ခင်လွန်း - '' ကျနော့်အဘိုး ကားလ်မက်ခ် ''

Ink Sketch - Khin Lunn
'' ကျနော့်အဘိုး ကားလ်မက်ခ် ''
ခင်လွန်း
(သစ်ခက်သံလွင်)သြဂုတ် ၁၈၊ ၂၀၂၁

'' ကျနော့်အဘိုး ကားလ်မက်ခ် ''

ဒီရက်ပိုင်း မိုးများပြီး သိပ်အေးတဲ့နေ့ညတွေချည်း ထပ်တလဲလဲလည်နေတာမို့ လမ်းလျှောက်လေ့ကျင့်ခန်းတောင် မလုပ်နိုင်ပါဘူး၊ ဒါနဲ့ပဲ အကြောင်းပေါင်းစုံနဲ့ တအုံ့ခဲခဲဖြစ်ရတဲ့စိတ်ဟာ ရေထဲခေါင်းနစ်ထားသလို ပိုပြီးမွန်းလှပါတယ်။ တွေ့ရာနဲ့အရုပ်ဆွဲတတ်တဲ့ငယ်ငယ်ကဝါသနာလေးသာမရှိခဲ့ရင် ဒီလိုရက်တွေဟာ လေထဲခုန်ချချင်စရာမျိုးပေါ့။
ဟုတ်တယ်၊ မင်နဲ့ခြစ်ရတဲ့အရုပ်လေးတွေအိပ်ရာပေါ်နေရင်း ခြစ်ဖြစ်တယ်။ ဒီပုံကတော့ အခုဆွဲအခုတင်တာ။
ပုံဆွဲပြီး ကိုယ့်ဘာသာသတိရတာလေးရှိလို့ပြောချင်လာတာနဲ့ပုံကိုတမင်တင်တာပါ။ ပန်းချီဆရာမဟုတ်တော့ ပုံ ...ကောင်း ညံ့ စသဖြင့် ပြောချင်တာမျိုးမဟုတ်ပဲ အခုလိုအမွှေးထူလဗျစ်နဲ့လူပုံကြီးကိစ္စပြောချင်လာတာပါ။
ဟိုးလွန်ခဲ့တဲ့အနှစ် အစိတ်လောက်က ထိုင်း-မြန်မာနယ်စပ်တနေရာမှာ (အဲဒီတုန်းက မြန်မာကမ်းနဲ့ထိုင်းဖက်ကမ်းကူးဖို့ရာဟာ အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့ အချိန်) ကျနော့်ကို လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ခေါ်ယူစစ်ဆေးဖို့ သူတို့စခန်းတနေရာကိုခေါ်သွားပါတယ်။ ကျနော်က နဂိုနေတတ်တဲ့စတိုင်အတိုင်းလွယ်အိတ်ခပ်ကြီးကြီးတလုံးလွယ်လျက်နဲ့ပါ။ လွယ်အိတ်ထဲဘာပါသလဲဆိုတော့ နယ်စပ်မှာစီစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိဖို့အတွက် လိုအပ်နေတဲ့ဓာတ်ပုံတွေကို စာအုပ်တအုပ်ကြား ညှပ်ယူလာတာ ပါပါတယ်။ သူတို့က ကျနော့်ကိုခုံတခုံမှာထိုင်ခိုင်းထားပြီး လွယ်အိတ်ကိုတော့ စားပွဲပေါ် ဇောက်ထိုးသွန်ချလိုက်ပါတယ်။

လွယ်အိတ်ထဲက စာအုပ်တွေထွက်ကျလာတာပါပဲ။ မျက်လှည့်ပြထားတာဘာမှမပါပါဘူး။ စာအုပ်ခါချလိုက်တော့လဲ စာအုပ်ထဲက နားရွက်လေးတထောင်ထောင်နဲ့ ယုန်ကောင်လေး ထွက်မလာပါဘူး။ ဒါပေမယ့် ဖြူမည်းဓာတ်ပုံ ၂ ပုံကတော့ လျှောခနဲ စာအုပ်တအုပ်ထဲက ထွက်ကျလာပါတယ်။ တပုံက ရှေးဓာတ်ရှင်မင်းသားကြီးဥပဓိမျိုးနဲ့ ခပ်ဖြောင့်ဖြောင့်အမျိုးသားကြီးပုံတပုံဖြစ်ပြီး တပုံကတော့ နှုတ်ခမ်းမွှေး မေးစေ့မွှေး(မုတ်ဆိတ်မွှေး)တွေထူလဗျစ်နဲ့ အမျိုးသားကြီးတယောက်ပုံပါ။

ခပ်ဖြောင့်ဖြောင့်အမျိုးသားကြီးပုံက မုန်တိုင်းထဲကလူ စာရေးဆရာ လင်းယုန်ကြီးဗန်းမော်တင်အောင်ပါ။ နောက်တပုံကတော့ ကားလ်မက်ခ်ပုံဖြစ်ပါတယ်။ ဒီနေရာမှာ အားလုံးသိပြီးသားမို့ "ကားလ်မက်ခ်" ဘယ်သူလဲ ဘာလဲ ထည့်မရေးတော့ပါဘူး။ ကျနော်တင်ထားတဲ့ပုံနဲ့ဆက်စပ်ပြလိုရင်းသာ ဖြစ်ပါတယ်။ 
စာအုပ်ထဲက ထွက်လာတဲ့အဲဒီ့ပုံနှစ်ပုံကို ပခုံးမှာအပွင့်တင်ထားတဲ့အရာရှိဟာ မျက်မှောင်ကြီးကြုတ်ကာ ကြည့်ပါတယ်။ ပြီးတော့ ဓာတ်ပုံကိုင်ထားတဲ့ လက်ကိုဆန့်ထုတ်ရင်း အဝေးကြည့်လိုက်၊ တခါပြန်ကပ်ကြည့်လိုက်၊ စားပွဲတဖက်မှာထိုင်နေတဲ့ ကျနော့်ကိုကြည့်လိုက်နဲ့ လုပ်နေပါပြီ။ 

ကြည့်ရတာ ကျနော်ရယ် ဒီဓာတ်ပုံတွေထဲက လူနှစ်ယောက်ရယ် ဘယ်လိုပတ်သက်နေလဲ...စူးစမ်းပုံမျိုးပေါ့။
ဒါဟာ တကယ်တော့ ပြဿာနာအကြီးကြီးပါ။ ဘယ်လောက်ကြီးသလဲဆို အသက်နဲ့ကိုယ် အိုးစားကောင်း ကောင်းကွဲသွားနိုင်တဲ့ပြဿာနာကြီးပါ။
ဒီ့အတွက် စားပွဲရဲ့တဖက်ခြမ်းဆီမှာ သူနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ကျနော်ဟာ တတ်နိုင်သမျှစိတ်ကိုထိန်းရင်းမျက်နှာပေါ် ဟန်ချက်မပျက်အောင်နေရပါတယ်။ 

ဘာလို့လဲဆိုတော့ ဒီကိစ္စက ဒီမှာတင်မရပ်ဘဲ ကျနော်စီးလာတဲ့အဝေးပြေးကားပေါ်က စာအုပ်စာတမ်းတွေပါရာခရီးဆောင်အိတ်ကြီးတအိတ်ကို သူတို့လက်ထဲရောက်အပ်လိုက်ရရင် ... အင်း ဘယ်လိုမှဆက်မတွေးရဲတဲ့အဖြစ်တွေဟာ နယ်စပ်လမ်းခရီးတလျှောက်ပုံပြင်တပုဒ်အဖြစ်တောင် လူသိရှင်ကြားကျန်ရစ်နိုင်မှာမဟုတ်ပါဘူး။ ဆိုလိုတာက ပေမရှည်အောင် အပျောက်ရှင်းကြတဲ့ခေတ်ဟာကိုး။

"ဟေ့လူ ခင်ဗျားက ဘယ်သွားမှာလဲ "
" မြဝတီကိုပါ"
"မဲဆောက်မဟုတ်ဘူးလား"

ဒီနေရာမှာ ကျနော်နည်းနည်းဉာဏ်ကူရပါတယ်။ (ဓာတ်ပုံတွေသူတို့ရထားတဲ့အတွက်)။

" ခဏတော့ သွားပါ့မယ်"
"ဘာလုပ်ဖို့လဲ"
" အဲဒီ့ဓာတ်ပုံလေးတွေ ဆေးသားပြန်တင်ချင်လို့ပါ။ မဲဆောက်က ဓာတ်ပုံဆိုင်တွေကောင်းတယ်ဆိုလို့"
"သြ"
ကျနော်စကားဆုံးတော့ ဓာတ်ပုံတွေသူပြန်ကြည့်ပါတယ်။ ကျနော့်ကိုလဲပြန်ကြည့်ပါတယ်။

" ဒီပုံတွေက ဘယ်သူတွေလဲ"
"တယောက်က ကျနော့်အဖေပါ၊ မှုတ်ဆိတ်မွှေးနဲ့က ဘကြီးပါ။ အဖေ့အဖေ"

ဒီနေရာမှာ ကျနော် တော်တော်ရင်းပြီးပြောလိုက်ရတာပါ။ အတွက်မှားရင် အကြီးကြီးပေးရတော့မှာ။
ကျနော်တွက်တာက ပခုံးပေါ်အပွင့်နဲ့လူဟာ ဒီပုံတွေကို တခါဖူးမှမြင်ဖူးတွေ့ဖူးမယ့်ပုံမရှိနိုင်တာရယ်၊ ကျနော့်ကိုဒီကိုခေါ်လာတဲ့ သူ့ငယ်သားတွေကလဲ ဒါမျိုးနဲ့ ဆယ်ကမ္ဘာလောက်လူဆက်ဖြစ်ရင်တောင် သိနိုင်လောက်မယ့်ပုံမျိုးမရှိလို့ ရင်းလိုက်တာလဲပါပါတယ်။ 

" ခင်ဗျားနဲ့လဲမတူကြပါလား"

ကျနော်လှပ်ခနဲတော့ ထိတ်သွားတယ်။ ဒါပေမဲ့ ဘယ်ကဘယ်လိုထွက်လာတတ်မှန်းမသိတဲ့ ဉာဏ်အစိမ်းရောင်လေးကနေ ...

"ကျနော်က အမေတူ၊ အဖေ့ဘက်မလိုက်ဘူး၊ အဘိုးနဲ့တော့တူတယ်ပြောတယ် " (ကျနော်က နောက်တပုံအတွက် ကြိုပြင်တဲ့အနေနဲ့ပြောလိုက်တာ)

"ခင်ဗျားအဘိုးက ကုလားလား "
" ကပြားပြောတာပဲ၊ အမွှေးထူတယ်"
"ခင်ဗျားအဘိုးတွေအဖေတွေရှိသေးလား"
"သေတာကြာပြီဗျ၊ အဲဒါ အမေက ဓာတ်ပုံလေးတွေ အမှတ်တရပြန်ကူးထားဆိုတာနဲ့ မဲဆောက်ဘက်ရောက်ရင် ဝင်လုပ်ခိုင်းမလို့"

ဓာတ်ပုံဇာတ်လမ်းကတော့ ဒီလောက်ပါပဲ။ စာအုပ်တွေက နဂိုထဲက အစီအစဉ်ရှိရှိပြင်လာတဲ့ ဗေဒင်ဆရာသုံး သန္နိဋ္ဌပြက္ခဒိန်လို ကောင်းကင်ဂြိုဟ်သွားစာအုပ်တွေပါ။ ဆယ်စုနှစ် အတွဲလိုက်အတွဲလိုက် ၃ စုံထည့်လာတာ။ ဒါမှ ကိုယ်နည်းနည်းသိတဲ့ ဇာတာခွင်ဂြိုဟ်တွေထည့်တဲ့ဟာလေးနဲ့ ယုံအောင်လုပ်ပြနိုင်မှာမဟုတ်လား။ ဒီတော့ အဲဒီ့စာအုပ်ထဲက တချို့စာမျက်နှာတွေမှာ ဟိုနားအထာလေးနဲ့ရေး၊ ဒီနားအထာလေးနဲ့ရေးထား တေးထားတာလေးတွေ သူတို့ဖတ်မရတော့ဘူးပေါ့။ ဒါတောင်မေးတော့မေးသေး။ ဒါ ဘာလုပ်တဲ့စာအုပ်တဲ့တွေလဲတဲ့။ ကျနော်က ဗေဒင်ဟောကြောင်း၊ ဒါ ဗေဒင်ဆရာသုံး ပြက္ခဒိန်တမျိုးဖြစ်ကြောင်းနည်းနည်းရွှီးရတာပေါ့။

အဲ ဗေဒင်တောင် ကြည့်ခဲ့ပေးရသေး။ သူက မိတ်ဖြစ်ဆွေဖြစ်ပေါ့ဗျာ။ သတင်းတွေရထားလို့ ခုလိုခေါ်မေးမြန်းရတာ အားနာပါတယ်...တဲ့။
ရာထူးတိုးမလား၊ ထူးထူးခြားတဲ့အပြောင်းအလဲ ဘာရှိမလဲတဲ့။
စတိတော့ ဖြီးခဲ့ရမှာပေါ့။ မမှတ်မိတော့ဘူး။ 

ခုလို ဂျီဇက်တွေကြိုးပမ်းနေတဲ့ကာလမျိုးသာဆို အင်း ... ဗျို့ဆရာရေ ... ဇနကသင်္ဘောပျက်ကိန်းမြင်တယ်ဗျ။ ဇာတာအရလဲ မရဏဘာဝကို စနေရော အင်္ဂါပါ အထူးမြင်နေတော့ ခက်နေပါရောလားဗျာလို့ ...ခပ်ဖိဖိလေးများပြောမိလေမလားပဲ။

ခင်လွန်း
၁၈၊  ၀၈၊ ၂၀၂၁
၁၈း ၁၀ နာရီ

Comments