နေလင်း - ရေအငတ်ခံစီးဆင်းခဲ့သူမြစ်

abstractexpressionism.wordpress.com
ရေအငတ်ခံစီးဆင်းခဲ့သူမြစ်
နေလင်း
(သစ်ခက်သံလွင်) ဇွန် ၁၇၊ ၂၀၂၀

ဘဝကို
ဘာဝနာနဲ့သတ္တိကောင်းဖို့ဆိုတာ
လွယ်ရဲ့လား

အတင်းပြောတတ်တဲ့မိတ်ဆွေတွေကိုပြုံးမိ
အဖျင်းကိုသတင်းလုပ်ပြီး
လှေခါးထစ်ရှာနေတဲ့ဦးနှောက်တွေ
သူတို့ကသူတို့ခြေထောက်တွေလို
အောက်တန်းကျတဲ့လမ်းကိုပဲလျောက်တယ်

စီးဆင်းဖို့ ရပ်တန့်ခံခဲ့ကြရတဲ့
သက်ရှိသမိုင်းတွေရဲ့
သူရဲကောင်းဆန်မှုက ဖြောင့်ဖြောင့်
အရာရာကိုဖောက်ထွက်ခဲ့ကြရပုံဟာတည်ငြိမ်ရဲရင့်

အခု
အသက်ခုနှစ်ဆယ့်ငါးနှစ်လားအမေ
ဒဏ်ရာကရောဘယ်လောက်များမလဲတွေးရင်း
မျက်ရည်ဟာ
မိဘချင်းကိုယ်ချင်းစာတရားထက်ပိုကျလာမိတယ် ။ ။ 
နေလင်း

Comments