သစ်ခက်သံလွင်ကဗျာရေးရာ- ကိုနိုင်း ၏ "ပန်းမပွင့်တဲ့ ကျောက်တောင်နဲ့သံလျက်ခေတ် "


ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၀၃ )
ပန်းမပွင့်တဲ့ ကျောက်တောင်နဲ့သံလျက်ခေတ်
ကိုနိုင်း 
ဧပြီ ၇၊ ၂၀၁၉


လာကမှာရှင်သန်နေကြတဲ့အရာတွေအားလုံးအတွက် ဖြစ်တည်မှုဆိုတာရှိနေသလို၊ ပျက်ဆီးသွားမှုတွေ လည်း ရှိနေပါတယ်။ အဆုံးထိမပျက်ဆီးခင်အချိန်တိုင်းမှာတော့ မျှော်လင့် ချက်တွေရှိနေကြပါတယ်။ မျှော်လင့်ချက်တွေရှိနေမှလည်း ရှေ့ဆက်မယ့်လမ်းတွေ ရှိနေမှာပါ။ ရှေ့ဆက်မယ့်လမ်းတွေပေါ်မှာ လျှောက်လှမ်းရင်း ရုန်းကန်ရှင်သန်နေကြပါတယ်။ ဒီဆက်လက်ရှင်သန်မှုအတွက်လိုအပ်ချက်တွေဖြည့်ဆည်းနိုင် သမျှ ဖြည့်ဆည်းနေရပါတယ်။ ဝမ်းရေးအတွက်အဟာရဖြစ်မယ့်အစားအစာတွေကို နေ့စဉ်စားသောက် နေရသလို၊ အသိဉာဏ်အတွက်လည်း လိုအပ်တာတွေအမြဲဆည်းပူးလေ့လာပြီး အာဟာရတွေဖြည့်ပေး နေရပါတယ်။ ဒီလိုလိုအပ်တဲ့အာဟာရဖြည့်ဆည်းမှုအတွက်လိုအပ်ချက်အရ စာရေးသူ ပညာရှင်တွေ ပေါ် ပေါက်လာရတာပါ။ ပညာရှင်တွေဟာလောကအကျိုးကိုဖြန့်ဝေပေးနေကြပါတယ်။ 
ပညာရှင်တွေဖြန့်ဖြူးပေးနေတဲ့ စာပေဗဟုသုတတွေကိုလူတွေဖတ်ကြည့်ပြီး တွေးခေါ်နိုင်ဖို့လိုပါတယ်။ စာပေအသိတရားတွေဟာ လောကကြီးကိုကောင်းမွန်စေပါတယ်။ စာပေမဖတ်ကြဘူးဆိုရင် လောကကြီး ပျက်စီးသွားရပါတယ်။ အခုဒါကို ကဗျာဆရာ”မောင်မော်ကွန်း” က”ရန်ကုန်မြို့ကြီးစာမဖတ်ဘူး” ဆိုပြီး ရေးခဲ့ပါတယ်။


လမ်းဘေးမှာ အုတ်နီခဲတွေ  အထပ်လိုက်ပုံထားတယ်
ရေညှိတွေတက်လိုတက် အကျိုးအကြေအပဲ့ တစ်စစများလာ
ဖျောက်ဖျက်မရတဲ့မြို့ပျက်ကြီး 
မချိတင်ကဲအားယုတ်နေတဲ့မြို့ပျက်ကြီး
သူ့ကြေကွဲမှု အနာတရတွေကိုလူတွေကရှောင်ကွင်းသွားကြ
ရန်ကုန်မြို့ကြီး စာမဖတ်ဘူး ။


အမှန်တကယ်ပြန်စဉ်းစားလိုက်မယ်ဆိုရင် လောကကြီးမှာရှင်သန်နေထိုင်နေကြတဲ့လူတွေအတွက် ရုပ်ခန္ဓာ အတွက် အာဟာရဝမ်းစာဖြည့်တင်းနိုင်ဖို့လိုသလို၊ အသိတရား စိတ်(နာမ်)ကိုလည်း ဝမ်းစာဖြည့်တင်းဖို့ လို အပ်နေပါတယ်။ အစား စားနိုင်မှ ရုပ်ရှင်သန်နိုင်သလို၊ စာပေအသိတရားတွေရှိမှလည်း ကောင်းမွန်တဲ့ အတွေးတွေ ရှိလာပါလိမ့်မယ်။ လောကကြီးမှာ အတွေးအခေါ်မရှိရင် စည်းကမ်းလည်းရှိလာမှာ မဟုတ်ပါ ဘူး။ အခုရန်ကုန်မြို့ကြီးကိုကြည့်မယ်ဆိုရင် ကြက်ဥပုပ်တစ်လုံးလို မြင်နေရပါလိမ့်မယ်။ အကာကလှပနေပေမယ့် အတွင်းမှာပုပ်အဲ့ပြီး ညှီနံ့ထွက်နေပါ တယ်။

အသေချာပဲ … စိတ်ထဲမှာတော့ စွဲနေလောက်တယ်
ဘယ်ရောက်ရောက် ဘယ်လိုမှမေ့မထားနိုင်တဲ့ကြေကွဲမှုအတိ
ခလုတ်တိုက်မိရင်တောင်မှ ကိုယ်ကနစ်နာကြေးပေးရမယ့်ပုံ
မစွမ်းပဲ ကန်စွန်းခင်းထဲ ဖြတ်မိတာကိုက အမှားလား
ဒါလည်း မသိနိုးနိုးသဖန်းပိုး ဆိုးတိုးဆစ်တစ် နာကြင်ရ
ကျောပိုး ခွစီးခဲ့တာတောင် သူ့အကြောင်း ပစ်ပယ်ထားကြ
ရန်ကုန်မြို့ကြီး စာမဖတ်ဘူး ။

ရန်ကုန်မြို့ကြီးဟာ မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစံယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားပြီလို့ ပြောလို့ရနေပါ ပြီ။ ပိုဆိုးတာကဂရုဏာထားတတ်ကြတဲ့ စာနာသနားတတ်တဲ့စရိုက်လက္ခဏာတွေပါ ပါးလျလာပါပြီ။ ကူရိုင်းပင်းစိတ်တွေလဲတော်တော်ရှားနေပါပြီ။ တခါကဖြစ်ခဲ့ဖူးတဲ့မြန်မာပြည်ရဲ့မြို့တော်ဆိုတဲ့ဂုဏ်ဆိုတာနာမည်ပဲ ကျန်နေခဲ့ရပါပြီ။ ဒါတွေဘာကြောင့်ဖြစ်လာရတာလဲ။ ကဗျာဆရာဆက်ပြီး ရေးပြထားပါတယ်။

ကိန်းဂဏန်းတွေရဲ့ ညှို့ ငင်ခြင်းပဲ ခံရသလား
သက္ကရာဇ်တွေရဲ့လှည့်စားခြင်းမှာ ပျော်ဝင်နေသလား
၄၇ …  ၇၄ … ဒဲ့ ၂ ကွက်ထဲရှိခဲ့တာတောင်
ပြည်ထောင်စုကြီးက ခုထိ အလွဲလွဲအချော်ချော်
တဆင့်ပြီးတဆင့် ပျားရည်နဲ့ဝမ်းချပေးကြသေးတော့
ဆေးမြီးတိုက ၆၂ … ၈၉ … တစ်ဖုံပြီးတစ်ဖုံ
၂၀၀၇ …၂၀၀၈ … စသည်ဖြင့် ယမ်းနံ့မကင်းတဲ့ဖော်စပ်မှု
တောက်လျှောက် ကြွေးကြော်လာတာက
ဥမကွဲသိုက်မပျက် တဲ့
ဥလည်းမကွဲသေးပါဘူး  အသိုက်လည်းမပျက်သေးပါဘူး
အတွင်းထဲ ပုပ်နေတာကို ဘယ်သူမှမသိတာခက်တယ်
ရန်ကုန်မြို့ကြီး စာမဖတ်ဘူး။

ကျွန်တော်တို့မြန်မာလူမျိုးတွေ အမြဲမျှော်လင့်ခဲ့တာက တိုင်းရင်းသားလူမျိုးစုတွေမတူပေမယ့်၊ အမြဲစည်းလုံး ညီညွှတ်စွာအတူတကွ နေထိုင်နိုင်မယ့်ပြည်ထောင်စုကြီးတစ်ခု ပေါ်ပေါက်လာနိုင်ဖို့ပါ။ ဒါပေမဲ့ စစ်အာဏာ ရှင် လူရမ်းကားတစ်စုကြောင့်မျှော်လင့်ချက်တွေ ပျက်စီးသွားခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်နဲ့တည်ဆောက် မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီးဟာအကာတောင်အက်ကွဲနေခဲ့ရပြီး၊ အတွင်းထဲမှာတော့ အတ္တတွေ တထောင်းထောင်းထအောင် ပုပ်နေခဲ့ပါတယ်။ ဒီလိုသာဆက်သွားမယ်ဆိုရင် ဥလဲကွဲပြီး အသိုက်လည်း ပျက်သွားမှာပါ။

လှုပ်ခါ ဝှေ့ယမ်းပစ်လိုက်ကြတယ်
အနည်တွေ ထ လာအောင် လှုပ်ပြီးမှ
တစ်ယောက်တစ်လှည့်ဆီ လက်ဆင့်ကမ်းလိုက်ကြ
အားကိုးတကြီး မှီဝဲခဲ့ကြသူအပေါင်း သက်တမ်း မစေ့ကြရ
သက်ဆိုးရှည်ခဲ့ငြား ပြားချပ်ပိန်လှီ လူစဉ်မမှီရှာကြ
ရန်ကုန်မြို့ကြီး စာမဖတ်ဘူး ။
ရုပ်ပိုင်းဆိုင်ရာတွေ ဖွံဖြိုးတယ်
စိတ်ပိုင်းဆိုင်ရာတွေကတော့ ပြောရမှာရှက်စရာ
မေတ္တာတရားတွေ ခေါင်းပါးလာကြ
ပရဟိတစိတ်တွေ ယိုယွင်းလာကြ
လူမှုရေးအသိတွေ ဖောက်ပြန်လာကြ
လုယက်မှု ခိုးဝှက်မှု မုဒိန်းမှု လူသတ်မှု … အမှုတကာ့အခေါင်
မြို့လယ်ခေါင်မှာ ဆိုင်းဘုတ်အကြီးကြီးတင်ထား
ရန်ကုန်မြို့ကြီး စာမဖတ်ဘူး။
ရန်ကုန်မြို့ကြီးဟာ ဘယ်ခေတ်ကာလကတည်းက ပျက်ကိန်းကျိန်စာမိလာတယ်မသိအောင် အရာရာပျက် စီးနေတာကိုတွေ့နေရပါတယ်။ ပြောမယ်ဆိုရင်တော့ အတ္တကြီးကြီးနဲ့လောဘအတော မသတ်နိုင်ခဲ့တဲ့ စစ် အာဏာအရိုင်းအစိုင်းတွေကြောင့် ပျက်စီးသွားခဲ့ရတယ်။ရန်ကုန်မြို့ကြီးပါမကပါဘူး။ မြန်မာပြည် တစ်ပြည် လုံးကို ထင်သလို ဖျက်ဆီးပစ်ခဲ့ကြတာပါ။ ပြည်သူတွေရဲ့အသိတရားတွေကို ပါးပါးလှီးပစ်ခဲ့တယ်။
ဆင်းရဲတွင်းနွံ့ထဲမှာ နစ်ထားခဲ့တယ်။ ဆင်းရဲတော့ပြည်သူတွေစာမဖတ်နိုင်တော့ဘူး။ ပြည်သူတွေစာမဖတ် နိုင်ကြတော့လူ,အတွေဖြစ်ကုန်ကြတယ်။ ပြည်သူတွေအကုန်အ,နေတော့ လူဖျင်းလူညံ့တွေဖြစ်ကုန်တယ်။ ပြည်သူတွေ လူအ,လူညံ့ လူဖျင်းတွေဖြစ်ကုန်တော့ စစ်အာဏာအရိုင်းအစိုင်းကောင်တွေကစိတ်ကြိုချယ် လှယ်မှုတွေကို ရသွားတာပေါ့။

နှလုံသားတွေ နူးညံ့လာတဲ့တစ်နေ့
တောင်ဆိတ်တွေပျော်တဲ့တောင်ထိပ်မှာ
ဘုံဝတိံကနန္ဒာလော တူစွဟုတ္တာ သာလိမ့်မယ် ...
ယုတ်စွနောက်ဆုံး ကျောက်တုံးကပန်းပွင့်လာလိမ့်မယ်...
သေနတ်ပြောင်းဝကအိုးစည်ဗုံမောင်းသံတွေညံလာလိမ့်မယ်...
ခုတော့..,လူကြီးမင်းတို့ရေ … ခင်ဗျားတို့လူတွေစာဖတ်ခိုင်းဦး
ရန်ကုန်မြို့ကြီး  စာမဖတ်ဘူး။      

နောက်ဆုံးတော့ အကျင့်သီလတွေပါ ဖောက်ဖျက်လိုက်ကြတော့တယ်။ ဒီပျက်စီးနေတဲ့ခေတ်အမှောင်ကြီးကိုပြန်ဆယ်ယူပြီး ပျက်နေတာတွေကို ပြင်ပေးမယ်လို့ကြွေးကြော်ပြီးခုံပေါ်တက်လာတဲ့လူတွေလည်း၊ ခုံပေါ် ကိုရောက်လည်းရောက်ရော၊ ဖင်ခုထိုင်လိုက်ကြတော့တယ်။ ခုံပေါ်မှာထိုင်နေတဲ့လူတွေလည်း အသိဉာဏ် နည်းပါးနေတယ်။ ဒါတွေဟာ စာမဖတ်ကြလို့ဖြစ်ခဲ့ရတာတွေပါပဲ။ ကဗျာဆရာလှမ်းပြောတဲ့လူကြီးမင်းဆိုသူ ကလည်း ကိုယ်တိုင်စာမဖတ်တတ်တော့ လေတွေဖောယောင်နေတယ်။

မြန်မာပြည်မှာရှိနေတဲ့ပြည်သူတွေကတော့ စာမဖတ်နိုင်ကြတော့ပါဘူး။ ဒါပေမဲ့ ဆင်းရဲသားတွေက သစ္စာ တော့ ရှိတတ်ပါသေးတယ်။ ဒါကိုကဗျာဆရာ”မောင်သော်သစ္စာရှိတာ”က” သစ္စာရှိ ဆင်းရဲသား” လို့ ပြောခဲ့ ပါတယ်။  
ဆင်းရဲသားတွေဟာပြည်သူကိုကိုယ်စားပြုတယ်
ဒါကို ခင်များလက်ခံရဲ့လား
(ဒါက .... ပထမအဆို)
ဒီအတွက်
ဒီကို ကျွန်တော်ရောက်လာတာပါ
ဒီမှာက တောနက်ကြီးတစ်ခုလိုပါပဲ
ပြန်ထွက်သွားပါ... ဒီမှာဘာကိုယ်စားပြုမှုမှ မရှိဘူး
ကိုယ့်အမှန်တရားနဲ့ကိုယ် လက်ခမောင်းခတ်နေကြတယ်
ဆင်းရဲသားကလွဲလို့ ဒီမှာဘယ်သူမှမရှိဘူး။

ကဗျာဆရာပြောသလိုပါပဲ။ မြန်မာပြည်ကြီးဟာ ဆင်းရဲသားတွေဆိုတဲ့ပြည်သူလူထုကြီးကို ကိုယ်စားပြုနေ ပါတယ်။ မြန်မာပြည်အမည်ကြားလိုက်တာနဲ့ဆင်းရဲသားတွေနေတဲ့နိုင်ငံလို့ မြင်ကြပါလိမ့်မယ်။ 
ကျွန်တော်နိုင်ငံကြီးဟာ အမှောင်ခေတ်ထဲမှာနေကြရတဲ့ဆင်းရဲသားနိုင်ငံကြီးဖြစ်နေတာ နှစ်ပေါင်းကြာခဲ့ ပါပြီ။
ပန်းချီကျော်ဗင်ဂိုးလို မသေသေးတဲ့ဆင်းရဲသားတွေ
ထူးအိမ်သင် သခင်ဘသောင်း မြို့မငြိမ်း.... ခင်ဝမ်း' ကစလို့
အသက်ရှင်နေတဲ့ဆင်းရဲသားတွေ
ငါတို့ အသက်ငင်နေတယ်။
၁၀၀တန်ဂက်စ်မီးခြစ်လေးလို
ပွတ်တိုက်မှုတွေကြားက ငွေ့ရည်ကုန်ခမ်းနေကြ
ဆင်းရဲသားဂက်စ်မီးခြစ်လေးတွေ ခြစ်ကြချစ်ကြ
ဆင်းရဲသားတွေဆိုပေမယ့် ဂက်စ်မီးခြစ်ကိုပွတ်တိုက်ပြီး ချစ်နေကြရပါတယ်။

ပြည်သူတွေဟာ အသက်ရှင်နေတယ်ဆိုတာယုံအောင်ပြောပြရမလိုပါပဲ။ အမှန်တကယ်တော့ အသက်ငင် နေကြတဲ့ဆင်းရဲသားပြည်သူတွေပါ။ ဒီဆင်းရဲမှုကို ဘယ်သူတွေ လာကယ်နိုင်ပါ့မလဲ။ အချိန်တိုင်း မျှော်လင့်ချက်နဲ့အသက်ငင်ပြီး ရှင်သန်နေကြတယ်။

ဘိုးဘိုးအောင်နဲ့ရှင်အဇ္ဇဂေါဏတို့ကရော
ဆင်းရဲသားတွေကိုကိုယ်စားပြုသလား
ကောင်းစားဖို့ တို့မြန်ပြည် 
ဓားသံလျက်ပေါ်မှာဘယ်တော့မှပန်းမပွင့်ဘူး
အဲဒါ ဆင်းရဲသားဓားသံလျက်တွေပဲ
ဆင်းရဲသားတွေအတွက် ဘာလမ်းပြမြေပုံမှမရှိဘူး
နဂါးနီတွေ သိဒ္ဓိတန်ခိုးတွေမရှိဘူး
(ဒါက ဒုတိယအဆို)
ပိုင်ဆိုင်မှု ဘာတခုမှမရှိတဲ့ဆင်းရဲသားတွေ
လူသယံဇာတတွေနဲ့ရွှေထီးဆောင်းနေတဲ့ဆင်းရဲသားတွေ။

ကျွန်တော်တို့ပြည်သူတွေကိုမေးကြည့်လိုက်ပါ။ ခင်ဗျားတို့မှာဘာတွေပိုင်သလဲဆိုရင်ဖြေကြပါလိမ့်မယ်။ ကျွန်တော်တို့ဆင်းရဲသားတွေပိုင်တာကဆင်းရဲခြင်းပါပဲ။ ဒီအပြင်ကျွန်တော်တို့မှာ ဘာမှမပိုင်တော့ပါဘူးတဲ့။ ဒီလိုဆင်းရဲခြင်းကိုပိုင်ဆိုင်ထားကတော့…။

တို့ဗမာ
တို့ဗမာ
ဗမာ ဆိုတာကိုရော ပိုင်ရဲ့လား ဟင့်အင်း
ဒါဆို ဆင်းရဲသား
ရာဇဝင်များရဲ့သူတိုးသမီး ပိုင်သေးသလား
ဟင့်အင်း
နေ့မြင်ညပျောက်ခေတ်ကြီးထဲကြောက်လန့်စရာများ
ဆင်းရဲသားတွေရဲ့နာကျည်းအော်မြည်သံတွေကြားရဲ့လား
ဆင်းရဲသားက ဆင်းရဲခြင်းသစ္စာမြင်ရဲ့လား
ဆင်းရဲသားတွေအတွက်လောကဓမ္မ
သွေးထွက်အောင်မှန်လွန်းနေတဲ့သစ္စာ
ဆင်းရဲသားတွေကပဲ ပြည်သူကိုကိုယ်စားပြုနေတယ်။        
ဒါပါပဲဗျာ။ဆင်းရဲသားတွေရဲ့ဆင်းရဲခြင်းသစ္စာကိုမြင်နိုင်ကြပါစေ။

ကိုနိုင်း
ခံစားမိသောကဗျာများ
၁။ မောင်မော်ကွန်း(ရန်ကုန်မြို့ကြီးစာမဖတ်ဘူး)
၂။ မောင်သော်တာ(သစ္စာရှိ ဆင်းရဲသား)
_သူရိယနေဝန်းဂျာနယ် Vol 1. No 244 6 April 2019 မှ စာရေးသူခွင့်ပြုချက်ဖြင့် ...


Comments