နေသွင်ညိဏ်း - ကပ်ဘေးကြီးကနေ အမြတ်ထုတ်ကြပါ

ကပ်ဘေးကြီးကနေ အမြတ်ထုတ်ကြပါ
နေသွင်ညိဏ်း
(သစ်ခက်သံလွင်) ဧပြီ ၂၊ ၂၀၂၀
ဒီတခါမှမညီညွတ်ရင် ဘယ်တော့မှ ညီညွတ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီတခါမှ အလုပ်တွဲမလုပ်နိုင်ရင် ဘယ် တော့မှ လက်တွဲနိုင်မှာမဟုတ်ဘူး။

နိုင်ငံအားလုံးက ခေါင်းဆောင်တွေ တညီတညွတ်တည်းပြောနေကြတာက စစ်ဖြစ်နေပြီ ဆိုတာပဲ။ ဒီစစ်ပွဲက ဘယ်စစ်ပွဲနဲ့မတူအောင် အကျအဆုံး များလိမ့်မယ်။ မြန်မာပြည်လိုမျိုး အကွဲကွဲအပြားပြား၊ ဖရိုဖရဲနိုင်ငံအတွက်ကတော့ ပိုပြီး အထိနာလိမ့်မယ်။ ကျနော်တို့ရဲ့ဒဏ်ရာဒဏ်ချက်တွေ၊ ရန်လိုမှုတွေ၊ ပြိုင်ဆိုင်မှုတွေ အားလုံးကိုခဏဖယ်ပြီး ညီညီညွတ်ညွတ်မတိုက်နိုင်ရင် ဒီစစ်ပွဲမှာ ကျနော်တို့အားလုံး ရှုံးလိမ့်မယ်။ ဒီနိုင်ငံလည်း အင်အားချည့်နဲ့တဲ့ သို့မဟုတ် ကျဆုံး နိုင်ငံ ဖြစ်သွားနိုင်တယ်။
ရန်သူဟာ အရင်လို နိုင်ငံအချင်းချင်း မဟုတ်ဘူး။ မမြင်ရဘူး။ ကြိုတင်ခန့်မှန်းလို့ မရဘူး။ ရက်စက်တယ်။ မာကြောတယ်။ နိုင်ငံတကာစစ်ဥပဒေတွေကိုလည်းနားမလည်ဘူး။ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေ၊ ကြက်ခြေနီ၊ သူနာပြု၊ ဆေးဝန်ထမ်း ဘယ်သူကိုမှ အသက်ချမ်းသာမပေးဘူး။ အပစ်ရပ်လို့လည်း မရဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးလို့လည်းမရဘူး။ ကျနော်တို့မှာ ပြန်ခံတိုက်စရာ လက်နက်ဆိုတာကလည်း မယ်မယ်ရရမရှိသေးဘူး။
ရန်သူဟာ စစ်မျက်နှာ အစုံမှာ တပြိုင်တည်း တိုက်နိုင်တယ်။ တနိုင်ငံပြီးတနိုင်ငံ ကျဆုံး ပြိုလဲနေတယ်။ စစ်မီးက ကျနော်တို့ဆီကို ကူးစက်နေပြီး၊ ဘယ်အချိန်မှာ ဘယ်နေရာကနေ ရန်သူက အလုံးအရင်းနဲ့ ထွက်လာမလဲ မသိဘူး။ ဘယ်ကမှစစ်ကူလာဖို့ မမျှော်လင့်နဲ့။ ကျနော်တို့ ရှိသမျှ အင်အားနဲ့ ရင်ဆိုင်ရုံပဲ ရှိတော့တယ်။
ဒီစစ်ဟာ ခုခံစစ်ဖြစ်တယ်။ ရန်သူဟာ အချိတ်အဆက်မိတယ်။ မြဝတီကျရင် မော်လမြိုင်ကျမယ်။ ရန်ကုန် ကျရင် စစ်တွေ ကျမယ်။ မြစ်ကြီးနား ကျမယ်။ ငပုတောကျမယ်။ ဖယ်ခုံကျမယ်။ ပြင်ဦးလွင်ကျမယ်။ နေပြည်တော်လည်း ကျမှာပဲ။
စစ်ဟာ အကန့်အသတ်မရှိဘူး။ ဒါကို အားလုံး သိကြတယ်။ သေရေးရှင်ရေးမှန်းလည်း သိကြတယ်။ ဒီထက် အရေးကြီးတာက ကျောချင်းကပ်ပြီး ဘယ်လို ရင်ဆိုင်မလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဒီအချိန်မှာ နိုင်ငံရေးအမြတ်ထုတ်တာတွေ၊ လက်ငြိုးထိုးအပစ်ဖို့တာတွေ အနည်းဆုံး ခဏရပ်ထားရတော့မယ်။
မြန်မာပြည်ဟာ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတယ်။ ကျန်းမာရေး ဝန်ထမ်းအင်အားနည်းတယ်။ ဒီကပ်ဘေးကို တမျိုးသားလုံး ရင်ဆိုင်နေရတဲ့ အန္တရာယ်အဖြစ် အစိုးရရော၊ တပ်မတော်ရော၊ တိုင်းရင်သား လက်နက်ကိုင်တွေရော နားလည်နေကြတယ်။ ဘယ်လောက်အထိ ကြံံ့ကြံ့ခိုင်နိုင်မလဲဆိုတာကို ဘယ် လောက်ပူးပေါင်းဆောက်ရွက်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်။

ဒီစစ်ပွဲဟာ ဒီမိုကရက်တွေနဲ့ အာဏာရှင်၊ ဖက်ဒရယ်လစ်ဇင်သမားတွေနဲ့ ဗမာလူမျိုးကြီးဝါဒီတွေကြား တိုက်ရတဲ့ စစ်ပွဲမဟုတ်ဘူး။ ဒီလို မတူတဲ့ ဒီလူတွေအားလုံး အတူတူ လက်တွဲပြီး တိုက်ရမယ့် စစ်ပွဲဖြစ်တယ်။
နိုင်ငံတွေမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ရင် ရောဂါကုသရေးမှာ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေလည်း အသက်ဆုံးရှုံးကြတယ်။ မြန်မာပြည်လိုမျိုး နဂိုကတည်း ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဝန်ထမ်းတွေ နည်းနေတဲ့ နိုင်ငံအတွက် အထူးစိုးရိမ်စရာ ကောင်းတယ်။ မကြာခင်က ကိုဗစ်လူနာတယောက်ကို ကုသခဲ့တဲ့ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေ အများကြီး သီးသန့် နေလိုက်ရတဲ့ သတင်းမျိုးဟာ မြန်မာပြည်အတွက် အလွန် စိုးရိမ်စရာပါပဲ။ တိုက်ပွဲက စရုံရှိသေး။ ဒဏ်ရာတွေ အများကြီးရသွားကြပြီ၊ တိုက်ပွဲ တကယ်ပြင်း ထန်လာရင် ဒီလိုဒဏ်ရာရတဲ့လူတွေ၊ တိုက်ပွဲကျမယ့်လူတွေ၊ နောက်ဆုတ်မယ်လူတွေ အများကြီးပေါ်လာနိုင်သေးတယ်။ အရပ်ဘက်က အင်အားတွေနဲ့ စစ်ဘက်က အင်အားတွေ၊ အတွေ့အကြုံတွေ အားလုံး စုစည်းထားမှ ဖြစ်လိမ့်မယ်။

အခြေအနေ ဆိုးလာရင် တ ခြား နိုင်ငံတွေက လုပ်နေသလို အိမ်အပြင်မထွက်ရအမိန့်၊ ညမထွက်ရ အမိန့်တွေ ထုတ်ရတာမျိုးဖြစ်လာနိုင်တယ်။ ဒီလို ဖြစ်လာခဲ့ရင် အနည်းဆုံး ရဲအင်အားကိုအသုံးပြုရမယ်။ ရဲတပ်ဖွဲ့ဟာ တပ်မတော်ကွပ်ကွဲမှုအောက်မှာ ရှိတာကြောင့်မို့ ဒီအချိန်မှာ စစ်ဘက်နဲ့ အရပ်ဘက် ပူးပေါင်းဆောင် ရွက်မှုဟာ အလွန်အရေးကြီးပါတယ်။
စစ်ပွဲဟာ အခုမှ စရုံပဲ ရှိသေးတယ်။ စက်ရုံတွေ၊ စီးပွားရေး လုပ်ငန်းတွေ ပိတ်ကုန် ရပ်ကုန်ပြီး၊ လူတွေ အလုပ်ပြုတ်ကြတယ်။ နိုင်ငံတကာမှာ စီးပွားရေးတည်ငြိမ်ရေးအတွက် ငွေလုံးငွေရင်းတွေနဲ့ ကျားကန်နေရတယ်။ အိုင်အယ်အိုရဲ ့ ခန့်မှန်းချက်အရ ဒီကပ်ဘေးကြောင့် လူပေါင်း၂၄ သန်းလောက်အထိ အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။ ဒါဟာ ၂၀၀၈ စီးပွားပျက်ကပ်တုန်းကထက် ပိုဆိုးသွားနိုင်တယ်ဆိုတဲ့သဘောပဲ။ လောလောဆယ်မှာပဲ အမေရိကန်မှာ အလုပ်လက်မဲ့ခံစားခွင့်အတွက် လျှောက်လွှာတင်နေတာ သန်းနဲ့ချီ ရှိနေတယ်။

မြန်မာပြည်မှာ စီးပွားရေးနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေ မသိနိုင်သေးဘူး။ သိနိုင်ဖို့ မလွယ်သေးဘူး။ ရောဂါ ကူးစက်မှာကိုမကြောက်ဘဲ လူစုလူဝေးနဲ့ အလုပ်သမား ဆန္ဒပြပွဲတွေကိုတွေ့လာရတယ်။ နဂိုကတည်းက နှေးကွေးနေတဲ့ မြန်မာစီးပွားရေးဟာ ဒီကပ်ဘေးပြီးရင် ပြန်ပြီးနှိုးထဖို့ အချိန် အတော်ယူရမယ်။ တိုင်းပြည် ပြန်ထူထောင်ရမှာ ဖြစ်လို့ တိုင်းရင်းသား အချင်းချင်း ပြည်တွင်းစစ်တွေ ဆက်တိုက်နေလို့ မရဘူး။ လွတ်လပ်ရေးရပြီးကတည်းက ဒီပြည်တွင်း စစ်ကြောင့်ပဲ တိုင်းပြည်ဟာ အဖက်ဖက်ကနိမ့်ကျနေတာ ဖြစ်တယ်။ အပြန်အလှန်လက်ညိုးထိုးနေလို့ မဖြစ်တော့ဘူး။ စစ်ဘက်နဲ့ အရပ်ဘက် ရန်ဖြစ်နေတာလည်း တော်လောက်ပြီ။

ဒီကပ်ဘေးကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်ခဲ့ရတယ်။ ရှင်းနေပြီ၊ ဒီကပ်ဘေးကနေ မလွတ်မြောက်ရင် မြန်မာပြည် ပြဿနာတွေ ဘာတခုမှ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းနိ်ုင်မှာမဟုတ်ဘူး။ ဒီကပ်ဘေးဟာ မြန်မာပြည်မှာ မတူတဲ့ အင်အားစုတွေ ဒီနိုင်ငံရဲ ့ အကျိုးအတွက် ဘယ်လောက်အထိ လက်တွဲ အလုပ်လုပ်နိုင်သလဲဆိုတာကို သက်သေရမယ့်စစ်ပွဲဖြစ်တယ်။ ဒီအချိန်မှ ယုံကြည်မှု မတည်ဆောက်နိုင်ရင် ဘယ်တော့မှ ယုံကြည်မှု ရမှာ မဟုတ်တော့ဘူး။ ဒီတခါမှ ကျနော်တို့မညီညွတ်ရင် ဘယ်တော့မှ ညီညွတ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီတခါမှ အလုပ်တွဲမလုပ်နိုင်ရင် ဘယ်တော့မှ လက်တွဲနိုင်မှာ မဟုတ်ဘူး။ အခု အရေးကြီးတာက အားလုံး ညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ပဲ၊ ဒီစစ်ပွဲ (တနည်း) ကပ်ဘေးကြီးကနေ အမြတ်ထုတ်နိုင်ကြပါစေ။
နေသွင်ညိဏ်း
https://www.facebook.com/nethwin.nyein/posts/990677074682714 မှ ကူးယူဖော်ပြပါသည်။
သစ်ခက်သံလွင်

Comments