ခင်လွန်း - "တောရိုင်းရိုင်း တောင်ရိုင်းရိုင်းနေ့တနေ့"

Art - Sodium

"တောရိုင်းရိုင်း တောင်ရိုင်းရိုင်းနေ့တနေ့"
( တခါသားက ဘဝကို ပြန်ပြောင်းသတိရလို့ရေးတာ)
ခင်လွန်း
(သစ်ခက်သံလွင်) ဇွန်  ၂ ၊ ၂၀၂၁
-

မနေ့က ကဗျာဆရာ စာရေးဆရာ ဒါရိုက်တာလဲဖြစ် အမတ်ဟောင်းတယောက်လဲဖြစ်တဲ့ ရဲဘော်နဲ့ လိုင်းပေါ်မှာ ဖျတ်ခနဲလေးတွေ့ကြတယ်။
စက္ကန့်ပိုင်းလေးတခုရဲ့ ဆယ်ပုံတပုံအချိန်လေးလောက်ပေါ့။ တယောက်နဲ့တယောက် မျက်စလှမ်းပစ်ပြရုံ လောက်ပဲ။ အချိန်တွေဟာ ကိုယ့်အတွက်ထက် သူ့အတွက် အရေးကြီးနေတဲ့အချိန်မို့။
ထိတွေ့မှုတွေဟာ အချိန်တိုင်းကောင်းလှတာမဟုတ်ဘူးဆိုတဲ့သတိက ဘဝအရ စွဲနေတယ်။
တကယ်က နှစ်ယောက်ကြား သတိရစရာတွေရှိတယ်။ သတိရစရာ အကြီးကြီးတွေပါ။

သတိရစရာတွေထဲကတခုက ကိုယ်တွေစီးလာတဲ့ကားဟာ လမ်းပမ်းခက်ခဲတဲ့ တောကြီးတောင်ကြီး တနေရာရောက်နေတာကနေစရမယ်။
အဲဒီ့လမ်းဟာ အတက်တရက်၊ အဆင်းတရက် သတ်မှတ်ပြီး ယာဉ်တန်းကြီးတခုအဖြစ် ချိတ်ဆက် သွားကြရတဲ့ တောလမ်းတောင်လမ်း။
လမ်းက ကျဉ်းတယ်၊ ကြမ်းတယ်။ အကွေ့အကောက်အတက်အဆင်း များလှတယ်။ ပြီးတော့ ယမ်းနံ့ သွေးနံ့တွေ၊ ပေါက်သံ ဖောက်သံ၊ ပစ်သံ ခတ်သံတွေ အော်ဟစ်အမိန့်ပေးသံ၊ ညာသံပေး ဟစ်ကြွေးသံ။ မူးရူးဟားတိုက်သံ။ တောင်းပန်ခယသံ။ ညည်းတွား ငိုယိုသံ။ ဘုရားတရား ဂုဏ်တော်တွေ ဇောက်ထိုး မိုးမျှော် ရွတ်တွားဆုတောင်းသံတွေနဲ့ ဖုံးအုပ်ထုံလွှမ်းထားတဲ့လမ်းလို့လဲ ဆိုရကောင်းမယ့်လမ်းမျိုးပေါ့။ ပြောရရင် တောကနက်နက်ရိုင်းရိုင်း။

ဒီကြားထဲက လူတွေဟာ တဖက်နဲ့တဖက် သွားကြလာကြ ကူးကြသန်းကြရတာပဲ။ ရည်ရွယ်ချက်မျိုးစုံပေါ့။ တချို့လဲ ငွေထုတ်ထမ်းလို့။ တချို့လဲ ဝေးကွာနေတဲ့ဘဝတွေ ပေါင်းစည်း ချုပ်ဆက်ဖို့ ...စသည် ။ ကိုယ်တွေကတော့ ကိုယ်အသက်ကိုယ် ဖက်နဲ့ထုပ်လို့သွားရတယ်ဆိုရမှာမျိုးနဲ့။

သေချာတာက ပုံမှန်ခရီးသွားနေကြတဲ့လူတွေရဲ့သွင်ပြင်လက္ခဏာမျိုးမရှိကြတာပါပဲ။ ဟန်မူသွင်ပြင်တွေဟာ ဒီလမ်းတွေမှာ ရုတ်တရက်ကျရောက်လာလေ့ရှိတတ်တဲ့အန္တရာယ် အငွေ့ အသက်ကို အမြဲသတိကပ်ထားကြရင်း ဘယ်လိုရင်ဆိုင်ရပါ့မလဲလို့အသင့်ပြင်ထားကြပုံတွေက အထင်းသားပေါ်နေကြတာပါ။ ကိုယ်တွေလဲ ဒီအတိုင်းပဲနေမှာပေါ့။ ကိုယ့်ဘေးနားက ခရီးဖော်ကိုသာမက ရင်ဘောင်တန်းခုံတွေ၊ ရှေ့နောက်မှာရှိတဲ့ ခရီးသွားတွေကိုလဲ မသိမသာတော့ အကဲခပ်ထားကြရတာပေါ့။ အထူးသဖြင့် ကိုယ်နဲ့ဘေးချင်းကပ်ခရီးဖော်က ပိုအရေးကြီးတယ်။

အဲဒီ့နေ့ကတော့ ကိုယ့်ဘေးကပ်ရပ်ကျတဲ့ခရီးဖော်က တော်တော်လေး ဖိသိပ်ထိုးထည့်ထားရင်း လက်လွန်သွားတဲ့အိတ်ကြီးတအိတ်လိုဖောင်းကားကား။ အသားမည်းမည်း၊ မျက်ခုံးမွှေးထူထူ၊ နှာတံရိုး ခပ်မြင့်မြင့်၊ စွန်ငှက်များလို တဖျတ်ဖျတ်အရောင်တောက်နေတဲ့မျက်လုံးအစုံ၊ ဝတ်ထားဆင်ထားပုံအရ တဖက်ကမ်းကို ကုန်ကူးရောင်းဝယ်လေ့ရှိတဲ့ဥပဓိမျိုးနဲ့အမျိုးသမီးခပ်ရွယ်ရွယ်တယောက်။ သူနဲ့ကနှစ်ယောက်ထိုင်ခုံတန်းမှာထိုင်ကြရတာဆိုတော့ လက်လွန်အိတ်ဖောင်းကြီးဖြစ်နေတဲ့ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ကြွက်ပိန်လေးလိုဖြစ်နေတဲ့ကိုယ့်ကိုယ်ကို တွန်းကန်ထုတ်နေသလိုမျိုး ဖြစ်နေတာပေါ့။ ဒါ့ထက်ဆိုးတာက မတော်တဆ တချက်သားအကြည့်ချင်းအဆုံမှာ မီးကျည်ခဲနဲ့တူတဲ့အကြည့်စူးစူးနဲ့ လူကိုလှမ်းထိုးလိုက်ရုံမက ဒီအကြည့်ဆုံချက်စက္ကန့်ရဲ့တသန်းပုံ တပုံလောက်လေးကိုတောင် ဘာမကျေနပ်စရာမရှိလဲမသိ နီရဲအောင်ဆိုးထားတဲ့ နှုတ်ခမ်းကြီး စူထားလိုက်ပုံ။ အံမယ် သူ့လက်ပွေ့အိတ်ကိုလဲ ရင်ဘတ်ထဲပိုရောက်အောင် လက်နဲ့ပွေ့တင်လိုက်ပြီး ကျစ်ကျစ်ပါအောင် ဖက်ထားသေး။ ကိုယ်ကပဲ လုယူတော့မဲ့အတိုင်း။

အင်း ခက်တော့တာပဲ။ လမ်းဟာကြမ်းတယ်။ တောဟာ ရိုင်းတယ်။ ပြီးတော့ လမ်းဟာ အကွေ့ အကောက် အတက်အဆင်းများလှတယ်။

တချိန်မှာတော့ ကိုယ်တို့ကားဟာ တောင်နံရံတဖက်၊ ချောက်ကမ်းပါးကြီးတဖက်နဲ့ အတက်အဆင်း ခပ်စိတ်စိတ်နေရာတနေရာကိုရောက်လာတယ်။ အဲဒီ့တဖက်က ချောက်ကြီးဟာ ဒီခရီးစဉ် တလျှောက် လုံး အနက်ဆုံးနေရာပေါ့။ ကားပေါ်ကနေ အဲဒီ့ချောက်ကြီးထဲကို လှမ်းကြည့်ရင် ပိန်းပိတ်နက်မှောင်နေတဲ့ တောကြီးဟာ ကျားနက်ကြီးတကောင်ရဲ့ခံတွင်းကြီးလိုပါပဲ။ ကားဟာ ခရီးသည်အပြည့်၊ ကုန်တွေအပြည့်နဲ့။ ယာဉ်မောင်းဟာ ရှေ့ကယာဉ်တန်းနဲ့ရော နောက်ကယာဉ်တန်းနဲ့ပါ အဆက်ပျက်မသွားအောင် သတိနဲ့ထိန်းကျောင်းမောင်းလို့ပေါ့။

လမ်းခရီးမှာ ရဲဘော်နဲ့ကိုယ်နဲ့က လူချင်းခွဲထိုင်ထားကြတယ်။ တလမ်းလုံး တစိမ်းတရံတွေ တစုံတရာပတ်သက်မှုမရှိကြတဲ့လူတွေလို နေကြတယ်။ စကားမပြော မျက်လုံးချင်းမဆုံ၊ ကိုယ်ဟန်မူယာ မျက်ရိပ်မျက်ကဲမပြ၊ ဘာမှမဆိုင်သလိုနေကြ။ လမ်းက ကြမ်းတယ်မဟုတ်လား။ တောက ရိုင်းတယ် မဟုတ်လား။

ကားက တောင်ကိုဆင်းရင် ခုံတန်းရှေ့ကဘားကို ကိုင် ထားရတယ်။ တောင်ကိုတက်ရင်လဲ လက်က မလွှတ်ရဲဘူး။ တက်ရင်းဆင်းရင်းခေါက်ခနဲကွေ့ချလိုက်ရင် လူကယိမ်းသွားယိုင်သွားတော့ တဖက်က လေပူပေါင်းမဲမဲ ကြီးက သူ့ကိုယ်ကို ဆားနဲ့အတို့ခံရတဲ့တီလို တမင်ကျုံ့လိုက်တာသတိထားမိတယ်။ ငါ့နှယ် ...လမ်းကကြမ်းရတဲ့အထဲပေါ့။ အဲ သူ့ဘက်ကယိုင်ကျလာရင်တော့ ခုံပေါ်ကတွန်းချခံရသလို မဖြစ်အောင် ခြေထောက်ကို မနည်းကျားကန်နေရတယ်။ အမေ့သား အားကစားလုပ်ခဲ့လို့ပေါ့အမေရယ်၊ နို့မို့လို့ကတော့ ချောက်ကြီးထဲ ရှုံ့တွတွဘောလုံးတလုံး လှိမ့်ချလိုက်သလိုနေမှာ။

အဲ ... အဲဒီလိုအချိန်မှာပဲ ....
" ဂျိမ်း " "ဖောင်း" " ဒိုင်း" "ဒက်ဒက် ဒက်ဒက်" "ရွှီးန်" "ဖျောင်းန်"

အသံတွေအစုံပဲ။ အသံတုဝိဇ္ဇာကြယ်တလုံးလဲမဟုတ်တော့ အသံမထွက်တတ်တော့ဘူး။

လက်နက်ကြီး လက်နက်ငယ် စက်သေနတ် ..အဲဒါတွေပစ်ကြခတ်ကြတာ...
ကားဆရာနဲ့ ယာဉ်နောက်လိုက်တို့ဆီကလား ခရီးသည်တဦးဦးဆီကလားမကွဲပြားတဲ့အသံကြီးတသံက သေ နတ်သံတွေကြားကနေ ဖောက်ထွက်လာတယ်။
" တိုက်ပွဲဖြစ်နေပြီ ခေါင်းငုံ့ထားကြ" တဲ့။

ဘယ်သူက ဘယ်သူ့ကိုပစ်တာလဲ ... တောင်နံရံကိုပစ်တာလား ကားကိုပစ်တာလား သူ့ကိုပစ်တာလား ကိုယ့်ကိုပစ် တာလား ...
မသဲကွဲဘူး၊ ဘယ်ဘက်ကပစ်နေမှန်းလဲမသိဘူး။ တောင်နံရံရဲ့ပဲ့တင်ဟာ တတောလုံးတတောင်လုံးကို ဟိန်းထ ဆူညံနေတယ်။

ကားဆရာဟာ သူ့ကားကို နိမ့်လျှောကြီးဖြစ်နေတဲ့တောင်လမ်းမှာ အရှိန်ထည့်ပြီး မောင်းနေတယ်။ တဖက်ကချောက်ထဲထိုးကျမသွားအောင်ရယ် ဘယ်ကရယ်လို့ပေါ်လာမှန်းမသိတဲ့ "အုန်းခနဲ ဝုန်းခနဲ ဂျိမ်းခနဲ" အသံကြီးနဲ့ ကားကိုထိလာမှာစိုးတာရယ်နဲ့ သူ့ခမျာမောင်းနေရရှာတယ်။ ဘာလို့သိလဲဆိုတော့ ကိုယ်က ကားရှေ့ပိုင်းဆီလှမ်းကြည့်ရင်း ကားဆရာကိုမြင်နေရတာကိုး။ ဇက်ကိုပုရင်း ခေါင်းကိုငုံ့ရင်း သူမောင်းနေတယ်။ တချက်ဘရိတ်ကိုဆောင့်နင်းလိုက်တော့ ကားပေါ်ကလူတွေ ခုံပေါ်ကဆောင့်တွန်းချခံလိုက်ရသလို အားလုံး ကားကြမ်း ပြင်ပေါ် မှောက်လျားထိုးဖြစ်ကုန်ကြတယ်။

တောကရိုင်းတယ် ကြမ်းတယ်မဟုတ်လား။ အဲဒီ့အချိန်ကိုယ်က ဖျတ်ခနဲအသိကပ်လိုက်ပြီး ကိုယ့်ရဲဘော်ဘက်ဆီ လှမ်းကြည့်လိုက်တယ်။ ခုံပေါ်မှာ ဘယ်သူမှမတွေ့ရတော့ဘူး။ အားလုံးကြမ်းပြင်ကို နမ်းနေကြပြီ။

အဲကိုယ်ကတော့ အဲဒီ့အချိန် ဘိနဲ့အဖိခံထားရတဲ့ကြွက်ပိန်လေးဖြစ်လို့။ ဘာလို့လဲဆိုတော့ ဘေးက အိတ်ဖောင်းကြီးရဲ့ခန္ဓာကိုယ်တခုလုံးက ပြတင်းပေါက်ဘက်မှာဆိုတော့ ကားကြမ်းပြင်ကိုဝပ်မချနိုင်ဘဲဖြစ်သလို လှဲချလိုက်တော့ ကိုယ့်ပေါင်ပိန်ပိန်လေးပေါ် လယ်ထွန်စက်နောက်ဘီးကြီးတင်ထားသလို ဖြစ်နေပြီပေါ့။

ပြည်တွင်းစစ်။ 
အာဏာရမ္မက် အသေဖက်တွယ်ထားတဲ့လူတစုနဲ့ တရားမျှတလွတ်လပ်ခြင်းအတွက်တိုက်ပွဲ။

တောကရိုင်းတယ်။ ကြမ်းတယ်။

တချိန်ပြည်သူတွေရဲ့အားပေးထောက်ခံမှုနဲ့အတူ ပြည်သူတွေရှေ့ မားမားမတ်မတ် ရပ်တည်ဖို့ အမတ်ဖြစ်လာမယ့် တချိန်က နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ ကိုယ်နဲ့အတူ ခေတ်ဆိုးစနစ်ဆိုးကြီးတခုကိုပျက်သုဉ်းသွားအောင် ကြိုးစားလှုပ်ရှားနေတဲ့ ကိုယ့်ရဲဘော်ဟာ တောကြမ်းကြမ်း တောင်ကြမ်းကြမ်း ယမ်းငွေ့နဲ့ သေနတ်သံ ဗုံးသံ တွေကြားမှာ ကားကြမ်းပြင်ပေါ် ဝပ်လို့။

ကိုယ်က လယ်ထွန်စက်ဘီးကြီးတအိအိဟာ ပိလို့။ ( အခြေအနေတည်ငြိမ်သွားတော့ ကိုယ့်ပေါင်ပိန်လေး ပေါ်ကနေ အဲဒီ့အမျိုးသမီးဟာ လူးလဲထရှာပါတယ်။ နှုတ်ခမ်းလဲ စူမထားတော့ပါဘူး၊ ရှက်ကိုးရှက်ကန်းစိတ်သန်းနေလို့ မျက်နှာမှာလဲ နီမြန်းမြန်းနဲ့ပေါ့  )

ကံကောင်းထောက်မစွာ ကားက ချောက်ကြီးထဲ ထိုးမကျခဲ့ပါဘူး။ ပြောက်ကျားစစ် ပြောက်ကျားအပစ်မို့ တိုက် ပွဲဟာ တာရှည်မနေခဲ့ပါဘူး။
ကိုယ်တို့တွေဟာ အပ်တတိုတောင် မီးခြစ်ဆံတချောင်းတောင် မဆောင်ခဲ့ကြဘူးပဲ စစ်မုန်တိုင်းတွေထဲ ပါဝင် ဖြတ်ခဲ့ကြသူတွေအဖြစ်ပေါ့။ မမေ့ပါဘူး။

မမေ့တဲ့အပြင် လွမ်းစရာလဲကောင်းလှတယ်လို့ထင်မိပါတယ်။ ငြိမ်းချမ်းရေးဟာ စစ်မြေပြင်ပေါ် သေနတ်ပြောင်းဝနဲ့ရေးဆွဲထားတဲ့ မပီမပြင်ချိုးငှက်ရုပ်လေးပါ။ အဲဒီ့ငှက်ကလေး အသက်ဝင်ပျံသန်းလာဖို့ကို ဖုတ်သွင်းအတတ်ပညာတတ်တဲ့ တန်ခိုးရှင်ရှာမရဖြစ်နေသေးတာ မြန်မာပြည်ပါပဲ။

ဒီစာကို ရဲဘော်အမတ်ဟောင်းတယောက် စစ်ဝါဒီဆန့်ကျင်ရေးလှုပ်ရှားသူရဲဘော်တယောက် သူ့ခမျာ ခုလဲ ဒီအခြေအနေကြီးအောက် ဗုံးခိုကျင်းတနေရာကနေ ဖျတ်ခနဲမျက်စလှမ်းပစ်လိုက်တာလေးကို အလွမ်းစိတ်နဲ့ရေးတာပါ။ ခုအချိန်ထိ သူ့ဘဝတလျှောက်လုံး အကျဉ်းကျရ၊ ပုန်းခိုရှောင်တိမ်းရ ... အန္တရာယ်အသွယ်သွယ်ဖြတ် သန်းရဖြစ်နေရှာတဲ့ပုံရိပ်တွေကိုမြင်ယောင်ရင်းနဲ့ပေါ့။

လွမ်းလို့ရေးတာပါ။ ကျန်းမာစေချင်တယ်။ အောင်ပွဲနဲ့ငြိမ်းချမ်းမှုတွေပြန်ရချိန်ဆုံချင်သေးတယ်။
+ လက်တန်းရေးလိုက်လို့ စာလုံးအကျအပေါက် စာအသွားအလာ မချောမွေ့ရင် ခွင့်လွှတ်ကြပါရန် +

ဇွန် ၂၊ ၂၀၂၁
နံနက် ၁၁း ၅၀ နာရီ
-
- ကျနော့်စာကို ကောက်နှုတ်ပြီး ဒီဇိုင်းဖန်တီးပေးထားတဲ့ပညာရှင် Sodium ကို အထူးကျေးဇူးတင်တဲ့အနေနဲ့ စာမူတင်ပြီး ၇ နာရီအကြာ ဒီဇိုင်းကို ထပ်မံဖြည့်စွက်ပေးလိုက်ပါတယ်။

Comments