သစ်ခက်သံလွင် ကဗျာ- မိုးညဖြူ(တွံတေး)နှင့် ရာမညမင်းငြိမ်းချမ်းတို့၏ကဗျာများ

www.pinterest.com
 ညဟာ ညထဲမှာ ကမ်းပါးပြိုခဲ့
မိုးညဖြူ  (တွံတေး)
 
ကမ္ဘာကြီးဟာ မီးပျက်သွားတော့
ကပိုကရိုနဲ့ လှတယ်
လေညင်းခြွေသံကြားရတယ်
ပုဇဉ်းရင်ကွဲတွေက တဝီဝီနဲ့
ကြွက်တကာင်ရဲ့ကိုက်ဖြတ်စားသောက်နေသံကလည်းတကြွပ်ကြွပ်
ငှက်ဆိုးတကောင်ရဲ့အော်သံကကြမ်းရှရှ
ပေါလောမျောနေတဲ့ ဘဝတွေကလည်း အထပ်လိုက်
ခေါင်းတလားထဲက အလောင်းကောင်ဆီကလည်း
ညည်းညူသံသဲ့သဲ့ကြားရတယ်
သံလမ်းတွေပေါ် စစ်ကြောရေးဂိတ်တွေက တစ်စုချင်းဆီ
တင့်ကားသံတွေလည်း ကြားရတယ်
လူယောင်ဆောင်တဲ့လူတွေလည်းတွေ့ရတယ်
ဒီလိုနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်မကြည့်ဖြစ်တဲ့ည
အသက်ကို ခပ်ငွေ့ငွေ့ရှူလိုက်တော့
ညဟာညကို ကိုယ်ဝန်ဆောင်လိုက်ရတယ် ။

....
heimart.com
  
အရုပ်မ
   ရာမညမင်းငြိမ်းချမ်း

မိုးလေဝသခန့်မှန်းချက်လို
အနီးစပ်ဆုံးဖြစ်နိုင်စွမ်း
လျော့ပေါ့ဖြည့်တွေး
မျှော်လင့်ချက်တွေကအသေ။
 ကြိုးဆွဲရာက
ဆီလီကွန်အရုပ်မကြီးရဲ့
မျှော်လင့်ချက်မဲ့မျက်ဝန်းညို
ဆေးရောင်မစုံတဲ့စုတ်ချက်အောက်
အရောင်ခပ်မှောင်မှောင်။
 နေ့တိုင်းကွယ်စွပ်
နှာခေါင်းစည်းပေါ်က
ကပ်ငြိနေတဲ့ရောဂါပိုးများ
ရင်ဘတ်ရဲ့အနက်ရှိုင်းဆုံး
တစိမ့်စိမ့်တိုးဝင်နေ ။။
         




Comments