ဇာတ်ရုပ် ၃ ရုပ် ဇာတ်လမ်းတပုဒ်
ခင်လွန်း
(သစ်ခက်သံလွင်) အောက်တိုဘာ ၁၅၊ ၂၀၂၀
အဘွားကြီး၏အချစ်တော်ကြောင်ကလေးမှာမူကား
သူ့ရှေ့ ဟထားသောပြတင်းတံခါးပေါက်မှတဆင့်
အပြင်သို့ ထူးကဲစူးရှလှစွာသောကြောင်တို့၏မျက်လုံးအစုံဖြင့်ကြည့်နေရာမှ
စောစောလေးတင်ကမှ အဘွားကြီးကျဲပက် ထားသည့် ငှက်စာအစေ့အဆန်လေးများရှိရာ
မအူမလည်ရောက်လာလေသော စာငှက်လေးတကောင်ပေါ်သို့ လွှားခနဲ ခုန်ပျံဖမ်းအုပ်လိုက်လေရာ မြင်ကွင်းထဲတွင် ဖွာခနဲလွှင့်ထွက်သွားသည့် ငှက်မွှေးငှက်တောင်အချို့တို့နှင့်
အတူ တစုံတခုပိညှပ်ဖိအုပ်ထားခြင်းကြောင့်
ရှိသမျှအားကုန် ရုန်းကြွလွန့်လူးရာမှ တဖမ်းဖမ်းတဖျန်းဖျန်း ထွက် ပေါ်လာသည့် တောင်ပံခတ်သံတို့သည်လည်း ဝရုန်းသုံးကားဖြစ်ခါ သွားရလေ၏။
ထိုရောအခါ
မျက်လုံးနှစ်လုံးမှေးစင်းလျက်
တရားနာနေသည့်အဘွားကြီး၏နှုတ်မှ
" ဟဲ့ဟဲ့ မယ်မော်ဒယ်… မယ် မော်ဒယ်..(ကြောင်မလေးအမည်) နင်ဟာလေ. နင်ဟာ ခက် ခက်တော့တယ်ဟာ '" ဟု မြည်တွန်တောက်တီး ၍ ဘုရား ဘုရား ဟု တလိုက်လေသည်။
ခဏအကြာ
အရာရာသည် ငြိမ်ဆိတ်သွားခဲ့ပြီဖြစ်ရာ ကြောင်မတမ်းမလေး မယ်မော်ဒယ်သည်လည်းကောင်း၊ အဘွားကြီးသည်လည်းကောင်း၊ အိုခြင်း နာခြင်း သေခြင်း အစဉ်မမြဲမတည်သော သင်္ခါရတရားဒေသနာ လွှင့် ထုတ်ပေးနေသော
၄ ဂျီမိုဘိုင်းဖုန်းလေးသည်လည်းကောင်း
ပုံမှန်ဖြစ်စဉ်အတိုင်း
တည်ရှိနေမြဲဖြစ်သော်လည်း
စာငှက်လေးတကောင်မှာမူကား.
။ ။
လွန်း
၁၅.၁၉.၂၀၁၀
Comments
Post a Comment