သစ်ခက်သံလွင်ကဗျာ - နေလင်း '' ငှက်သင့်တောလား ''

သစ်ခက်သံလွင်ကဗျာ
သြဂုတ် ၂၀၊ ၂၀၂၁
-
'' ငှက်သင့်တောလား ''
နေလင်း

ခြောက်ကပ်ကပ်မြင်ကွင်းအဟောင်းလေးကို
ပြတင်းပေါက်မှငေးခွင့်ရနေခြင်းဟာ
ရှင်သန်ခွင့်လေး၏ အဖိုးအခထင်ပါရဲ့
ဘတ္ထရီမကုန်နိုင်တဲ့ ပေါက်ဓားတလက်က
အသက်နောက်ကို လိုက်နေ

ဝါးစုဘူးလေးအသက်မရှိခင်က
ပျိုရွယ်တဲ့တောတန်းလေးမှာ
လေပြေတေးနဲ့ ယိမ်းနွဲ့မိခြင်းအပြစ်သာရှိကြောင်း
ဝါးတစ်ပင်ဟာ
ပြည်ပထုတ်စက္ကူတစ်ရွက်ပေါ်မှာ
သေတမ်းစာချန်ခဲ့၏

တောကြောင်တွေ အိပ်ရေးပျက်ရုံလောက်လေး
တောမီးက မလောင်တတ်တော့
အလင်းအတွက်အပေးအယူမှာပွဲလန့်ချိန်
လက်မောင်းသွေးတွေ ဘေးရှောင်ကုန်တယ်

ကြယ်တာရာတွေဆီသွားကြ
ကျောက်ခေတ်ကိုပြန်ကြ
လမ်းများဟာ သဘောထားကွဲလွဲပြီး
အမှန်တရားများဟာ အပျိုစင်တွေရှိုးလျှောက်သလို
မရဏလမ်းပေါ်မှာ 
မိတ်ကပ်အဖွေးသားနဲ့ သရဖူမျှော်လင့်ချက်တွေ

အဲ့ဒီခေတ်မှာ
ဒီဇင်ဘာဟာနှင်းကိုပစ်ခဲ့
ရာသီဥတုတွေအားလုံး 
ငယ်ပေါင်းနဲ့ခွဲ အငယ်အနှောင်းနဲ့တွဲကြ
ဒွန္နယာကြီးတခုလုံးရဲ့သမိုင်းအားလုံးဟာ
မဲမ်မိုရီစတစ်ခ်တခုအတွင်းမှာပြည်ဖုံးကားချသွားကြရဲ့။ ။ ။

နေလင်း 


Comments