သစ်ခက်သံလွင် အက်ဆေး- ယံဇငြိဏ်း ၏ သံ​ဝေဂရပ်​ဝန်း



သံ​ဝေဂရပ်​ဝန်း
ယံဇငြိဏ်း 
(သစ်ခက်သံလွင်) စက်တင်ဘာ ၉၊ ၂၀၁၈ 

"ဗဟုသုတရယုံ​လောက်​အထိ​မြင်​သိ ခံစားရတဲ့အဖြစ်​အပျက်​​တွေကို​တော့ သင်​ခန်းစာလို့​ခေါ်မယ်​....ဗဟု သုတရရုံထက်​ပိုပြီး အ​ကြောက်​တရားတခု၊ ထိတ်​လန့် စရာတ​ခုအသွင်​ကူးသွားပြီဆိုရင်​​တော့ ဒါကို သံ​ဝေဂ လို့​ခေါ်ရမှာပဲ "

ကျောင်းဆရာဘဝဖြင့်​ ​နေရာ​ဒေသအ​တော်​စုံစုံကို​ရောက်​ခဲ့ဖူး​ပေမယ့်​ သံ​ဝေဂယူ​လောက်​သည့်​အထိ​ဖြစ်​ပျက်​ခဲ့သည့်​အဖြစ်​အပျက်​များကိုတော့ မကြုံ​တွေ့ခဲ့ရ။ ထိုစဉ်​က ငယ်​ရွယ်​ပြီး အ​ပျော်​ဘက်​သို့စိတ်​ယိုင်​​နေသဖြင့် လောကရဲ့တရားသ​ဘော​တွေကို သာမန်​ပဲကြည့်​ပြီး ဉာဏ်​ထည့်​မကြည့်​မိခဲ့တာလည်း ပါ​ကောင်းပါနိုင်​ပါ သည်​။

နေရာ အ​တော်​စုံစုံမှာတာဝန်​​တွေထမ်း​ဆောင်​ခဲ့ပြီးသည့်​​နောက် ​ ဇာတိရွာသို့ပြန်​လည်​တာဝန်​ထမ်း​ဆောင်​ ဖြစ်ခဲ့သည်​။ မြစ်​ဝကျွန်း​ပေါ်အရပ်​​ဒေသဖြစ်​​သော ဇာတိရွာက​လေးသည်​ သီးသန့်​ဆန်​သည့်အလျောက် အေးချမ်းခြင်း၊ သဘာဝအစားအစာများသာ ​ပေါများခြင်း၊ ​လေ​ကောင်း​လေသန့်​ရရှိခြင်း၊ ဥတုသပ္ပါယမျှတ ခြင်း စ​သော အ​ထောက်​အကူပြုအ​ကြောင်းတရားများ​ကြောင့်​ အသက်​ ၇၀​ ကျော်​ပုဂ္ဂိုလ်​များ ​ပေါများသည်​။ ဆိုလိုသည်​မှာ ဘဝသက်​တမ်းရှည်​ကြသည့်​သ​ဘောပင်​။
       
ကျွန်​​တော့်​မိဘများဆုံးပါးခဲ့ပြီးကတည်းက အဘိုးအဘွားတို့နှင့်​သာ​နေထိုင်​ခဲ့သည်​။ ကျွန်​​တော့်​ အဘက အသက်​ ၈၂ နှစ်​ ကျွန်​​တော့်​ အဘွားက ၈၀ ။ ကျွန်​​တော်​တို့ အိမ်​၏ညာဘက်​​ဘေးကပ်​လျက်​အိမ်​က အဘိုး အဘွားလင်​မယား နှစ်​​ယောက်​တည်း​နေ​သောအိမ်​။ ဘယ်​ဘက်​​ဘေးကပ်​လျက်​အိမ်​မှာက လက်​ရှိသားက နိုင်​ငံခြားသွား​ပြီး အလုပ်​လုပ်​​နေသဖြင့်​ တယောက်​တည်း​နေသည့်​ ကျွန်​​တော်​နှင့်​ အဘဝမ်းကွဲ​တော်​​သော အဘ၏အိမ်​။ သူ့ဇနီးက ကွယ်​လွန်​သွားတာကြာခဲ့ပြီ။ အိမ်​​ရှေ့တအိမ်​ကျော်​မှာက မျက်​စိမမြင်​​သောအဘ နှင့်​ သူ့ဇနီးတို့ရဲ့အိမ်​။ အိမ်​​ရှေ့တအိမ်​​ကျော်​ မျက်​​စောင်းထိုးမှာက ဇနီးဆုံးပြီးသည့်​​နောက်​ သာ​ရေးနာ​ရေး​ တွေမှာ ပရဟိတစိတ်​အပြည့်​နဲ့ ဟင်းထမင်းများကူချက်​​ပေး​လေ့ရှိတဲ့ ရွာရဲ့စားဖိုမှူးအဘတယောက်​တည်း​ နေသည့်​အိမ်​။ ကျွန်​​တော်​တို့အိမ်​ရဲ့ညာဘက်​တ​အိမ်​​ကျော်​မှာက အူမ​ကောင်းသဖြင့်​ အစားကို​ရှောင်​​ရှောင်​ပြီးစားရ​လေ့ရှိသည့်​အဘရဲ့အိမ်​။ ဘယ်​ဘက်​တအိမ်​​ကျော်​မှာက ​လေ​ရောဂါရှိသည့်​ အဘွား​နေ​သောအိမ်​။ ဘယ်​ဘက်​မျက်​​စောင်းထိုးမှာက ခင်​ပွန်းနှင့်​ကွဲပြီး​နောက်​ တ​ဦးတည်း တရားအလုပ်​နှင့်သာ ပျော်မွေ့နေ တော့သည့် အန်​တီကြီးတဦးနေသည့်​အိမ်​ ။

လူငယ်​လူရွယ်​​တွေကြားတွင်​​နေထိုင်​ရခြင်းသည်​ လူကိုတက်​ကြွလန်းဆန်း​စေပြီး အရာရာကို ​မေ့​လျော့​ ပေါ့ တန်​စွာဖြတ်​သန်း​စေနိုင်​သည်​။ ကျွန်​​တော်​ ပညာ​ရေး​ ကောလိပ်​ဒုတိယနှစ်​တက်​စဉ်​က အ​မေကွယ်​လွန်​ခဲ့ သည်​။ ဘဝတွင်​ကြီးမား​သော ဆုံးရှုံးမှုတ​ခုပင်​ဖြစ်​​သော်​လည်း သူငယ်​ချင်းများနှင့်​ ​ဟေးလား ဝါးလား​နေခဲ့ သည့်​ အတွက်​ အ​မေ့ကို တကူတကကြီးသတိရ​နေသည့်​အချိန်​မျိုး များများရှိမ​နေခဲ့။

လူကြီး​တွေကြားထဲ​နေမိသည့်​အခါတွင်​​တော့ အရာရာသည်​ သံ​ဝေဂဆန်​လာခဲ့သည်​။ မြင်​သမျှ ကြားသမျှ ကြုံရသမျှတို့သည်​ ကျွန်​​တော့်​ကို သတိ​ပေး​ခေါင်း​လောင်း သံတီး​ပေးပြီး ​နေသကဲ့သို့ရှိသည်​။ ထိုစိတ်​နှင့်​ အတူ အ​ကြောက်​တရားတ​ချို့ကိုလည်း သွပ်သွင်းပေး​နေသည်​ဟု ခံစားမိခဲ့သည်​။

ကျွန်​​တော့်​အိမ်​ ညာဘက်​မှအဘိုးအဘွားလင်​မယားသည်​ သားသမီးမထွန်းကားကြ။ ထို့​ကြောင့်​ တယောက် ကိုတယောက်​ အမှီသဟဲပြုပြီး​နေကြရသည်​။ အဘိုးသည်​ ​အသက်​ ၈၀​ ကျော်​လာပြီးသည့်​​နောက်​ ​ခန္ဓာ ကိုယ်အောက်​ပိုင်းချိ၍ သွားသည်​။ လှုပ်​ရှားရုန်းကန်​မှုတို့တွင်​ ခံစားမှုအာရုံမရ​တော့။ သူ့ရဲ့ကိစ္စအဝဝကို အဘွားက ပြုလုပ်​​ပေးရသည်​။ ထိုအဘွားကလည်း နားမကြားရ။ တခါတ​ခါ အဘိုးက​ပြောချင်​ရာ​ပြော အဘွားကကြားချင်​ရာကြားနှင့်​ မကြာခဏ ဆူကြညံကြ ဖြစ်​တတ်​သည်​။ အ​လေး သွားထားသည့်​အနံ့များ ဖြင့်​ နံ​စော်​​နေတတ်​​သော အဘိုးတ​ယောက်​ အိမ်​ဝမှ တခါတ​​လေ ပြုတ်​ကျတတ်​သည်​။ တခါတ​​လေ အစား စားပြီးလို့ပြီးမှန်းမသိ။ အနီးအနား မှာ နေသည့်​ ကျွန်​​တော်​တို့အသိဆုံး။ ကူညီခဲ့ရသည်​ကလည်း အခါခါ။

ဘယ်​ဘက်​အိမ်​မှ အဘက​တော့ အားကျစရာပင်​။ သူ့သားက နိုင်​ငံခြားမှာအလုပ်​လုပ်​ရင်း အဘဆီကို ​ငွေ ပုံမှန်​ပို့သည်​။ ရသည့်​​ငွေနှင့်​ မျှတ​အောင်​စားသည်​။ ကြွေးမြီများကို ဆပ်​သည်​။ လူငယ်​​တွေနှင့်​ ​ပျော်​​ပျော်​​  နေသည်​။ အသက်​ ၇၅​ ကျော်​သည်​အထိ ​ဆေးတ​လုံးထိုးဖူးခဲ့ရခြင်းမရှိသည့်​အဘပင်​။

အိမ်​​ရှေ့တအိမ်​​ကျော်​မှာက မျက်​စိမမြင်​သောအဘနှင့်​သူ့ဇနီးသာ နေထိုင်​သည်​။ သားသမီးများရှိ​သော်​လည်း အိမ်​​ထောင်​ခွဲများဖြစ်​သည့်​အတွက်​ မိဘ​တွေနှင့်​ အတူ မ​နေနိုင်​။ အမြဲတ​စေဂရုတစိုက်​မရှိအား။ မျက်​မမြင်​အဘ၏ ​ဝေယျာဝစ္စကို သူ့ဇနီးကသာ ပြုလုပ်​​ပေးရသည်​။ 

အိုဆင်းရဲဟူ​သောစကားရပ်​ကို အဓိပ္ပာယ်​နှစ်​မျိုးထွက်​​ပေး ချင်သည်​။ တမျိုးက အိုရသည့်​ဆင်းရဲဒုက္ခ။ နောက်​တမျီုးက​တော့ အသက်​ကြီးကာမှ မချမ်းသာ၊​ ငေငွ​ကြေးမပြည့်​စုံရသည့်​ အိုဆင်းရဲ။ ယခုမျက်​မမြင်​အဘ လင်​မယား က​တော့ ထိုအိုဆင်းရဲနှစ်​ခုစလုံးကိုပင် ​ရင်​ဆိုင်​​နေရသူ​တွေ။ ​နေထိုင်​မ​ကောင်းဖြစ်​သည့်​ တိုင် လုံ​လောက်​​သော ဆေးကုသမှုမခံယူခဲ့ရသူ​တွေ။ အထူးသဖြင့်​ မျက်​စိ ကွယ်​နေသည့်​အဘ။ 

သူ့အတွက်​ ၂၄ နာရီလုံးလုံး ညများသာဖြစ်​သည်​။ ကိုယ်​မြင်​ချင်​​သောအရာ ကိုယ်​​တွေ့ချင်​​သောအရာ ကိုယ်​သွားလို​သော နေရာများသို့သွား၍ အဆင်​မ​ပြေ​တော့။ ကြီးမှမျက်​စိကွယ်​သည့်​အတွက်​ အရာရာက အသား မကျ။ ထို့​ကြောင့်​ တ​ဦးတည်းရှိသည့်​ဇနီးသည်​ကို အားကိုးရှာသည်​။ အစစအရာရာ သူ့ဇနီးကိုသာ အားကိုး တကြီးဖက်​တွယ်​တတ်​သည်​။ တ​ခါတ​​လေ ဇနီးက ကိစ္စတ​ခုခုဖြင့်​ ရွာထဲသို့သွားသည့်​အခါမျိုးတွင်​ စိတ်​အား ငယ်​ထိတ်​လန့်​​ကြောက်​ရွံ့လာဟန်​ရှိသည်​။ သူ့ဇနီးရဲ့အမည်​ကို မတိုးမကျယ်​​လေးအော်​​ခေါ်​နေတတ်​သည်​။ က​လေးငယ်​တယောက်​ မိခင်​​ပျောက်​သဖြင့်​ တမ်းတ​အော်​​ခေါ်​နေသည့်​အသံမျိုးပင်​။

မျက်​မမြင်​အဘလင်​မယားရဲ့အိမ်​​ရှေ့တည့်​တည့်​အိမ်​မှာက ဇနီးကွယ်​လွန်​ပြီးသည့်​​နောက်​  ပရဟိတစိတ်​ ဖြင့်​ ရပ်​တည်​​နေ​သောအဘ။ ဦး​ပေ​တေဟု လူအများကချစ်​စနိုး​ခေါ်ကြသည့်​အဘ။ ယခင်​က ​ငွေး​ကြေး ဥစ္စာပြည့်​စုံ​သော်​လည်း မိသားစုရဲ့အ​ကြောင်းတရားအမျိုးမျိုး ​လောကဓံအမျိုးမျိုး​ကြောင့်​ လက်​လုပ်​လက်​စားဘဝသို့​ရောက်​ခဲ့ရသည်​။ တဦးတည်း​သော သားက​လေးရှိ​သော်​လည်း သူ့မိသားစုနှင့်​သူဖြစ်​​နေသည့်​ အတွက်​  အတူမ​နေဖြစ်​ခဲ့။ ရွာရှိ သာ​ရေးနာ​ရေးကိစ္စများတွင်​ ပရဟိတစိတ်​သက်​သက်​ဖြင့်​ အခမဲ့ ဟင်းချက်​ ပေးတတ်​သူ။ မုန့်​ဟင်းရည်​ကို အဘ​ပေလက်​ရာဟု​ပြောပါက မြည်းကြည့်​စရာမလို။ သူ့မှာလည်း သူ့​သော ကနှင့်​သူ​တော့ ရှိ​ပေလိမ့်​မည်​။ ကျွန်​​တော့်​​ကျောင်းပြန်​လမ်းသည်​ သူ့အိမ်​​ရှေ့မှ ဖြတ်​ပြန်​ရသည်​။ 

ကျွန်​​တော်​ ​ကျောင်းကပြန်​လာသည့်​တချို့ရက်​များတွင်​ အိမ်​ရဲ့ခါးပန်းကို​ခေါင်းက​လေးမှီကာ ​ ခွေ​ခွေ​လေး အိပ်​​နေတတ်​သည့်​အဘကို​တွေ့ရတတ်​သည်​။ သူ့မျက်​နှာတွင်​ ဝမ်းနည်းရိပ်​တို့စွန်းထင်း​နေ​ပေလိမ့်​မည်​။ မိသားစုနှင့်​အတူတကွ ​ပျော်​​ပျော်​ရွှင်​ရွှင်​ဖြတ်​သန်းရင်း ဇရာကိုရင်​ဆိုင်​ရမည့်​အရွယ်​တွင်​ တကိုယ်​တည်း အထီးကျန်​​နေ​လေခြင်း။

ကျွန်​​တော့်​အိမ်​ရဲ့ ညာဘက်​တ​အိမ်​​ကျော်​မှာ​နေသည့်​ အဘစံ​ငွေ။ အဘရဲ့သားအကြီးဆုံးက ကျွန်​​တော့်​ အ​ဒေါ်အငယ်​ဆုံးနှင့်​အိမ်​​ထောင်​ကျသဖြင့်​ အဘနှင့်​​တော့ အ​တော်​​လေးရင်းနှီးသည်​။ ကျွန်​​တော့်​အဘနှင့်​အဘွားဆီသို့လည် အမြဲတမ်းလိုလိုအလည်​လာ​လေ့ရှိသူ။ လာသည့်​အခါတိုင်းလည်း နဲ့နဲ့ နဲ့နဲ့နှင့်​။ သူ့ကြည့်​ရသည်​မှာ ​ လေတိုက်​လျှင်​ လဲ​တော့မည့်​သစ်​ပင်​လို။ ဖြူ​လျော်​​လျော်​နှင့်​ အဘသည်​ စိတ်​​တော့ မာဟန်​ရှိသည်​။ အဘ စားပြီးခဲ့ပြီလားလို့ မေးတိုင်း တည့်​မယ်​ထင်​တာ​လေးနဲ့​တော့ စားခဲ့တယ်​ကွာဟုပြန်​​ပြော​လေ့ရှိသည်​။ ဆရာဝန်​က အူကင်​ဆာဟုသမုတ်​ခဲ့​​ပေမယ့်​ ​လေးငါးနှစ်​ခန့်​ ဆက်​လက်​ရှင်​သန်​​ နေသွားသူ။ မကြာမကြာအစားမှားပြီး ဗိုက်​​ အောင့်​ကာ အိပ်​ရာထဲ​ခွေ​နေတတ်​သူ အဘစံ​ငွေ။ မ​ကောင်းပါဘူးဗျာ...တဖြည်းဖြည်းနီးလာပါပြီဟု ကျွန်​​တော့်​အဘွားကို ​ပြော​ပြော​နေတတ်​သူ။ စုတ်​ တသပ်​သပ်​နှင့်​ အဘ ။

ဘယ်​ဘက်​​တအိမ်​​ကျော်​က အဘွားက​တော့ ​လေ​ရောဂါရှိသည်​။ တခါတ​လေ တ​အေ့​အေ့နှင့်​လေတက်​​နေ သံ တညလုံးကြားရတတ်​သည်​။ တခါတ​​လေ ​သွေး​ပေါင်​စမ်းမရ​တော့သည့်​အထိ ​ သွေးဆုတ်​သွားတတ်​​ပေ မယ့်​ ​ရောဂါဒဏ်​ကို​တောင့်​ခံထားနိုင်​တုန်း။

ဘယ်​ဘက်​မျက်​​စောင်းထိုးအိမ်​က အန်​တီက​တော့ တရားသမား။ 
အိမ်​​ထောင်​ကျခဲ့ဖူး​သော်​လည်း  အ​ကြောင်း​ကြောင်း​ကြောင့်​အိမ်​​ထောင်​ပြိုကွဲပြီး ညီမအငယ်​၏ ခြံထဲတွင်​ ကိုယ်​ပိုင်​အိမ်​က​လေး​ဆောက်​​နေပြီး ဘဝကိုဖြတ်​သန်း​နေတတ်​သူ။ ​သွေး​ပေါင်းတက်​တတ်​သည့်​​ရောဂါရှိ​ သော်​လည်း တရားစခန်းများသို့လှည့်​လည်​ တရားထိုင်​​လေ့ရှိသူ။ သူ့ကြည့်​ရတာ ​အေးချမ်းသည်​။

ကျွန်​​တော့်​အဘအမည်​က ဦးသန်း​မောင်​ဖြစ်​သည်​။ အဘသည်​ နားထိုင်းသူတယောက်​ဖြစ်​​သော်​လည်း မျက်​စိအင်​မတန်​​ကောင်းသူဖြစ်​သည်​။ စာအလွန်​ဖတ်​သူလည်း ဖြစ်​သည်​။ စာမ​ရွေးဖတ်​တတ်​ပြီး တရားစာ အုပ်​များကို​တော့ အသား​ပေးဖတ်​တတ်​သည်​။ စကားနည်း​သောအဘတွင်​ အတက်​​ရောဂါလည်း ရှိသည်​။ အသက်​ ၄၀ အရွယ်​​လောက်​ကတည်းကစတင်​ခဲ့​သော ထိုအတက်​​ရောဂါသည်​ ​သေသည့်​အထိ​ပျောက်​မသွားရှာ။

အဘသည်​ တရားသမားဖြစ်​သည်​။ မနက်​ ၄ နာရီမှ ၅ နာရီအထိ ​နေ့စဉ်​ တရားထိုင်​သည်​။ ညတိုင်း ပရိတ်​ကြီး ၁၁ သုတ်​ကို ရွတ်​သည်​။ ​မေတ္တာပို့သည်​။ တရားထိုင်​သည်​။ အိမ်​သို့အလည်​လာသည့်​လူတိုင်းကို​ပြော တတ်​သည့်​အဘရဲ့စကားက​တော့ "ဘုရား တရားလုပ်​ကြ"ဟူ၍ပင်​ ဖြစ်​သည်​။

အဘကွယ်​လွန်​ကာနီးတွင်​ ကျွန်​​တော်​အဘရဲ့အနီးတွင်​ရှိသည်​။ လူ​လေး​ရေ ​သေတယ်​ဆိုတာဒါမျိုးကွလို့ ပြသွားခဲ့သလိုပင်​။ ထို့ပြင်​ တရား​တော်​အ​ပေါ်၌ယုံကြည်​သက်​ဝင်​မှုကို ပို​စေဖို့လည်း သက်​​သေပြသွားသလို ပင်​။ ​သေမယ့်​မနက်​အထိ အဘသည်​ သတိလစ်​မသွား။ အ​ပေါ့သွား​သေးသည်​။ ​ရေ​သောက်​​သေးသည်​။ သေကာနီး နာရီ ဝက်​အလို​လောက်​မှ အလူအလဲခံစားလိုက်​ရသည်​။ သို့​သော်​ ညင်​သာစွာဘဝကူးသွားခဲ့ သည်​။ အဘ​သေ​တော့ အဘအ​လောင်းက မပုပ်​။ သင်္ဂြိုဟ်​ကာနီးအထိ ​ပျော့​ပျောင်း​နေသည်​။ ဒူးတံ​တောင် များက ​ကွေးလို့ ဆန့်​လို့ရ​နေသည်​။ တရား​တော်​၏တန်​ခိုးများဟု ကျွန်​​တော်​က​တော့ ယုံကြည်​ပါသည်​။

သုခနည်းနည်း ဒုက္ခများများကိုခံစားကြရင်း ကျွန်​​တော့်​ပတ်​ဝန်းကျင်​မှ သံ​ဝေဂရုပ်​ပုံတချို့ ပျယ်​လွင့်​ကုန်​ကြပြီ။ အဘစံ​ငွေသည်​လည်း မရှိ​တော့။ ညာဘက်​​ဘေးအိမ်​မှ အဘလင်​မယားနှစ်​​ယောက်​စလုံးလည်း မရှိ​တော့။ အိမ်​​ရှေ့တ​အိမ်​​ကျော်​မှ မျက်​မမြင်​အဘသည်​လည်း သူငယ်​ပြန်​စပြု​နေပြီ။

ဤကမ္ဘာကြီးထဲမှာ ဒုက္ခများများကိုပဲ သုခလို့ထင်​မြင်​ပြီး​နေထိုင်​သူကျွန်​​တော့်​အတွက်​​တော့ သံ​ဝေဂတ​ရစ်​တထွေးကြီးနှင့်​ ​နေ့စဉ်​သံသရာရဟပ်​တွင်​ လည်​ပတ်​​နေစဲ။ အဘွားဖွင့်​ပြီးနာ​လေ့ရှိတဲ့ ကတ်​ထိုးစပီကာ​ လေးထဲမှ ထွက်​လာတတ်​သည့်​ ဆရာ​တော်​ဘုရားကြီး၏ တရား​တော်​အတိုင်းပင်​။

"ငါသည်​လည်း တစ်​​နေ့ကျ မုချ အိုရဦးမည်​၊ နာရဦးမည်​၊ ​သေရဦးမည်​" ဟု ကိုယ့်​ကိုယ်​ကိုဆင်​ခြင်​ရင်း ဘဝကိုအ​ကောင်းဆုံးထုဆစ်​ပုံ​ဖော်ဖို့ ပတ်​ဝန်းကျင်​မှ လက်​ပူ တိုက်​သင်​ကြား​ပေး​နေသည့်​ ထိုထိုဘဝများ အား ​ငေး​မောသံ​ဝေဂရ​နေမိပါသည်​။

ယံဇငြိဏ်း

Comments