သစ်ခက်သံလွင်ကဗျာ - မြသွေးနှင်းဆီ၊ ကေအိုဇေ

သစ်ခက်သံလွင်ကဗျာ
 သြဂုတ် ၂၁၊ ၂၀၂၁

အဟောင်းဆိုင်
မြသွေးနှင်းဆီ

နာနာကျင်ကျင်ချခင်းထားတဲ့
ဂုဏ်သိက္ခာများ

ဖိဖိဖော့ဖော့
လျှော့ချထားရတဲ့
ကိုယ်ကျိုးအတ္တများ

မရေမရာချိတ်ဆွဲထားတဲ့
အနာဂတ်အကျိုးအပဲ့များ

အလှဆုံးကတော့
ရောင်းရန်မဟုတ်ပါဆိုတဲ့
တစ်ဖက်သတ်ပေးဆပ်မှုများ

ကဲ!
သေချာပြီဆို
ကံနဲ့ရှင်းမလား
ဉာဏ်နဲ့ချေမလား
အရောင်းစာရင်းလေးဖွင့်ရအောင်။

18 August 2021

...


တာလီဘန်တွေ ကဘူးလ်မြို့ကိုသိမ်းတဲ့နေ့က
ကေအိုဇေ

တာလီဘန်တွေ ကဘူးလ်မြို့ကို သိမ်းတဲ့နေ့က
တဖြောက်ဖြောက်ကြွေနေတဲ့ မိုးစက်တွေအောက်
လှေကလေးကို လှော်နေခဲ့တယ်
လူဆိုတာ ကိုယ့်ထိမှ နာတတ်တာမျိုးမို့လား
မြစ်ကလည်း စီးမြဲစီးဆဲ
ရေလေးတဖွေးဖွေး သီချင်းလေးတအေးအေးပေါ့
ကယ်ဆယ်ရေးလေယာဉ်တွေ တဖွဲဖွဲနဲ့လာကယ်ကြ
ဒီနေရာအနီး ရောက်လာမယ်မထင်ဘူး
တာလီဘန်တွေက တချိန်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တော့
ကြောက်လန့်တကြား စွန့်ခွာထွက်ပြေးကြတာမဆန်းပါဘူး
အဖြစ်ပျက်က
စိတ်ပျက်စရာ
ဆွံ့အသွားခဲ့ရ
လေထဲရောက်နေတဲ့လေယာဉ်ပေါ်ကနေ ပြုတ်ကျသေဆုံးသွားသူတချို့ကို  မြင်ရတဲ့နောက်မှာပေါ့
လှေကလေးကို လှော်မြဲ လှော်ဆဲ
တာလီဘန်တွေက ဆုံးရှုံးသွားတဲ့အခွင့်ရေးတွေ ပြန်ပေးမလားမသိနိုင်ဘူး
သေချာတာက သူတို့အသက်ကို သူတို့ပြန်မရတော့တာပဲ
ရုတ်တရက်
မြစ်က ပင်လယ်အခွံထဲ ခုန်ချလိုက်တဲ့အခါ
လှေကလေးလည်း လူးလူးလွန့်လွန့် မျောပါ
ကိုယ်တိုင်လည်း လှေပေါ်ကနေ ခုန်ချလိုက်ရတော့တယ်
ကယ်ဆယ်ရေးလေယာဉ်တွေ ရောက်မလာမှာတော့ အသေချာပါပဲ ။

...

Comments