သစ်ခက်သံလွင်အက်ဆေး- ယဉ်မင်းထက်ရဲ့' ကြောင် '

ကြောင်
ယဉ်မင်းထက်
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၇၊ ၂၀၁၈ 

တစ်နေ့တာလုပ်ငန်းတွေ ပြီးဆုံးလို့ အိမ်ကိုပြန်လာတဲ့အချိန် အိမ်ကလေးရဲ့ လှေကားထစ် သုံးဆင့်ကို တက်လိုက်တာနဲ့ ပထမဦးဆုံးတွေ့ရတာက ကြောင်ကလေးတွေပဲ။
 
အိမ်ဝရံတာမှာ တခါတလေ ကြောင်သားအမိ ၃ ကောင်တခါတလေ ၂ ကောင် နေ့တိုင်းတွေ့ရတယ်။
အဲ့ဒီကြောင်တွေကို ကျမ ဟက်ဟက်ပက်ပက် နှုတ်မဆက်မိပေမယ့် ကျမခြေသံကြားရင် သူတို့က ကျမကို မော့ကြည့်တယ် ။ 

အိမ်ပြန်လာတဲ့အချိန်က ည၈နာရီ ဒါမှမဟုတ် ဒီထက်လည်းနောက်ကျတတ်တော့ အိမ်ရှေ့မီးဖွင့်ထားမိခဲ့ တဲ့နေ့တွေမှာ ကျမနဲ့ကြောင်တွေဟာ အလင်းရောင်ရဲ့အောက်မှာ အကြည့်ချင်းဆုံကြတယ်။ 
မီးမဖွင့်ထားဖြစ်ရင်တော့ အမှောင်ထဲကျင့်သားရနေတဲ့မျက်လုံးကိုယ်စီနဲ့ ကြည့်ဖြစ်ကြတယ်။
ပြီးရင် ကျမ မနက်ကသော့ခတ်ပြီးထားခဲ့တဲ့ အိမ်တံခါးသော့ကိုဖွင့်တယ်။
ဒါပေမဲ့ အိမ်ထဲကို ချက်ချင်းမဝင်ဖြစ်ဘူး။

အိမ်ဝရံတာက ကျမစိုက်ထားတဲ့ပန်းအိုးလေးတွေထဲက ပန်းတွေကို တပင်ချင်းစီ သေသေချာချာကြည့် တယ်။
သစ်ခွပန်းလေးအိုးနဲ့တခြားပန်းပင်တွေရယ် အဝါရောင်နှင်းဆီပန်းအိုးတအိုးရယ် ရှိတယ်။ 
အဖိုးတန်မဟုတ်ပေမယ့်လည်း အဲ့ဒီသစ်ခွပင်လေးတွေ အဖူးစထွက်လာတဲ့အချိန်ကနေ အပွင့်ပွင့်ပြီး ညိုး ရော်သွားတဲ့အထိ ကျမ စိုက်ထားတဲ့အပင်လေးတွေဆိုတဲ့စိတ်နဲ့ တယုတယပြုစုပြီး အရိပ်တကြည့်ကြည့် နေ့တိုင်းကြည့်ဖြစ်တယ်။
အဲ့ဒီအပင်လေးတွေကိုကြည့်ပြီးရင် ကျမအိမ်ဝရံတာအပေါ်စီးကနေ လှမ်းမြင်နေရတဲ့ ညရှုခင်းကို ငေးမော ကြည့်ဖြစ်တယ်။

နေ့လယ်ခင်းမှာ ဖုံတထောင်းထောင်းနဲ့  ရွာလယ်ကနေ ဥရုချောင်းဖြတ်စီးနေတဲ့ ကျမနေထိုင်တဲ့ရွာကလေး ဟာ ညမှာတော့ မီးရောင်တွေတဖြတ်ဖြတ်နဲ့ ကျောက်ဝိုင်းကကားတွေဟာစီတန်းလို့ ကိုးရီးယားနိုင်ငံ ဆိုးလ် မြို့နဲ့ ပုံစံချင်းသွားဆင်နေတယ်လို့ မကြာခဏတွေးဖြစ်တယ်။
ကျမ စိတ်ကူးယဉ်ဆန်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဲ့ဒီလိုငေးမောကြည့်ဖြစ်တဲ့အခါ ရွာကလေးကို ကျော်ပြီး တောတွေတောင်တွေရဲ့ ဟိုဘက်အဝေးကြီးက ကျမ မိသားစုလေးတွေရဲ့ပုံရိပ်တွေကိုမျက်စိထဲ မြင်ယောင်လာမိတဲ့အထိ ငေးကြည့်နေဖြစ်တယ်။
ဒီအချိန်ဆို သမီးလေးစာထိုင်ရေးနေမလား။ ဒါမှမဟုတ် ကျောင်းကသင်ခဲ့တဲ့ကဗျာတွေရွတ်နေမလားလို့ လည်း တွေးနေမိတယ်။

ပြီးတော့မှ ကျမ အိမ်ကလေးထဲတိတ်တဆိတ် ဝင်ဖြစ်တဲ့အချိန် ကျမနောက်ကနေ လိုက်ဝင်လာတာက တော့ ကြောင်ကလေးတွေပဲ။
သူတို့ လိုက်ဝင်လာပေမယ့်လည်း ကြောင်ကလေးတွေကို ဖက်လှဲတကင်းမလုပ်ဖြစ်ဘူး။
ကျမတယောက်တည်းနေတဲ့ အိမ်ကလေးထဲမှာ ကြောင်တွေနဲ့ ကျမခပ်တန်းတန်းပဲ။ မောင်းလည်းမထုတ် သလို တခါမှလည်း မပွေ့ဖြစ်ဘူး။
ကြောင်တွေကို ကျမ မုန်းနေခဲ့တာလားလို့ တွေးမိတော့လည်း မဟုတ်ပြန်ဘူး။
ဒါဆိုရင် ကျမ ကြောင်တွေကို မယုယတတ်တာပဲ။
တယုတယ မလုပ်ဖြစ်ပေမယ့် ကြောင်တွေ ကျမဘေးကနေ မလှမ်းမကမ်းကနေ ဖြတ်လျှောက်သွားနေရင် တော့ ကျမအထီးမကျန်တော့ဘူးပေါ့။
 
ကြောင်တွေမရှိတဲ့ညဆိုရင်တော့ကျမ တခုခုကို စိုးရွံ့မိသလိုပဲ။
အိမ်တံခါးတွေ ပိတ်မိရဲ့လားလို့ ခဏခဏထကြည့်မိတယ်။
ကျမအိမ်ရဲ့အောက်ဘက် ရွာလမ်းမကနေ ယောကျာ်းတယောက်ရဲ့ကယ်ကြပါလို့ သွေးရူးသွေးတမ်း အော်သံကို ကြားရတဲ့ညကဆို ကျမ တညလုံး အိပ်မပျော်ဘူး။
 
အဲ့ဒီညကဆို ကြောင်တကောင်ရှိရင်သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။
ကြောင်တွေကို မချစ်တဲ့ကျမက ဘာကြောင့်များ ကြောင်တကောင်ကို တမ်းတနေမိပါလိမ့်။
ဒီညရော ကျမအိမ်မှာ ကြောင်တကောင်ရှိနေမှာလား။
ကျမရဲ့ ညစဉ်အိမ်ပြန်လမ်းဟာ ကြောင်စီစီနဲ့။

ယဉ်မင်းထက်

Comments