ဆိုင်ခီပန်းပွင့်များ
နိုင်ဝင်းသီ
နိုင်ဝင်းသီ
(သစ်ခက်သံလွင်) စက်တင်ဘာ ၆၊ ၂၀၁၈
(တစ် )
(တစ် )
မိုက်တယ်ဆိုတာ လွယ်ပါတယ်၊ တိမ်ဦးလေပြေမောင့်ကိုစေ၊ တို့နှစ်ယောက်နဲ့ မိငြိမ်းချမ်း၊ မှုန် ရွှေရည်၊ စကားပြောသော အသည်းနှလုံး၊ ဗန်တိုလူလေးနှင့် သူဇာ၊ ကျည်ဆန်ငါးတောင့်၊ ကိုယ်ရယ်တိုးရယ် စိုးစိုးရယ်၊ ဆောင်းအိပ်မက်၊ ကုဋေရှစ်ဆယ်သူဋေး သား၊ နုနုငယ်ငယ်၊ဘယ်ဆုတောင်းမလဲ ချစ်သူ၊ ဝရမ်းပြေး ဘိုးသိန်း၊ ပုလဲမျက်ရည်၊ နွေ ဦးကာလ မူထသောအခါ၊ ၁၃ ယောက် ၁၃ ရက် ၁၃ နာရီ၊ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသိန်းကြည်၊ တိမ်လွှာမို့မိုလွင်၊ သမန်းကျား၊ ငွေစင်ကြယ်နဲ့ ရေပင်လယ်၊ တိုက်စစ်မှူးဇော်ဇော်၊ ချစ်သူရွေးမယ်ချစ်ဝဲလည်၊ အဖေတစ်ခုသားတစ်ခု၊ ပယင်းရောင်၊ သိုး၊ ညောင်ညို ရိပ်ဝယ်၊ ငါးပွင့်တစ်ခိုင်၊ ချိန်းမိလေသောည၊ ဘွေသီဟာ၊ သမုဒယသံယောဇဉ်၊ မတ်တတ်ရပ်လို့ လမ်းမှာငို၊ စံရွှေမြင့်ရဲ့မာမာ၊ ရွှေခေါင်းပြောင်၊ တောင်ခိုးဝေဝေ မြူခြေဆိုင်းဆိုင်း၊ အားနွဲ့  သူပါရှင်၊ မောင်ရုပ်ဆိုးမိုးသူ ဇာ ခြံအမှတ် ၉ ၊ ဘယ်ပန်းချီ ရေးလို့မမှီ၊ မီလာရှီကာ စိုင်းဗေဒါ၊ ကျောက်မဲအကျဉ်း
သား။
ငါတို့ ငယ်စဉ်က ရုပ်ရှင်ကားတွေပေါ့။ မြဟံသာရုံဟာ ငါတို့ လူငယ်ဘဝရဲ့အမှတ်အသားတစ်ခု။ ရုပ်ရှင်ရုံရှေ့မှာ လူတွေဖွေးဖွေးလှုပ်နေရင် ငါတို့ဟာ ပျော်ရွှင်နေကြပြီ။ အဲဒီ ကားတွေကို ကြည့်ပြီး ရယ်လည်းရယ် ငိုလည်းငိုခဲ့ရတာပေါ့။ ငါတို့ရဲ့ လူငယ်ဘဝတွေမှာ။
( နှစ် )
နောက်ဆုံးသစ်ရွက်ဟာ ဘယ်တော့မှ မကြွေဘူး။ မီးဟာ ပင်လယ်ထဲမှာလောင်နေလည်း ငါတို့ဟာ ရွက်လွှင့်ရမှာပဲ။ တစ်နေ့ တစ်နေ့ စိတ်ဟာ မူးရီလွင့်မျော။ အာရုံဟာ ဒယိမ်းဒယိုင်။
( သုံး )
သေချာခဲ့တာပေါ့။ ရော့ခ်ဂီတ၊ ကျိုက်ခေါက်၊ ငြိမ်းငြိမ်းလှနဲ့ဒေါနလမ်း၊ ကိုအောင်ထွန်းရဲ့ ည မွှေးပန်း၊ တညင်းပင်အိုကြီး တွေ ဝေဆာအုံ့ဆိုင်းနေတဲ့ တညင်းမြိုင်၊ လေဟာပြင် ညဈေးတန်းထဲက မိုးမခစာအုပ်အငှားဆိုင်လေး။
ပြီးတော့ ကိုစိန်မြင့်ရဲ့ စံတော်ချိန် နာရီပြင်ဆိုင်လေး။ ပြီးတော့ စိန်ပန်းပွင့်တွေ ပြန့်ကြဲနေတဲ့ အ ထ က (၂ ) ၊ ဖို့မြေလမ်း ထဲက သီတင်းကျွတ်မီးထွန်းပွဲတော်၊ ကိုယ့်အရိပ် ကိုယ်ပြန်မြင်ခဲ့ရတဲ့အဲဒီနှစ်ကာလ တွေဟာ ပျော်ရွှင်စရာကောင်းခဲ့တဲ့ ငါတို့ရဲ့လူငယ်ဘဝပါပဲ။
ငါတို့ရဲ့ လူငယ်ဘဝတုန်းက ရေဟာ အေးမြတယ်။ မီးဟာလည်း အေးမြခဲ့တာပဲ။
( လေး )
နှစ်သုံးဆယ်ဟာ မနေ့တစ်နေ့ကလိုပဲ။
လမ်းမပေါ်ကို လူတွေ ရောက်လာခဲ့ကြတာ၊ မွန်းကျပ်နေတဲ့ ခေတ်ကြီးကို တစ်လွှာချင်း ခွာချခဲ့ကြတာ၊ မဆလပါတီကို ကမ္ဘာမြေရဲ့တဖက်ခြမ်းဆီ ကန်ချပစ်လိုက်တာ၊ နေမဝင်အင်ပါယာကြီးဟာ မျက်စိ အောက် တင် မည်းမှောင်အေးစက်သွားခဲ့တာ၊အလံတော်ဟာ လမ်းမတိုင်း လမ်းမတိုင်းမှာ တဖျပ်ဖျပ်နဲ့ လွင့်နေခဲ့ကြတာ၊ လူတွေဟာ ပျော်ရွှင်ခြင်း နိုင်ငံတော်သစ်ဆီ တရွေ့ရွေ့နဲ့ တိုးဝင်ခဲ့ကြတာ။ သွေးဆာနေတဲ့ကျည်ဆန်တွေဟာ လူအုပ်ကြီးထဲကိုတဖောက်ဖောက် နဲ့ အော်ဟစ်ပျံသန်းလာခဲ့တာ။ နှစ်သုံးဆယ်ဟာ မနေ့တနေ့ကလိုပဲ။
Comments
Post a Comment