သည် ကန္တာရဆန်ခဲ့ပြီ။
လေလှိုင်းတွေထဲတွင် လေဟုန်စီးနေကြသည်။ လှိုက်လောင်နေသောအတွင်းမီးစတို့သည် ပျက်စီးခြင်း၏ပုံရိပ်စစ်စစ်ဖြစ်သည်။ အမှန်တရားတို့သည် ထုထည်ကြီးမားသောအရပ်တွင် ကိန်းဝပ်နေပြီဖြစ်သည်။ စမ်းတဝါးဝါးနှင့်ရွှေရည်စိမ်နေ့ရက်တို့သည်ကား မြင်သာမြင်ရ မကြင်နာရဆိုသလိုဖြစ်၏။ ငှက်ကလေးသည် ကြားခံနယ်တခုဖြစ်နေရသည်။ အခုထိ လှောင်အိမ်ထဲမှာ လေကို ထိုးဆိတ်နေရင်း ..... ။ ။

သုထက်စျာန်
21.8.2021

Comments