သစ်ခက်သံလွင်ကဗျာရေးရာ-ကိုနိုင်းရဲ့ " ကဗျာကြယ်တွေကြွေပြီးရင်းကြွေ "

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၉၃ )
ကဗျာကြယ်တွေကြွေပြီးရင်းကြွေ
ကိုနိုင်း

ဝေပြီးရင်ကြွေဆိုတာကတော့ လောကအဘိဓမ္မာတစ်ခုပါ။ လူတွေမှာလည်း မွေးတစ်နေ့ သေတစ်နေ့ ဆို တာ မလွဲမသွေကြုံတွေ့ကြရမှာပါ။ ဒါပေမယ့် မထင်မှတ်ထားတဲ့ အရာတွေ၊ အဖြစ်အပျက်တွေကိုကြုံတွေ့ လိုက်ရမယ်ဆိုရင်တော့ အံ့သြထူးဆန်းနေပါလိမ့်မယ်။ ဒီလိုပါပဲ၊ အခုခေတ်ကာလကြီးမှာ မမျှော်လင့်တာ တွေကြုံတွေ့ရ ဖြစ်ပျက်နေကြပါတယ်။ ဒါ ခေတ်ကြီးနဲ့သက်ဆိုင်သလားဆိုရင် အများကြီး သက်ဆိုင်နေပါ တယ်။ နေသင့်နေရက်နိုင်သားနဲ့မနေရတော့ပဲသေဆုံးသွားရတာတွေဟာ ခေတ်ရဲ့လူနေမှုပုံစံတွေ ပြောင်း လဲလာခဲ့တဲ့အပေါ် မူတည်နေပါတယ်။ အခုအချိန်မှာ အရင်ကမကြားခဲ့ဖူးတဲ့ရောဂါအမည်တွေကြားနေရပါ တယ်။ လူတွေအသက်တိုလာနေကြပါတယ်။ အရွယ်မတိုင်ခင်မှာလည်း သေဆုံးမှုတွေ ကြုံတွေ့နေရပါ တယ်။ ကြွေသင့်တဲ့အချိန်မှာ ကြွေသလို၊ သေသင့်တဲ့အသက်အရွယ်မှာသေဆုံးသွားကြတာတွေအတွက် မအံ့သြကြပဲ၊ စိတ်မကောင်းဖြစ်မိရုံဖြစ်မိကြမှာပါ။ ဝေသင့်တဲ့အချိန်မှာ ကြွေ၊ နေသင့်တဲ့အချိန်မှာ သေဆုံး သွားကြတာတွေကြားရ ကြုံတွေ့ရရင်တော့ အံ့သြထူးဆန်းစွာ နှမျောတသဖြစ်နေကြရမှာပါ။ လောကမှာ ရှိသမျှအရာတွေတိုင်းရဲ့ ရှင်သန်မှုနဲ့ သေဆုံး ပျောက်ကွယ် သွားမှုတွေကို ကံကြမ္မာကပြဋ္ဌာန်းထားတဲ့အတိုင်းလို့ သတ်မှတ်ပြောဆိုနေကြပါတယ်။ တခါတခါလူတွေပြောဆိုသတ်မှတ်တဲ့အတိုင်းကံကြမ္မာက ကြိုတင် ပြဋ္ဌန်းထားတယ်ဆိုတာကိုတော့ တွေးစရာတွေရှိနေပါလိမ့်မယ်။ ဒါပေမယ့် ဒီကံကြမ္မာကိုလည်း မငြင်းဆန် နိုင်ပါဘူး။

အခုအချိန်ဟာ သက္ကရာဇ်အသစ်ရဲ့အစ,ပထမဦးဆုံးလဖြစ်ပါတယ်။ ဒီနှစ်မတိုင်ခင်မှာ သက္ကရာဇ်တစ်ခုရဲ့ နောက်ဆုံးလကိုကျော်လွန်ခဲ့ပြီးပါပြီ။ ပြောချင်တာက နှစ်အပြောင်းအလဲမှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အထင်ကရကဗျာဆရာတွေ ကွယ်လွန်သွားကြရပါတယ်။ ဒီကွယ်လွန်သွားတဲ့ကဗျာဆရာတွေဟာ နေနိုင် တဲ့သက်တမ်းမရောက်ခင်မှာ စောစီးစွာသေဆုံးသွားကြပါတယ်။ အခုလည်း ကဗျာဆရာနှစ်ယောက် ကွယ် လွန်သွားကြပါပြီ။ သူတို့ရဲ့သေဆုံးခြင်းကိုပြန်ကြည်မယ်ဆိုရင် သက်တမ်းမပြည့်ခင် သေဆုံးခြင်းကံကြမ္မာ ကို ရင်ဆိုင်သွားခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ကြွေသင့်တဲ့အချိန်ထက်စောပြီး ကြွေကျသွားခဲ့ရတာပါ။ 
 
သူတို့ရှင်သန်နေစဉ်အချိန်မှာ ဖန်တီးခဲ့တဲ့အနုပညာလက်ရာတွေ လောကမှာ ကျန်ရစ်ခဲ့တယ်ဆိုပေမယ့် နောက် ထပ်အနုပညာအသစ်တွေ ဖန်တီးနိုင်စွမ်းတွေ ရှိနေသေးပေမယ့်၊ သူတို့ရဲ့ဖန်တီးနိုင်စွမ်းရှိတဲ့ အနု ပညာတွေကို လူတွေမတွေ့နိုင်တော့ပါဘူး။ ဒါကို ဝမ်းနည်းကြေကွဲစွာ နှမျောတသနေကြရပါတယ်။
 
ကဗျာဆရာတွေဖြစ်တဲ့”လွမ်းဝေနိုင်” နဲ့ ”ယမုံ” တို့နှစ်ဦးဟာ ကဗျာဆရာ/အယ်ဒီတာတွေအဖြစ် ရပ်တည်ရှင်သန်ခဲ့ကြသူတွေပါ။ ကဗျာဆရာလွမ်းဝေနိုင်ရေးထားခဲ့တဲ့ ကဗျာတစ်ပုဒ်မှာ ဒီလိုရေးပြသွားခဲ့ပါတယ်။
 
တိမ်ခိုးတွေက တောင်နံရံတဝိုက်မှာ
ဝဲပျံလွန့်လူးလို့ပေါ့။
တာင်မြင့်မြင့်တွေရဲ့ ပိုမြင့်တဲ့နေရာမှာ
ရပ်နေမိရင်။
တောင်အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ
မြင်လိုက်ရတဲ့အရာတွေက
တချို့က မှုန်ဝါးဝါး
တချို့က မှိန်ပျပျ
သေးသေးမွှားမွှားလေးတွေပဲ။
ဘဝဆိုတာ ဒါပဲလေ
အမြင့်ရောက်တော့လည်း
မြင်ရသမျှ သေးသေးမွှားမွှား
အနိမ့်ရောက်နေလည်း
မော့ကြည့်သမျှ ကြီးကြီးမားမား
စဉ်းစားကြည့်တော့လည်း
လူဆိုတာစကြဝဠာရဲ့
အမှုန်အမွှားအက်တမ်လေးတခုပါ။

ကဗျာဆရာကတော့ သာမန်လူတစ်ယောက်ရဲ့အမြင်နဲ့ယှဉ်ပြီးပြောပြသွားပါတယ်။ ဒီလိုသာမန်လူ တစ် ယောက်ရဲ့အမြင်ကိုပြောပြနေတဲ့သူကတော့ သာမန်လူတစ်ယောက်မဟုတ်ပါဘူး။ သူဟာ ကဗျာဆရာ တစ်ယောက်ဖြစ်သလို၊ ဒဿနိကဘာသာနည်းပြတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ဗီဒီယိုကားတွေကိုဖန်တီးခဲ့တဲ့ဇာတ်လမ်း/ဇာတ်ညွှန်းဆရာ၊ စာပေမဂ္ဂဇင်း၊ ဂျာနယ်တွေမှာ အယ်ဒီတာတစ်ဦးအနေနဲ့ လောက အတွက် အက်တမ်လေးပေါင်းများစွာကိုပြန့်ပွားနိုင်စေခဲ့သူပါ။ ဒီကဗျာကတော့လောကရဲ့အမြင်ကို ရိုးရိုး လေးရေးပြသွားပါတယ်။ သူ့ရဲ့အနုပညာဖန်တီးမှုတွေ၊ သူဆင့်ပွားပေးလိုက်တဲ့အနုပညာမျိုးဆက်တွေ ကတော့ လောကကြီးမှာ ကျန်နေရစ်ခဲ့မှာပါ။ ဒါကိုကြည့်ရင် အနုပညာသမားတစ်ယောက်ရဲ့သေဆုံးမှုဟာ ပြီးပျောက်မသွားနိုင်တာကို ပြရာရောက်နေပါတယ်။

အဲဒီလိုပါပဲ၊ သူနဲ့ရှေ့ဆင့်နောက်ဆင့်နှစ်ရက်အကွာမှာကွယ်လွန်သွားခဲ့တာကတော့ ကဗျာဆရာ "ယမုံ" ဆိုတဲ့ လူသားတစ်ယောက်ပါ။ သူကလည်း သာမန်လူသား တစ်ယောက် မဟုတ်ခဲ့ ပါဘူး။ သူ့ဘဝမှာ ကဗျာဆရာ၊ အယ်ဒီတာအဖြစ် နေထိုင်ရှင်သန်ခဲ့ပါတယ်။ ၁၉၇၈ ကစပြီး ကဗျာတွေရေးသားခဲ့ပါတယ်။ မဂ္ဂဇင်းပေါင်းများစွာမှာ အယ်ဒီတာအဖြစ်စာပေအနုပညာတာဝန် ကို ကျေပြွန်အောင်ထမ်းဆောင်နိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ ၁၉၈၅ ခုနှစ်မှာ မောင်သာချို၊ နေစိမ့်၊ ခင်လွန်း၊ ချစ်လွမ်းနွေးတို့နဲ့အတူ ” ဇန်နဝါရီ ပြန်ပေး” ဆိုတဲ့ကဗျာစာအုပ် ထုတ်ခဲ့ပါတယ်။ ငါ့ကိုဇန်နဝါရီပြန်ပေး ကဗျာစာအုပ်ဟာ တက္ကသိုလ်နယ်မြေ မှာ နာမည်ကြီးခဲ့ပါတယ်။ ကဗျာဆရာယမုံရေးခဲ့တာကို ခံစားကြည့်စေချင်ပါတယ်။

ငါ့ရဲ့ ရင်ခုန်သံရာသီမှာ ဇန်နဝါရီပြန်ပေး

သည်ခရီးကို
သည်ထီးကလေး ဆောင်းရမယ်တဲ့။
သည်အရပ်ကို
သည်ဖိနပ်ကြီး စီးရမယ်တဲ့။

သည်စခန်းကို
သည်ပန်းကလေးပန်ရမယ်တဲ့။

လျှပ်စစ်လက်သည်း၊ တိမ်ကိုခြစ်ခွဲ
မုတ်သုံစစ်ပွဲ၊ မိုးစက်ပေါက်ကွဲ
ရာသီညစ်ထဲ၊ လုံလုံလဲလဲ
ထီးကိုရွေးဖို့ ယုံကြည်ဆဲ။

ကျောက်စိုင်ကျောက်ခဲ
ချိုင့်ဝှမ်းထူထဲ၊ ဆင်းတက်ခက်ခဲ
လောကလမ်းထဲ၊ ခိုင်ခိုင်မြဲမြဲ
ဖိနပ်ကိုရွေးဖို့ ယုံကြည်ဆဲ။
နွေထဲနေထဲ
တံလျှပ်ထဆဲ၊ ပပ်ကြားအက်ကွဲ
မြေထဲမှာလဲ၊လန်းမြဲလှမြဲ
ပန်းကိုရွေးဖို့ ယုံကြည်ဆဲ။

ဘာဖြစ်လို့
ငါ့ကို….ငါ့ကို…ငါ့ကို။
သြော်…
ရွေးချယ်ပိုင်ခွင့်၊ ပန်းတပွင့်
လန်းစွင့်မွှေးထုံဖို့၊ ရင်ခုန်သံရာသီမှာ
(ငါ့ကို)
ဇန်နဝါရီပြန်ပေး။

ဒီငါ့ကိုဇန်န၀ါရီပြန်ပေးကဗျာစာအုပ်ထဲက ကဗျာဆရာယမုံရေးထားတာကိုကြည့်ရင် အဲဒီအချိန်က ပြည်သူ တွေရဲ့အခက်အခဲကြီးမားတာကို တွေ့ရပါတယ်။ ကဗျာဆရာရဲ့ယုံကြည်မှုခိုင်မာတာကိုလည်းမြင်လိုက်ရပါ တယ်။ ပြည်သူတွေလျှောက်လှမ်းချင်တဲ့လမ်းကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်မရှိနိုင်ခဲ့တာကိုရေးပြထားပါ တယ်။ ပြောမယ်ဆိုရင် ပြည်သူတွေလျှောက်ဖို့လမ်းကို အာဏာရှင်တွေကပြဋ္ဌာန်းထားပါတယ်။ 
 
အာဏာရှင်တွေအနေနဲ့ပြည်သူတွေကိုရွေးချယ်ခွင့်မပေးခဲ့ပါဘူး။ သည်ခရီး သည်ထီးဆောင်း၊ သည်အရပ် သည် သည်ဖိနပ်စီး၊ သည်စခန်းသည်ပန်းပန်ဆိုတာကို ပြန်တွေးကြည့်လိုက်ရင် အာဏာရှင်ရွေးချယ်ထား တဲ့ တစ်ပါတီစနစ်လမ်းကိုပဲလျှောက်လှမ်းရမယ်ဆိုပြီး  အသစ်ရွေးချယ်ခွင့်မရှိဘူးလို့ တားဆီးပိတ်ပင်ထားခဲ့ ပါတယ်။ ကဗျာဆရာယမုံအနေနဲ့” ငါ့ကိုဇန်နဝါရီပြန်ပေး” လို့ရေးလိုက်တာက အသစ်လမ်းကိုရွေးချယ်မှု ရဖို့တောင်းဆိုလိုက်တာပါပဲ။ နှစ်တစ်နှစ်ရဲ့ဇန်နဝါရီလဆိုတာ ကာလအပြောင်းအလဲအတွက် နှစ်သစ် (အသစ်)မဟုတ်လား

နာက်ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာ ၁၉၉၁ ခုနှစ်က သူရေးခဲ့တဲ့ ”အပျက်အစီးနှင့်” ဆိုတဲ့ကဗျာကို ဖတ် ကြည့်လိုက်ပါ။
 
အယောင်ယောင်အမှားမှားနဲ့
ခဝါချထားတဲ့ကံတရားကို
တအားလွှင့်ပစ်၊ဖြစ်ခြင်းမဖြစ်ခြင်း
ကွန်ပျူတာမျဉ်းပေါ်သေဆုံးခဲ့။

နောက်ကျပြီးမှ
မုသာဝါဒနဲ့
လည်ပင်းဖက်ကြီးခဲ့တဲ့
ကိုယ်ကျင့်တရားအကြောင်း
စာမျက်နှာဟောင်းတစ်ခုမှာဖတ်ရရဲ့။

အဲဒီခေတ်ကြီးက တစ်ပါတီအာဏာရှင်စနစ်ခေတ်ကြီးဆိုတော့၊ အုပ်ချုပ်တဲ့လူကြီးတွေအားလုံးက မုသာဝါဒ တွေကျူးလွန်နေကြတယ်။ အောက်ခြေကအပေါ်ကို လိမ်လည်ပြီးတင်ပြကြတာ၊ အားလုံးရဲ့ လိမ်လည်မှု ကြောင့် ပြည်သူတွေဒုက္ခရောက်ခဲ့ရတယ်။ ကိုယ်ကျင့်တရားတွေ ပျက်စီးနေတာပါပဲ။

အရှုံး
အသစ်တဖန်အရှုံး
အရှုံး
တစ်လောကလုံးပြည့်သိပ်
မရေရာစိတ်မုန်တိုင်းနဲ့
စကားလုံးတိုင်း’ဟုတ်ကဲ့’ခဲ့ပြီ။

အဲဒီခေတ်ကဟုတ်ကဲ့ဆိုတဲ့စကားတွေ ပြည့်သိပ်နေခဲ့တာက အခုအချိန်ထိပါ။ နိုင်ငံရေးမှာ စစ်ဗိုလ်တွေ ပါ လာခဲ့ရင် နိုင်ငံရေးပျက်သွားတယ်လို့ ပြောခဲ့တာကိုတွေ့မြင်နေရတယ်။ နိုင်ငံရေးပျက်ရုံတင်မကပဲ တိုင်း ပြည်ပါပျက်စီးခဲ့ရပါတယ်။ တိုင်းပြည်ပျက်ကြီးထဲကလူတွေ အလွန်ဆင်းရဲဒဏ်နွံထဲရောက်နေခဲ့ရပါတယ်။ ဒီဆင်းရဲဒုက္ခဒဏ်ကိုမခံနိုင်သူတွေ၊ မခံချင်သူတွေကတော့ ဒီတိုင်းပြည်ပျက်ကြီးထဲကနေထွက်သွားကြ ပါတယ်။ ဒီအဖြစ်တွေအားလုံးကိုကြည့်မယ်ဆိုရင် အားလုံးအရှုံးပါပဲ။

အငြင်းမပွားနဲ့ဦး
အချစ်ဆုံးရေ
အမုန်းဆိုတာ
အရာရာကိုထိရောက်စေသတဲ့
ငုံ့ကြည့်တာရော
မော့ကြည့်တာရောမနာလိုသဘောကင်းတဲ့အခါ
အရာရာဟာ ပျင်းစရာတဲ့။

ခင်…မြင်ရဲ့လား
တွားသွားသတ္တဝါခေတ်
တစ်စတစ်စဖြစ်ထွန်း
ရင်နင့်မွန်းကျပ်
မဆုံးဖြတ်နိုင်ကြတာလား။

ခင်…တွေ့ရရဲ့လား
ဆင်ခြင်တုံတရားနဲ့
ကြောက်တတ်ခြင်းကြား
ခြားထားတဲ့ပုဝါပါးဟာ
လေသွားရာယိမ်းကတိမ်းကပါး
စည်းဖျက်ဝါးဖောက်
ဘယ်လောက်ဆိုးသလဲကွယ်။

အခုအချိန်မှာမှားခဲ့ကြတဲ့အမှားတွေကိုပြန်ကြည့်လိုက်ရင် အာဏာရှင်ကြီးတစ်ယောက်ရဲ့အကြိုက်လိုက်နေပြီး၊ အာဏာရှင်ကြီးအကြိုက် ယိမ်းကသလို တပြိုင်နက်ထဲ ”ဟုတ်ကဲ့” ယိမ်းက နေတာကိုမြင်ရတယ်။ လူတွေကိုကြည့်လိုက်ရင်လည်း အကုန်ယိမ်းကနေသလို ခြေနှစ်ချောင်းပေါ်တည့်တည့်မတ်မတ်မရပ်နိုင်ကြ တော့ပဲ ယိမ်းယိုင်နေကြတာကို မြင်လိုက်မိတယ်။

နောင်တ
မရပါဘူး
ပျော်မြူးရင်ခုန်၊ ဗုံသံဂီတ
လှပတောက်ထိန်၊ ဂုဏ်အိမ်သစ်
အချစ်ခေတ်ဦး၊ ထူးခြားဖွင့်လှစ်။

ကျွန်တော်တို့ပြည်သူတွေ စိတ်မချမ်းမြေ့ပေမယ့် အာဏာရှင်တွေကတော့ ပျော်ပွဲတွေ၊ ညစာစားပွဲတွေ ကျင်းပနေကြတာပါပဲ။ အရင်ခေတ်တုန်းကလို ညစာစားပွဲတွေ အခုခေတ်မှာလည်း ကျင်းပနေကြတာပါပဲ။ အာဏာရှင်တွေအတွက် နောင်တရစရာမရှိပေမယ့် ပြည်သူတွေကတော့ နောင်တတွေနဲ့ ရင်ကွဲပက်လက်ဖြစ်နေကြရတာကြာခဲ့ပါပြီ။

ကဗျာဆရာယမုံဟာ ”နာဂစ်” ကဗျာရှည်နဲ့ရွှေအမြုတေစာပေဆုကို၂၀၀၉ ခုနှစ်မှာရခဲ့ပါတယ်။ အဲဒီ”နာဂစ်” ကဗျာရှည်နောက်ဆုံးပိုဒ်မှာ ရေးခဲ့တာကိုကြည့်မယ်ဆိုရင်...

နာဂစ်နဲ့
နှလုံးသွေးပျက်တဲ့သူ 
အဲဒီသူတွေအတွက်
သင့်ကိုစီစဉ်သူ၊ သင့်ကိုဖန်တီးသူ
သင့်ကိုကူညီသူ၊ သင့်ကိုကာကွယ်သူ
ဘယ်သူမဆို
(ဘုရားသခင်အပါအ၀င်)
အားလုံးကို၊ လောကခုံရုံးမှာစွဲချက်တင်မယ်။

အကောက်ကြံမှု၊ စော်ကားမှု
အသရေဖျက်မှု၊ အနိုင်ကျင့်မှု
လူသတ်မှု၊ အမှု..အမှုတွေနဲ့
နာဂစ်…သင့်ကိုသေဒဏ်ပေးမယ်။

အနာဂတ်ညွှန်းကိန်း
ထိန်းမနိုင် သိမ်းမရ၊ ဇောက်ထိုးကျစေခဲ့တဲ့
ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ်
သင့်ဖြစ်တည်ခွင့်၊ သင့်ဖျက်ဆီးခွင့်
သင့်ရက်စက်ခွင့်၊ အခွင့်အရေးအားလုံး
ခြေမှုန်းပစ်မယ်၊ နာဂစ်…။

ကဗျာဆရာကတော့ တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့ နာဂစ်ကို ဒေါသဖြစ်ခြင်းနဲ့အတူ၊ တိုင်းပြည်ကိုပျက်စီးသွားအောင်ဖန်တီးခဲ့ကြတဲ့အရာအားလုံးေ ဒေါသကြီးကြီးနဲ့ ပေါက်ကွဲပြလိုက်တာပါ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကဗျာရေးဖော်ညီနောင်နှစ်ယောက်ဖြစ်တဲ့ ကဗျာဆရာ ”လွမ်းဝေနိုင်” နဲ့ ”ယမုံ” တို့ဟာ နှစ်အစပိုင်းမှာပဲ တမလွန်ဘ၀ခရီးကို ထွက်ခွာသွားခဲ့ပါပြီ။ကဗျာဆရာလွမ်းဝေနိုင်အနေနဲ့လည်း ၈၈ ကာလမှာ လူ့ဘောင်သစ်ပါတီမှာ ရုံးအဖွဲ့မှူးတာဝန်ယူခဲ့သလို၊ ကဗျာဆရာယမုံကလည်း ၈၈ ကာလမှာ တိုက်ပွဲဝင် ကဗျာဆရာများသမဂ္ဂမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ခေတ်ဆိုးကြီးအတွက်တာဝန်ကျေခဲ့သူတွေ ပါ။ သူတို့နှစ်ယောက်အတွက် အမှတ်တရ ရေးလိုက်မိပါတယ်။

ကိုနိုင်း
ခံစားမိသောကဗျာများ
-လွမ်းဝေနိုင်နှင့် ယမုံရေးခဲ့သည့်ကဗျာများ
_သူရိယနေဝန်းဂျာနယ် Vol 1.No 234.26Jan2019 မှ စာရေးသူ၏ခွင့်ပြုမှုအရ ဖော်ပြသည်။ 

Comments