နေလင်း - လိပ်ပြာအယ်ဘမ်သစ်ရွက်

archive.nyu.edu
လိပ်ပြာအယ်ဘမ်သစ်ရွက်
နေလင်း
(သစ်ခက်သံလွင်) ဧပြီ ၂၄၊ ၂၀၂၀

ပြတင်းကိုဖွင့်ကြည့်တော့
သတ္တလောကရဲ့အလင်းတံခါးမှာ
ကမ္ဘာပျက်နေတယ်
ရေဒီယိုတွေအားလုံးက မျက်ရည်နဲ့ဇာတ်တွေပဲ

နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းအစောင်းမှာ
ပိုးမွှားက ဒီဂရီနဲနဲထပ်ပေါင်းထားတော့
ပိုလေးသလားပိုပေါ့သွားသလားမတွေးမိဘူးတဲ့
ပိတောက်ပွင့်တွေက နောက်ကျပြီးမှရောက်လာပြီး
မောမောပန်းပန်းပြောရင်းဆက်၍ပြေးထွက်သွားကြ

သူရဲကောင်းတွေရဲ့အလယ်
ချာလီချက်ပလင်ကတော့ တွေးလို့
မျက်မှောင်ကိုကျုံ့ထားပြီးမျက်လုံးကိုကစားနေတော့
သေနေတဲ့အကြောတွေပြန်ရှင်လာသလို
ဟိုကောင်တွေလဲ ပြုံးတတ်လာကြရဲ့
"မင်းတို့ပြုံးကြ မင်းတို့ကို ဘယ်သူကမှပြုံးမပြချင်ကြဘူးကွ"လို့ပြောရင်း
ဝါးလုံးကွဲအောင် ချာလီချက်ပလင်ရယ်တယ်

မီးကိုရှာဖွေတွေ့ရှိပြီးနောက်
ပူပူလောင်လောင် အရောင်တောက်ဖို့
မီးစာများများထုတ်ထားတဲ့အတ္တတွေမှာ
ဆုတံဆိပ်လောင်စာတွေအများသားနဲ့
ပျားအုံကိုဖျက်ပြီးပျားရည်ချိုနိုင်ကြသူကြီးတွေလဲ
လှည်းဘီးလို သဘာဝတရားရဲ့ပြကွက်မှာ
အားရှိခြင်းနဲ့ ခွန်အားမဲ့မှုဟာ
နိမ့်တစ်လှည့်မြင့်တစ်လှည့် လည်လို့

ဗေဒါရီ့ခရီးနဲ့ဘဲအုပ်ကြီးတို့ဟာ
ရေစီးတစ်ခုထဲမှာလို့ဆိုကြရပေမယ့်
အပ္ပမာဒေန သမ္ပာဒေထ လို့
ငါတို့အရှင်က ငါတို့အားမိန့်မှာထားခဲ့
ခရီးကိုသွားတတ်ဖို့မှာ 
သတိဟာပိုတယ်မရှိခဲ့ဘူးလေ။ ။ ။


Comments