နေလင်း - နွေဦးစကား

Photo -Crd

နွေဦးစကား
နေလင်း
(သစ်ခက်သံလွင်) ဇူလိုင် ၁၇၊ ၂၀၂၁

ကိုမင်းကိုနိုင်ရေးခဲ့တယ်
ဝေစုတောင်းရင် တက်တစ်ချောင်းရမယ်တဲ့
"ဘယ်လိုလဲ ညီအစ်ကိုတို့"

ဒေါက်တာဆာဆာကပြောတယ်
ဒီမိုကရေစီဆိုတာ
လူ့သားတိုင်း၏ 
အခွင့်အရေးပန်းတိုင်တဲ့
"ဘယ်လိုလဲ ညီအစ်ကိုတို့"

ဒေါက်တာဇော်ဝေစိုးပြောတယ်
CDMပြုလုပ်ခြင်းနဲ့
အာဏာရှင်များကိုမောင်းထုတ်ရမယ်တဲ့
"ဘယ်လိုလဲ ညီအစ်ကိုတို့"

မဲပေးခွင့်မရတဲ့
တစ်ဆယ့်ရှစ်နှစ်အောက်ကလေးတွေ
အသက်ပေးခွင့်ရခဲ့ပြီ
မမွေးဖွားသေးတဲ့ 
ကိုယ်ဝန်သက် ငါးလသားသ္မီးတွေက အစ

သူငယ်ချင်းတစ်ယောက်ကဖုန်းဆက်ပြီး
"အဘိုးအဘွား အမိအဖကစ
ငါတို့နဲ့ငါတို့သားသမီး မြေးမြစ်အထိ
အာဏာရှင်တွေရဲ့လိမ်ညာလှည့်စားမှုကို
ခံနေရဦးမှာလား"လို့
ငိုသံကြီးနဲ့ဆိုလာ

တာဝန်ကျေမှုရွက်နုများဟာ
ကျွန်တော်တို့နဲ့အတူထိုးထွက်ရင့်မာလာကြ
တော်လဲသံတွေအထပ်ထပ်နဲ့ ပစ်ခတ်မှုများရှေ့
ရဲဝံ့
အိပ်ရေးဘယ်လောက်ပျက်ပျက်
သောကြာ​ကြယ်တွေလိုချီတက်

ရိုးမမှာစစ်ပွဲရှိသလို
မြို့ပြမှာစစ်ပွဲရှိလာတာကလည်း
အလုံးစုံအောင်မြင်ရေးရဲ့
အလံတော်ဖြစ်တယ်
နွေဦးဟာ 
လူကြီးလူကောင်းပီသစွာ
ဇူလိုင်တစ်ဆယ်ကိုးမှာ
အာဇာနည်နေ့အခမ်းအနားကို
မျက်ရည်ကျပြသွား၏ ။ ။ ။


Comments