သစ်ခက်သံလွင်ကဗျာ - လင်းသစ္စာဦး - 'ဆန်းပြားတဲ့ ခေတ်'

Art - Than Htay Maung
သစ်ခက်သံလွင်ကဗျာ
သြဂုတ် ၂၃၊ ၂၀၂၁

ဆန်းပြားတဲ့ ခေတ်
လင်းသစ္စာဦး

ထူးတယ်ဆိုလည်းထားတော့
ခုက ရူးနေကြတာ....

လက်တည့်စမ်းလို့ရရင်
သူ့နှလုံးသား ဇကာပေါက်ဖြစ်တဲ့ထိ
လေမပင့်ပေမယ့်
မီးကလောင်ခဲ့ပြီးပြီ....

ဘယ်နေရာမှ ရေမကြည်ခဲ့ကြဘူး
ဘယ်နေရာမှ မြက်မနုခဲ့ကြဘူး
မိုးသားတွေက အစ
အချိန်ရရင် ဆန္ဒပြမယ်ချည်း
ထင်တလုံးနဲ့ ထုံးတမ်းစဉ်လာထင်နေကြသူတွေ....

မျက်နှာဖြတ်ရိုက်သွားတဲ့ လေပြေ
ခံရစိုးလှချည့်
မသေမချင်း
ကဗ္ဗည်းတင်ထားရမယ့် ရာဇဝတ်သားတွေ
မကျွတ်မလွတ်မှာ အသေအချာပဲ....

မအောင်မြင်မှုပန်းကုံးနဲ့
အရူးရှုံးအောင် ကနေကြ
မျောက်တွေကလည်း
မျက်ကလဲ ဆန်ပြာ
ဆန်းပြားတဲ့ခေတ်ကြီးထဲမှာ.....


Comments