ထွန်းဝေမြင့်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၃၊ ၂၀၂၀
အညစ်အကြေးဆိုတာ
စွန့်ပစ်ရမယ့်အရာတွေပဲ
ငါ့အညစ်အကြေးကစလို့
လောကအညစ်အကြေးအဆုံး
အထင်ကရ မွှေးပျံ့ခဲ့ပါတယ်။
အချစ်ရဲ့
ပန်းကလေးတွေ လန်းဆန်းကာ
တို့ဘဝတစ်ခုလုံးနဲ့ ဆိုင်လေရဲ့
ဒီလျှို့ဝှက်ချက် အားဆေးပဲ။
ကိုယ်ခန္ဓာတွေကိုတော့
ကျရာအရပ်မှာ တည်ကြတာပေါ့
ဒို့အရပ်ဆိုတာလည်း
ဖုန်နည်းနည်းပေါ
ရေနဲ့စားစရာ နည်းနည်းရွား
မြို့ပြင်မှာ လေကောင်းလေသန့်ရပါတယ်။
ဒို့တွေဟာ အမြဲပဲ
တစ်ခုခုကို စိုက်ပျိုးနေကြတာပဲ။
ဘာပဲပြောပြော
ကိုယ့်ကိုကိုယ်
အမြင်မှန်နဲ့ပိုင်ဆိုင်ရတာထက်
ပိုပြီးကြွယ်ဝတဲ့ ပစ္စည်းဥစ္စာတော့
ဒီကမ္ဘာမှာ မရှိသေးဘူး
မင်းရဲ့ အပြုးပန်းတွေဟာလည်း
ကိုယ့်ဆီမှာတော့
ကျောက်မျက်ရတနာတွေ ဖြစ်ခဲ့ပြီ။
ကိုယ်ရှင်းပြချင်တာက
လူ့ဘဝအပေါ်မှာ
စိမ်းစိမ်းစိုစို သစ်ရွက်တွေ
ဝေဝေဆာဆာ အုပ်မိုးနေပုံပေါ့။
ဒို့အသွေးအသားထဲမှာ
ရရှိလေတဲ့နေ့ရက်တွေဟာ မြဲမြံလို့။
Comments
Post a Comment