နှင်းမှုန်ထဲက ဆောင်းမြို့လေး
(သစ်ခက်သံလွင်)
နိုဝင်ဘာ ၆၊ ၂၀၂၀
ဒီမြို့လေးနဲ့ကျွန်တော်ကင်းကွာခဲ့တာ အတော့်ကိုကြာခဲ့ပြီ၊ သေသေချာချာတိတိကျကျဆိုရရင် အနှစ် ၄၀ ကျော်ပြီ ပေါ့။ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ရောဂါခေတ်မစားခင်အချိန်လေးကပဲ အဲဒီမြို့လေးကို ကျွန်တော် ပြန်ရောက် ဖြစ်ခဲ့ တယ်။
ဒီမြို့လေးကို ကျွန်တော်ပထမဦးဆုံးရောက်ခါစက
ခြောက်တန်း ကျောင်းသားဘဝကပါ။ ကျွန်တော့်အဖေက အစိုးရဝန်ထမ်းဆိုတော့ တာဝန်နဲ့ ဒီမြို့ကလေးကိုပြောင်းရွှေ့အမှုထမ်းရတဲ့အခါ
ကျွန်တော်တို့မိသားစုကလည်း
လိုက်ပါခဲ့ရတယ်။
မှတ်မိသေးရဲ့၊
ရန်ကုန်ရွေမြို့တော်ကြီးမှာပဲကြီးပြင်းခဲ့ရတဲ့ကျွန်တော့်အမေက
ရန်ကုန်ကနေ မခွာချင်ဘူး။
မတတ်သာလို့သာ ရောင်နောက်ဆံထုံးပါရတာ၊ ရန်ကုန်ဘူတာကြီးမှာ ကျွန်တော်တို့ကိုဆွေမျိုး တွေ လိုက်ပို့ ကြတော့ အမေမျက်ရည်ဝဲခဲ့သေးတယ်။
ကျွန်တော်တို့မိသားစု အဲဒီမြို့လေးကိုပြောင်းခဲ့ရတဲ့အချိန်တုန်းက
သွားရေးလာရေးအတော် ခက်ခဲပါသေးတယ်။ မြို့လေးကိုရောက်ဖို့အတွက် တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းက
မီးရထားလမ်းပဲ ရှိပါသေးတယ်။
ရန်ကုန်ကနေ
မနက်ဆယ်နာရီထွက်တဲ့ စာပို့ရထားကိုစီးရင် မန္တလေးကို နောက်နေ့ မနက်မှာရောက်တယ်။ မန္တလေးကနေတဆင့် အဲဒီမြို့လေးဘက်ရောက်တဲ့မီးရထားကိုဆက်ပြီး
စီးရတယ်။ ရန်ကုန်ကနေ တခါထဲမီးရထားလက်မှတ်ရောင်းတာမဟုတ်လို့
မန္တလေးဘူတာကြီးမှာ မီးရထားလက်
မှတ်ကို
တန်းစီရပြန်တယ်။ အဆင်ပြေရင်တော့ ညနေဘက်ထွက်တဲ့မီးရထားနဲ့ ခရီးဆက်နိုင်တာပေါ့။ မီးရထား လက်မှတ်မရခဲ့ရင် နောက်တစ်နေ့မှာ ဆက်ပြီး တန်းစီရတယ်။
မီးရထားနှစ်ဆင့်စီးရတဲ့အတွက်
အဲဒီမြို့လေးကိုရောက်ဖို့ဆိုရင်
အနည်းဆုံးလမ်းမှာ နှစ်ညအိပ်ရတယ်။ ကျွန်တော့်အတွက်တော့ အဲဒီမြို့လေးကိုသွားရင်းနဲ့ပဲ
မန္တလေးကိုရောက်ခဲ့ဖူးတယ်။
မန္တလေးတောင်ပေါ်ကို
တက်ခဲ့ဖူးတယ်။ မဟာမြတ်မုနိဘုရားကြီးကိုဖူးခွင့်ကြုံခဲ့တယ်။ မန္တလေးက တရုတ်တန်းစျေးကို ရောက်ခဲ့ဖူးတယ်။
မီးရထားလမ်းကလည်း
တခါတလေမှာအဆက်အသွယ်
ပြတ်သွားတတ်တယ်။ အကြောင်းကတော့ မိုးတွင်းမှာ မိုးရွာသွန်းမှုများခဲ့ရင်တောင် ပြိုပြီး
မီးရထားလမ်းပိတ်တတ်လို့ပါ။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့
အဆိုတော်ကြီးလားရှိုးသိန်းအောင်ရဲ့
'စက်ခေါင်းအမှတ် ၀၀၉' သီချင်းထဲကလိုပေါ့။ မိုးနဲ့ လေဒဏ်ကြောင့် တောင်ပြိုတာတွေလည်းရှိခဲ့ဖူးတယ်။
တောင်ပြိုပြီး
မီးရထားလမ်းတွေပိတ်တဲ့အခါ
မြို့လေးမှာ ကုန်စျေးနှုန်းတွေတက်သွားတတ်တယ်။
ရထားလမ်းတွေပြန်ပွင့်တော့လည်း
စျေးတွေက တော်တော်နဲ့မကျပြန်ဘူး။ မြို့လေးမှာ စျေးရောင်းဝယ်ကြတာက ကျွန် တော်တို့ရန်ကုန်မှာကြုံတွေ့ခဲ့ရတာနဲ့လည်းမတူပါဘူး။
အသားဝယ်ရင် ခုတ်သားပဲရောင်းတယ်။
ခုတ်သားဆိုတာ
ဘယ်လောက်သားဆိုပြီးထည့်ပေးတာ၊
အရိုးအသားမခွဲခြားဘူး။
ဥပမာဝက်သား အစိတ်သား ဝယ်မယ်ဆိုရင် အဲဒီအစိတ်သားထဲမှာ အဆီ၊ အသား၊ အခေါက်ရောလျက် ပါမှာဖြစ်တယ်။ အသီးအနှံကို အချိန် အတွယ်နဲ့ ရောင်းတယ်။ ပဲပြုတ်ကိုခွက်နဲ့ချင်ပြီးရောင်းတယ်။
ါပေမယ့် သစ္စာရှိတဲ့စျေးရောင်းသူတွေကို လည်း
တွေ့ခဲ့ဖူးတယ်။ ငှက်ပျောသီးရောင်းသူတစ်ဦးကို
လမ်းမှာဖြတ်ပြီးသူ့ ငှက်ပျောသီးကိုဝယ်ဖို့ ကြိုးစားလို့မရဘူး။ စျေးဘယ်လောက်ပိုပေးပေး သူ့ဆီကနေဝယ်နေကြဖေါက်သည်တွေဆီ ရောက်အောင်သွားတဲ့စျေးသည်တွေကို
လည်း တွေ့ခဲ့ဖူးတယ်။
မြို့ကလေးအကြောင်းကိုပြောရမယ်ဆိုရင်
မြန်မာနိုင်ငံအထက်ပိုင်း၊
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ထိပ်ဆုံးမှာ
ရှိနေ တယ်။ ကသာခရိုင်မှာရှိတဲ့ မြို့နယ်ရုံး စိုက်ရာ မြို့တစ်မြို့ဖြစ်တယ်။ ဒါပေမယ့် မြန်မာဘုရင်တွေလက်ထက်က တော့
မြို့ပိုင်၊ နယ်ပိုင်တွေရုံးစိုက်ရာ မြို့မဟုတ်ပါဘူး။ မြို့လေးနဲ့ ၆ မိုင်အကွာလောက်မှာရှိတဲ့ မန်လည်စီရင်စု အတွင်းက
ကျေးရွာတစ်ရွာသာဖြစ်ခဲ့ပါတယ်။
မန်လည်ဆိုတာကတော့ မဃဒေဝလင်္ကာသစ်ကြီးကိုပြုစုရေးသား ခဲ့တဲ့
မန်လည်ဆရာတော်ကြီး သီတင်းသုံးနေထိုင်ရာဒေသဖြစ်တယ်။
ဒီနေ့ဒီအချိန်မှာတော့
ဆရာတော်ကြီး သီ တင်းသုံးနေထိုင်ခဲ့ရာကျောင်းကိုပြုပြင်ဖန်တီးထားတာတွေ့ရတယ်။
ခရီးသွားဧည့်သည်တွေ လေ့လာကြည့်ရှုစရာ နေရာအဖြစ် တည်ရှိနေပါပြီ။
၁၈၉၇
ခုနှစ်ရောက်မှ မန်လည်ကို
ဖျက်သိမ်းခဲ့လို့မြို့လေးဟာ
မြို့အဖြစ်ကိုရောက်ရှိခဲ့ပါတယ်။
၁၉၁၀ ခုနှစ်မှာ မြို့အုပ်ရုံးစိုက်ရာနေရာ ဖြစ်ခဲ့တယ်။ မန်လည်က မီးရထားလမ်းနဘေးမှာရှိမနေဘဲ
မြို့လေးက မီးရထားလမ်း ဘေးမှာ
ရှိနေခဲ့တယ်လေ။
မြို့လေးရဲ့နယ်နိမိတ်အတွင်းမှာ
မဲဇာမြစ်ဖြတ်သန်းစီးဆင်းတယ်။
မြန်မာနိုင်ငံရဲ့ တတိယမြောက်အကြီးဆုံး အင်းလို့ခေါ်နိုင်တဲ့ အင်းကြီးတစ်ခုလည်း မြို့လေးရဲ့အနီးအနားမှာ တည်ရှိနေတယ်။ ဆိုရိုးစကားတွေအရတော့ အဲဒီအင်းကြီးရဲ့သမိုင်းနဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာရှိတဲ့
အင်းတော်ကြီးအင်းရဲ့သမိုင်းတွေနဲ့
ဆက် စပ်နေတယ်လို့ဆိုတယ်။
မြို့လေးကနေပေါ်ထွန်းခဲ့တဲ့
ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဇူလိုင်မုတ်သုံဦးက သူ့ရဲ့ "အလွမ်း ပျောက် ဆောင်းမြို့လေး
" ဆိုတဲ့ကဗျာထဲမှာ
အောက်ပါအတိုင်း ရေးဖွဲ့ခဲ့တယ်။
" အရှေ့
ဖက်ဆွတ်တောင်ကြီး
နှင်းတဘက် ခေါင်းပေါင်းထားရင်
ဒီမြေ ဒီမြို့လေး လောပန်း ဂိုက်ဖမ်း
သိပ်ချမ်းတတ်တယ်
ကြည့်လေ..... ဂျာကင်အင်္ကျီ တစ်ဖားဖား
ဘောင်းဘီ ရှည် တကားကား
စတိုင် တစ်ခွဲသားနဲ့ ' ဘင်ဆင်'ဗူးလိုက်
ခါးထိုးလို့
ဆောင်းမနက်တွေမှာမြို့ကလေး
ခေါပုတ် ၊ပေါင်းတင်း မီးဖုတ်ရင်း
ဆန်ခေါက်ဆွဲ ၊ တို့ဟူးနွေး နဲ့ မျက်နှာသစ်တတ်တယ်
အင်းပြင်ဘေးကနေ
နေကြာခင်းတွေကတော့
လည်တိုင်ကျော့ကျော့ ခေါင်းလေးမော့ပြီး
ဘယ်လဲညယ်.... စားပြီးလားညယ်....
တညယ်ညယ်
နဲ့ ဧည့်ဝတ်ပြုတတ်တယ်
။"
ကျွန်တော်တို့
အဲဒီမြို့လေးမှာနေခဲ့စဉ်
ကျောင်းသားဘဝက စာမေးပွဲ ဖြေပြီးတဲ့အခါ တချို့တချို့သော ကျောင်းသူ ကျောင်းသားတွေ အင်းဘက်သွားပြီး ပျော်ပွဲစားထွက်တတ်ကြတယ်။ စက်ဘီးလေးတွေ ကိုယ်စီစီးလို့ပေါ့၊
အဲဒီတုန်းကတော့
မြို့လေးနဲ့ အင်းရေပြင်ကအလှမ်းဝေးသေးတယ်လေ။
ယခုတော့ မြို့လေးနဲ့ အင်းရေပြင်တို့ တဆက်တည်းလိုဖြစ်နေပြီ။ မြို့လေးကိုတိုးချဲ့ရင်း အင်းနဲ့ နီးကပ်သွားပုံရပါတယ်။ ဟိုတုန်းကတော့
အင်းရေပြင် ပတ်ဝန်းကျင်
မှာ ဘာမှပြုပြင်ဖန်တီးထားတာမရှိခဲ့ဘူး။
ယခုတော့ တိုးတက်လာတဲ့အိုင်တီခေတ်မှာ
လက်ကိုင် တယ်လီ ဖုန်းလေးတွေနဲ့ဓါတ်ပုံရိုက်ဖို့အတွက်
ရှုခင်းရှုကွက်တွေ ဖန်တီးပြုလုပ်ထားတာကိုတွေ့ရတယ်။
တံတားနဲ့ထိုင်စရာနေရာလေးတွေပြုလုပ်ထားတယ်။
အကြော်ဆိုင်၊ ငါးကင်ဆိုင်တွေလည်းတွေ့ရတယ်။
တချိန်တုန်းက အသွားအလာ နည်းပါးလို့ လူသူရှင်းခဲ့တဲ့ အင်းရေပြင် ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားသူတွေ ရှိနေခဲ့ပြီ၊ ဘုရားဖူးကားတွေ ဝင်ရောက်လည်ပတ်ကြည့်ရှုကြတယ်။
မြို့လေးကိုပြန်ရောက်ခိုက်မှာ
ဟိုအရင်တုန်းက လှည့်ပတ်သွားလာခဲ့တဲ့နေရာတချို့ဆီပြန်ရောက်ဖြစ်ခဲ့တယ်။
ပထမဦးဆုံးရောက်ဖြစ်တာက
ဘူတာရုံကလေးပါ။ တစ်ချိန်တုန်းကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ရင်
မြို့လေးရဲ့ အဓိကအားထားရာနေရာပေါ့။ မြို့လေးရဲ့ဘူတာရုံအဆောက်အဦကတော့
သိပ်ပြီး ပြောင်းလဲပုံမရဘူး။ ဘူတာရုံလေးကိုရောက်တော့ ဟိုငယ်စဉ်က တွေ့ခဲ့မြင်ခဲ့ရတဲ့ရုပ်ပုံလွှာအချို့ကိုပြန်ပြီး
မြင်ယောင်မိပြန်တယ်။ ဘူတာရုံလေးမှာ
လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်
ရှိခဲ့ဖူးတယ်။ ကျွန်တော်တို့နဲ့အတန်းတူအစ်မကြီး တစ်ယောက်
ရဲ့ မိဘတွေဖွင့်တဲ့ လက်ဖက်ရည်ဆိုင်လေးပါ၊
ယခုတော့ အဲဒီလက်ဖက်ရည်ဆိုင်လေးကို မတွေ့ရတော့ဘူး။
ကျွန်တော်နဲ့
အတန်းတူအစ်မကြီးတို့မိသားစုလည်း
ဘယ်ကိုရောက်သွားသလဲမသိရဘူး။
ကျွန်တော်တို့နေခဲ့တုန်းကတော့
မြို့လေးမှာ လျှပ်စစ်မီးဆင်းရဲပါတယ်။ အချိန်နဲ့ပဲ မီးထွန်းနိုင်တယ်။ မြို့လေးနဲ့အနီးစပ်ဆုံးရှိတဲ့
ခရိုင်မြို့က တစ်ဆင့် မီးစက်နဲ့ပေးဝေတယ် လို့ထင်မိတယ်။
ညဘက်ဆိုရင်
မီးသီးရဲ့အလင်းက လှတောသားစကားနဲ့ဆိုရရင် ခရမ်းချဉ်သီးသာသာပေါ့။
ဘူတာရုံက
ခရမ်းချဉ်သီးသာသာ လင်းခဲ့တဲ့မီးသီးတွေကို ပြန်ပြီး မြင်ယောင်မိတယ်။ အခုတော့ လျှပ်စစ်မီးက ထိန်ထိန်သာနေပါပြီ၊
ဘူတာရုံလေးကိုရောက်တော့
မီးရထားကိုအဖေါ်ပြုပြီး
ကျောင်းတက်ကျောင်းဆင်းလုပ်ခဲ့ကြတဲ့
သူငယ်ချင်းတွေ ကိုလည်း
သတိရမိတယ်။ မီးရထားကိုအဖေါ်လုပ်တယ်ဆိုတာက
အမြဲတမ်းတော့မဟုတ်ပါဘူး။
မီးရထားလာတာ နောက်ကျခဲ့ရင် ဒါမှမဟုတ် မီးရထားမလာဘဲပျောက်နေခဲ့ရင်
သူတို့တတွေ မီးရထားသံလမ်းပေါ်မှာ စုရုံးလမ်း လျောက်ခဲ့ကြတယ်။
တခါမှာတော့
ဘူတာရုံမှာ ကုန်တင်မီးရထားတစ်စီးလာရပ်တယ်။
အချိန်နည်းနည်းကြာကြာ
ရပ်နားခဲ့တာပါ။ ကုန်တင်တွဲတတွဲမှာ ကျောက်စိမ်းအတုံးကြီးတစ်တုံးပါလာတာတွေ့ရတယ်။
အဲဒီအချိန်တုန်းကတော့ ကျောက်
စိမ်းဆိုတာ တရားဝင်အားဖြင့်
ပုဂ္ဂလိကလုပ်ကိုင်ခွင့်လုံးဝမရှိပါဘူး။
နိုင်ငံတော်ပိုင်ကျောက်စိမ်းတုံးကြီးကို
စစ် သားတွေအစောင့်အရှောက်နဲ့သယ်ယူတာဖြစ်တယ်။ ကျွန်တော်တို့လည်း ဘူတာရုံကိုသွားပြီး ကျောက်စိမ်း အရိုင်းတုံးကြီးကို သွားကြည့်ခဲ့ကြတာပေါ့။
ကျွန်တော်ရန်ကုန်ကို
အပြီးအပိုင်ပြန်လာခဲ့တုန်းကလည်း
ဒီဘူတာရုံလေးကနေမီးရထားစီးပြီး မန္တလေးကတဆင့်
ပြန်လာခဲ့တာပါ။ ကျွန်တော့်သူငယ်ချင်းတွေက
ကျွန်တော့်ကို ဘူတာရုံလေးမှာလာရောက်ပို့ဆောင်နှုတ်ဆက်ကြ
တာကိုလည်း အမှတ်ရမိတယ်။
အခုတော့ ဘူတာရုံလေးက အရင်ကလိုတော့ လူတွေရဲ့အားကိုးခြင်းကို ခံရပုံမရ တော့ပါဘူး။ ကားလမ်းလည်း ပေါက်နေပြီဖြစ်လို့ မော်တော်ကားနဲ့ သွားနေလာနေကြပြီလေ။ ကျွန်တော့်သူငယ် ချင်းတစ်ဦးကတော့ကျွန်တော့်ကို ယခုလိုပြောခဲ့တယ်။
" မီးရထားလက်မှတ်ကတော့ အစဉ်အလာမပျက် ဝယ်ဖို့ ခက်နေဆဲပါပဲလေ "
မီးရထားလက်မှတ်ခနဲ့
ကားခက ကွာခြားလွန်းတော့လည်း ခက်ပြီးရင်းခက်နေတာ ဖြစ်ပါလိမ့်မယ်။
မီးရထားဘူတာရုံနဲ့
မလှမ်းမကမ်းမှာရှိနေတဲ့စာကြည့်တိုက်လေးကိုလည်း
ရောက်အောင်သွားခဲ့မိပါသေးတယ်။
စာကြည့်တိုက်ရဲ့အမည်ကတော့ မပြောင်းလဲသေးပါဘူး။
အရင်နာမည်ဖြစ်တဲ့"
ခေတ်ကြေးမုံ " ဆိုတဲ့ အမည်နာမ နဲ့ပဲ ရှိနေဆဲပါ။
ဒီစာကြည့်တိုက်လေးမှာ
ကျွန်တော့်ရဲ့စာပေဘဝကိုအစပြုခဲ့တယ်။
မြို့လေးဟာ ငယ်ပေကျဉ်းပေမယ့်လည်း စာပေနဲ့ပတ်သက်ရင် အစဥွ်အလာရှိတဲ့မြို့လေးပါ။ စာနယ်ဇင်းတွေမှာ စာတိုပေစရေးသူတွေရှိခဲ့တယ်။
စာပေဟောပြောပွဲတွေကို
အရင်ဦးဆုံးကျွန်တော် နားထောင်ခဲ့ရတာ ဒီမြို့လေးမှာပါ။
စာပေပြိုင်ပွဲတွေကိုလည်း
ကျင်းပပြုလုပ်ပေးလို့ကျွန်တော်
ဝင်ရောက်ယှဉ်ပြိုင်ပြီး
ဆုတွေရခဲ့ဖူးတယ်။ စာကြည့်တိုက်လေးမှာ အမှုဆောင်တစ်ဦးဖြစ်တဲ့ ကျွန်တော့်ဆရာတစ်ယောက်ကလည်း
ကဗျာဆရာတစ်ဦး ဖြစ်တယ်။ ကျောင်းမှာနံရံကပ်စာစောင်လုပ်တဲ့အတွက်
ကလောင်သွေးခဲ့ရတယ်။
ညနေ
၅ နာရီဆိုရင် စာကြည့်တိုက်လေးမှာစာအုပ်ငှားရမ်းဖတ်ရှုသူတွေနဲ့စည်ကားခဲ့တယ်။
ကျွန်တော့်
အဖေကလည်း စာကြည့်တိုက်လေးအတွက် ' သပြေတေးမဂ္ဂဇင်း' ကို လစဉ်လှူတန်းသူဖြစ်တယ်။ အခု ကျွန်တော်ပြန်ရောက်တဲ့အခါမှာတော့
စာကြည့်တိုက်လေးရဲ့ အသွင်အပြင်က အရင်လိုဝင့်ဝင့်ကြွားကြွား ရှိမနေ ဘူး။ လူငယ်ပရဟိတ အသင်း တစ်ခုရဲ့ ပံ့ပိုးမှု နဲ့ဆက်လက်ရပ်တည်နေတယ်ဆိုလို့
' တော်သေးတာပေါ့ ' လို့ပဲ ယူဆလိုက်တော့တယ်။ အင်း....လေ၊ လူတွေရဲ့လက်ထဲမှာ စာအုပ်ထက် တယ်လီဖုန်း လေးတွေက နေရာယူနေ ခဲ့ပြီလေ။
ကျွန်တော်ရောက်ဖြစ်ခဲ့တဲ့နေရာတစ်ခုကတော့
အရင်တုန်းက ရုပ်ရှင်ရုံအဖြစ်တည်ရှိခဲ့တဲ့နေရာပါ၊
အခုတော့ ရုပ်ရှင်ရုံမဟုတ်တော့ပါဘူး။
ရုပ်ရှင်ရုံကိုဖျက်ပြီး
တည်ဆောက်ထားတဲ့ မင်္ဂလာခန်းမအဆောက်အဦ ဖြစ်နေတာ ကို တွေ့လိုက်ရတယ်။ မင်္ဂလာခန်းမအဖြစ်တည်ရှိနေတဲ့အဆောက်အဦကိုကြည့်ပြီး ဟိုအရင်က
ရုပ်ရှင်ရုံကို ပြန် ပြီး မြင်ယောင်မိတယ်။ ရုပ်ရှင်က ညဘက်တစ်ပွဲပဲပြတယ်။ ရုပ်ရှင်မပြခင် တစ်နေ့လုံးကြိုက်တဲ့အချိန်မှာ
ရုပ်ရှင် လက်မှတ်သွားဝယ်ထားလို့ရတယ်။
မနက်ခင်းစောစော
စျေးမကွဲမီအချိန်လောက်မှာ
ညဘက်မှာပြသမယ့် ရုပ်ရှင်ကားအကြောင်းလှည့်လည်ပြီး
အော် ဟစ်ကြေညာတယ်။ အော်ဟစ်ကြေညာတယ်ဆိုတာက
မော်တော်ကားနဲ့ လှည့်လည်ပြီး အော်ဟစ်ကြေညာ တာမဟုတ်ပါဘူး။
လမ်းလျှောက်ပြီး မောင်းထုတာပါ။ ဒီမြို့ကလေးမှာရုပ်ရှင်ကား တစ်ကားလာပြီး ရိုက်ကူးခဲ့ ဖူးတယ်။
အဲဒီရုပ်ရှင်ကား
မြို့ကလေးရဲ့ ရုပ်ရှင်ရုံ မှာပြသတဲ့အခါ လာရောက်ကြည့်ရှုအားပေးသူ အတော်များခဲ့ပါတယ်။ ရုပ်ရှင်ပိတ်ကားပေါ်မှာ ကိုယ်နဲ့သိတဲ့သူတွေရဲ့ ရုပ်ပုံပေါ်လာတဲ့အခါ နာမည်ခေါ်ပြီးအော်ကြဟစ်ကြပေါ့။
ရုပ်ရှင်ရုံဟာ ကျယ်ဝန်းပြီးထိုင်ခုံတွေ အဆင်သင့်ရှိနေတဲ့အတွက် ရန်ကုန်ကပင့်ဖိတ်လာတဲ့ စာရေးဆရာတွေ ဟောပြောဖို့အဆောက်အဦ နေရာကောင်းလည်းဖြစ်ခဲ့တယ်။
အခု
တော့ ရုပ်ရှင်ရုံ တွေရဲ့ အခန်းကဏ္ဍ မှေးမှိန်လာခဲ့သလို ဒီ မြို့လေး မှာလည်း
ရုပ်ရှင်ရုံ မရှိတော့ဘူး။
မြို့လေးရဲ့ ပတ်ဝန်းကျင်မြို့တွေကို ကျွန်တော် သွားရောက်ခဲ့တယ်။ ခရိုင်မြို့က ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ်နေခဲ့တဲ့အိမ်ကိုလည်းရောက်ခဲ့သေးတယ်။
မြို့လေးရဲ့အစွန်မှာရှိတဲ့
ဂျပန်ခေတ်ကစစ်ဆေးရုံကိုလည်းရောက်ခဲ့တယ်။
မြို့လေးမှာ ငါးညလောက် အိပ်ခဲ့ပြီး ရန်ကုန်ကို ကျွန်တော် ပြန်ရောက်ခဲ့ပါတယ်။ ဒီအချိန် ဆိုရင် မြို့လေး မှာ နှင်းတွေဝေနေပြီပေါ့ ။ နှင်းမှုန်တွေကြားထဲက ဆောင်းမြို့လေးကတော့ ကျွန်တော့်ရင်ထဲမှာရှိနေဦးမှာ အသေအချာပဲဖြစ်ပါတော့တယ်။
( ငယ်စဉ်အခါက
နေခဲ့ရတဲ့ "အင်းတော်မြို့"လေးသို့ အမှတ်တရ)
Comments
Post a Comment