နေလင်း - မြို့ပြတော်လှန်ရေး


မြို့ပြတော်လှန်ရေး
နေလင်း
သစ်ခက်သံလွင်
ဇွန် ၈၊ ၂၀၂၁

ငါ့သူရဲကောင်းမလေးရေ 
(ငါတို့သည်
နိုင်ငံတော်နဲ့နိုင်ငံသားများအပေါ်သစ္စာစောင့်သိပါမည်လို့)

ငါ့သူရဲကောင်းမလေးရေ 
လေးလကျော်တော်လှန်ရေးဟာ
အခုတော့မုန်တိုင်းဆန်လာပေါ့

ငါ့သူရဲကောင်းမလေးရေ
အချို့ကငွေရင်းကြရဲ့
အချို့ကအသက်ရင်းကြရဲ့
အချို့ကပညာရင်းကြရဲ့
ပစ္စုပ္ပန်ကိုရင်းပြီးတော်လှန်နေခြင်းဟာ
ဒီမြေပုံလေး(ဒီပထဝီဝင်အနေအထားလေး)ရဲ့
လားရာအတွက်ပဲလို့မတွေးခေါ်မိစေနဲ့

ငါ့သူရဲကောင်းမလေးရေ
ဒီနေ့တော့ငါတို့ဝေးကြပြီ
လူတိုင်းဘဝပျက်နေချိန်မှာ
ငါတို့ရဲ့ပျက်ခြင်းကဘာမှပိုမထူးဆန်းဘူး

ငါ့သူရဲကောင်းမလေးရေ
ကဗျာဆရာတွေသေတယ်ဆိုတာ
နိုင်ငံတော်ရဲ့အနုပညာတစ်ခုကျဆုံးမှုပါကွယ်

ငါ့သူရဲကောင်းမလေးရေ
ဖြစ်ခြင်းဟာ သူတို့နဲ့ဆိုင်ပြီး
ပျက်ခြင်းကသာငါတို့နဲ့ဆိုင်သည်......တဲ့
သစ်ရွက်တွေကအစ
သစ်ပင်ပေါ်ကနေလမ်းပေါ်ထွက်ကြွေပြနေပြီ

ငါ့သူရဲကောင်းမလေးရေ
တော်လှန်ရေးကိုမျှဝေတည်ဆောက်သလို
သေးခြင်းတရားကိုလည်းမျှဝေရင်ဆိုင်ကြစို့
ငါတို့ပြီးရင်ကလေးတွေမှာအနာဂတ်ရှိတယ်

ငါ့သူရဲကောင်းမလေးရေ
အသက်တစ်ချောင်းတိုင်းမှာ
အသိုက်တစ်ခုစီရှိနေကြောင်း
သူတို့နားလည်ပါတယ်

ငါ့သူရဲကောင်းမလေးရေ
အဆက်အသွယ် မပြတ်စေနဲ့
အရာရာကိုရင်ဆိုင်ဖို့
အရာရာထက်ပိုရဲရင့်ရမယ့်နည်းကလွဲပြီး
ငါတို့မှာ
ဘာမှနောက်ထပ်မရှိတော့ဘူး။ ။ 

Comments