နေလင်း - ကြည်ကြည်မာ

photo credit- vanlizaraung.wordpress.com
ကြည်ကြည်မာ
နေလင်း
(သစ်ခက်သံလွင်) ဧပြီ ၁၃၊ ၂၀၂၀

ကျူးကျော်ရပ်ကွက်ထဲ
ကျော်ကျူးလာလေဦးမလား
ပိုးရဲ့စိုးရိမ်ရေမှတ်ဟာ
သွေးကြောင်စေမှာတော့မဟုတ်ဘူး
စစ်ဘေး၊ မီးဘေး၊ ရေဘေး၊ သဘာဝဘေး
ဘေးတွေကို ဘေးချိတ်ထားပြီး
ကိုယ့်ဝမ်းရေးအတွက်ကိုယ်ထရပ်ခဲ့ကြ
ဇွဲမလျော့ဘူးဆိုတာလောကဟာဘယ်လိုဖြစ်ဖြစ်
လောဘတွေဘယ်ရွက်တိုက်တိုက်
တက်မရရှိတဲ့နိုင်ငံတော်မှာ
လက်နဲ့လှော်ခြင်းကသာနေ့စဉ်ပြဋ္ဌာန်းချက်
အသက်ကိုထုပ်ထားတဲ့ဖက်ထဲကထုတ်ပြီး
လေကို ဝဝလင်လင် ရှူတယ်
အဆုပ်က အလုပ်မလုပ်လဲ
ဒုက္ခက အလုပ်ထလုပ်နေရဦးမှာ
သွေးမကြောင်သောမိုက်ရူးရဲမဟုတ်သောပဲ
သင်ကြားခဲ့ကြရတဲ့ပညာတွေက
ဘဝထဲမှာစားပျော်ဖို့
တို့ငိုတာ ကျရှုံးဖို့ဘယ်တော့မှ မဟုတ်တဲ့
လူသားပီသခြင်းသက်သေ
ညောင်သီးရှာရင်း ရှေ့ဆက်ရမှာပေါ့အေ။ ။

Comments