သစ်ခက်သံလွင် ကဗျာရှည်- ကေဇော်မိုး- စကားလုံးမြို့တော်

Art Canyon
 စကားလုံးမြို့တော်
ကေဇော်မိုး
(သစ်ခက်သံလွင် ကဗျာရှည်) စက်တင်ဘာ ၂၊ ၂၀၁၈

အပိုဒ် ၁

ကုတ်ခြစ်ဖဲ့ခံထားရတဲ့မြို့မှာ
အမှောင်အရောင်တွေ ရင့်အိုဆွေးမြေ့လို့
အဝေးကအသံတွေ
ယိမ်းနွှဲ့တိမ်းညွှတ်နီးတော့မလိုလို
မျက်နှာဖုံးအပေါ်
အစိမ်းသေအပြုံးတွေ ထ ထပွင့်တယ်။

အပိုဒ် ၂

အရေခွံထူထူ မြို့မှာ
ဖိတ်လျှံနေတဲ့ ရယ်သံတွေ
အရိုင်းလက်ရာတခုရဲ့ စိမ်းလန်းသောကွင်းပြင်
အေးစက်မှိုင်းညှို့နေတဲ့တိမ်ရောင်မှာ
လေပြေလှုပ်ခတ်ပြတိုင်း
နာကျင်မှုဟာ သွေးအေးမသွားဘူး။

အပိုဒ် ၃

မေ့ဖျောက်မရတဲ့
မျက်လှည့်ပြသမိုင်းမတင်မြို့လေ
ကြခတ်ပင်တွေနောက်က
ဆူးလွှမ်းနဘူးချုံဟာ နန်းတော်ရာ
ချွေးစက်တွေရဲ့ မြက်သားပြင်ဟာစိမ်းမြလို့
အနုလက်ရာ ကမာမျက်ဝန်းများ
ရွှေအချင်းတို့ရဲ့လမ်းကိုခင်းတဲ့ အဆင်းဖြစ်ရဲ့။

အပိုဒ် ၎

ရယ်မောသံအတုနဲ့
အဖျားရှုးတွေ ကြောက်ရူးရူးနေတဲ့မြို့လေ
အတိတ်နဲ့အနာဂတ်ထဲ
လှုပ်ခတ်ယိမ်းနွဲ့နေသော မျှော်လင့်ချက်မရှိဘူး
အထင်းသားနေရောင်က
တစပြင်လမ်းမကြီးအပေါ် ပြေးပြေးတက်လို့
နွေဦးအတုရဲ့လောင်စာကို
အရိုးပါးမြက်တို့ရဲ့
ဆောင်းညများနဲ့မွေးရတယ်။

အပိုဒ် ၅

သင်္ကေတအပြောင်းအလဲထဲ
တိမ်ညိုတုတွေ ဖြူမယောင်ဆောင်ပြနေတဲ့မြို့လေ
နေကြာရိုင်းတွေ အလေ့ကျကပ်ပါးပိုးလိုကုတ်သွေးစုပ်လို့
လမ်းညွှန်အမှားကြီးတွေ ဣနြေ္ဒခပ်ကြီးကြီး
ရင့်မှည့်နေသော ဝဋ်မှာ
ရှေးဆုတောင်းကို ပုန်ကုန်သင့်ကြတယ်။

အပိုဒ် ၆

ခေတ်ကိုလှန်ကြည့်ပြီး
အလျားလိုက်မျက်နှာဖုံးပြောင်းပြန်စွပ်တဲ့မြို့လေ
တရားမျှတမှုက
စဉ်းစားတွေးခေါ်ခြင်းမှ အမျက်ရှရသတဲ့
လေပေါင်မပြည့်သောစကားလုံးတွေ
အလောသုံးဆယ် မိတ္တူသမားတွေ
စိတ္တဇဟာသကွက်နဲ့လူရွှင်တော်များ
ရွေးချယ်ခွင့်ကယုံကြည်လောက်စရာအဆင်အသွေးမဲ့တော့
ကိုင်းဖျားကိုင်းနားအစွန်အကြဲမှ
အဆိပ်ကိုလည်း မဝရေစာလိုစားသုံးရတယ်။

အပိုဒ် ၇

မလျှောက်ရဲတဲ့လမ်းတွေထဲ
အော်ညည်းနေသော ယန္တရားမြို့လေ
စက်ရုပ်အတုတွေ မျက်ရည်အတု စကားလုံးအတုတွေလိမ်းလို့
ချွန်မြထက်ရှနေတဲ့ သွေးဆာမှုက
ကျည်ဆန်တွေရဲ့ဖြစ်တည်ရာမှာသစ္စာခံသတဲ့
ရွဲ့စောင်းနေသောအလင်းထဲ
နင်နေဆဲစိတ်ကူးက
သံသရာတွေနဲ့ အိပ်မက်ဆိုးစစ်စစ်ကိုငတ်မွတ်ခဲ့

အပိုဒ် ၈

ညှီစို့စို့ရှင်သန်ခြင်းတွေ
တရစပ်ဖူးပွင့်နေတဲ့ မြို့လေ
သတ်ပုံမှားယွင်းနေသော ခပ်ရှရှရာဇဝင်
တဒင်္ဂရူးသွပ်ခြင်းလားလို့ကမ္ဘာကထိုင်ကြည့်
ကြက်သွေးပန်းများပြောင်းဝထဲအဆက်အဆက်ပွင့်
အော်စကာမြောက်သရုပ်ဆောင်ကောင်းသူများ
သတ်ကွင်းရဲ့မီးရောင်မွဲမွဲထဲ
ခေါင်းတလားခေါက်သံတွေဝေခဲ့တယ်။

အပိုဒ် ၉

ယဉ်ကျေးမှုတော်လှန်ရေးအထပ်ထပ်နဲ့
သပြေဖူးတွေအမျက်ရှနေဆဲ မြို့လေ
ဗြောင်စားနေသော အသံ/သတင်းက မှားရိုးမှားစဉ်ကြော်ငြာလိုလို
နီးရာဓါးမှာ စက်ရုပ်ဆန်ဆန်အမိန့်သံကိုတုန်လှုပ်
နောက်ကျသွားတဲ့ ရွှေရည်စိမ်နေ့များ
အဖျားသွေးများ သဲတရှပ်ရှပ်
အာမေဍိတ်သံနောက်က အစစ်မဲ့အတုများ
မှောင်နေသောအထီးကျန်စိတ်မှာ
ကွန်ရက်တွေအလင်းပိတ်ငတ်မွတ်လို့
ရူနေရတဲ့လေထုထဲ
နိစ္စဓူဝဆေးခါးတွေခပ်သောက်သုံးရတယ်။

အပိုဒ် ၁၀

အက်ဆက်ကြောင်းကိုအရေခွံလဲလို့
လွန်မြောက်မှုမှာ ဒုက္ခပလက်ကင်ထိုးနေဆဲမြို့လေ
လင်းနေတဲ့ သောကမှာ
ပျော်စရာဟာ မျက်ရည်နဲ့မျှားမှပွင့်ရ
အပွန်းအပဲ့အရှအနာထဲ အရစ်ပြုန်းဆဲ့ဘဝမူလီများ
အိပ်ယာဝင်သောကတို့ရဲ့ဒုက္ခသည်စခန်းများ
ထိပ်စီးဂဏန်းတွေနဲ့ကနားစီးမီးရှုးမီးပန်းတွေပစ်လွှတ်လို့
အမှားက လူချင်းလူလုံးကွဲပြားချိန်
လေးနက်စွာမှန်ကန်ခြင်းလက်မှတ်ဖြတ်တယ်။

အပိုဒ် ၁၁

အရောင်လွင်အိပ်မက်တွေနဲ့
မသိကိန်းများကန်းအသွားတဲ့သြဇာခံမြို့လေ
ခလုတ်တိုက်ခံအနာတချို့ထဲအညံ့စားပုံသေနည်းများ
ကျွမ်းနေဆဲရမ္မက်မှာသက်မဲ့စစ်ပွဲများ
တံခါးရွက်ထဲက ရှိုက်ငင်သံအကျိုးအကြေများ
ပုံမှားရိုက်သစ္စာနဲ့သွေးရာဇဝင်အာဏာဆိပ်များ
မည်းညစ်နေသောအသက်ကကြေကွဲစရာထက်ကိုပိုဖြူစင်လို့
အမှန်တရားဟာ
လာရင်းမကောင်းတဲ့ မိတ္တူမှာ
ကြိုးစင်ပေါ်ခေါင်းငုံ့တက်ခဲ့တယ်

အပိုဒ် ၁၂

ယန္တရားစိပ်တွေနဲ့
ပုံမှားမောင်းနှင်ခံအသက်မဲ့မြို့လေ
ငွေစက္ကူထက်က ဂုဏ်သတင်းမဲ့ရနံ့စိမ်းများ
လမ်းဘေးမြောင်းပုပ်ကြားကကြွက်သေတစ်ကောင်လို
နွေအတုထဲကနေ့ခင်းမှာ စုန်းတောက်စားခံရှုခင်းဖြစ်ရ
အမိုက်ဟာအမှောင်နဲ့ အငှားရှေ့နေဖြစ်လို့
သံသရာကို သံသယစိတ်နဲ့ဖြတ်ရ
အတ္တပြည့်သစ္စာက မြူခြေဖဝါးအောက်က ရှင်ခြင်းကိုဖဲ့ချ
မှိုစွဲရနံ့တို့ရဲ့ရယ်မောခြင်းမှ
ပိုလျှံစိတ်များခဝါချဖို့ခက်တော့
ရေသားပြင်ပေါ်ကပုံပြင်နဲ့
ပျော်သလိုလိုပဲ လင်း(လင်း)နေရ။

အပိုဒ် ၁၃

အမည်ပေါက်ပိုင်ဆိုင်မှုထဲ
သရုပ်မကွဲသေးသော သွေးခေါ်သံတို့မြို့လေ
ဈေးကစားမိတဲ့ ငြိမ်းချမ်းရေးမှာ
စစ်ကဖွားဖက်ရွှေဘော်တို့နဲ့ရေတိမ်နစ်လို့
ဘယ်တော့မှမရောက်နိုင်မယ့် အိမ်ရာတို့ရဲ့အပြာရောင်အခမ်းအနာ
အလင်းဆာသူများ အနက်ရောင်ဝင်္ကပါ
ပရောဂအထပ်ထပ်ထဲ အနှောင့်အသွားမလွတ်လက်သည်များ
ရောဂါပိုးများ နေရောင်ထဲသဟဇာတဖြစ်လို့
ပစ္စုပ္ပန်များအတိတ်နဲ့အနာဂတ်ကိုဘီလူးစီးတော့
ကျွမ်းကျင်သူတို့သတ်ကွင်းထက်
အလယ်ဗဟိုကမီးထဲ
ပိုးဖလံလိုငါတို့တိုးဝင်ပျောက်ခဲ့တယ်။

အပိုဒ် ၁၄

ရုပ်ဆင်းအင်္ဂါပျက်ယွင်းနေတဲ့အသံနဲ့
လူကြီးလူကောင်းတွေ ဂေါက်ရိုက်နေသောမြို့လေ
ဂလိုဘယ်လ်လိုက်ဇေးရှင်န်းရှော့ခ်ကွက်မှာ
ပစ္စလက္ခတ်ကမ္ဘာထဲ ရှုခင်းဟာသေလို့
လည်နေတဲ့စက်ဝိုင်းထဲသားရဲနံ့တွေနောက်လိမ့်ဆင်းလို့
ဟိုး......တောင်ယာဘေးက
မှိုင်းဝနေတဲ့စပါးကျီဆီရောက်ဖို့
တစ်စေ့တစ်ဆံကို မီးခိုးငွေ့ရဲ့အသက်လိုဖြတ်ရ
ကံများကောင်းခဲ့လို့
မနေ့ကဝတ်ရုံဟောင်းကိုလဲရရင်
လူ နတ် ငရဲ ( ဘုံ )
လုံခြုံနိုင်ရာ တစ်စိတ်တစ်ပိုင်းကိုရနိုင်တယ်။

အပိုဒ် ၁၅

ပင်လယ်သေလှောင်အိမ်ထဲ
အရောက်နှင်ကျုံးသွင်းခံသားရိုင်းတွေရဲ့မြို့လေ
မသမာမှုများက
အတွေးအခေါ် သယံဇာတကိုတူးထုတ်
သိုက်တူးသမားတို့အနာဂတ်ကဥပေက္ခာရွှေရောင်ထဲတောက်လို့
သင်းခွဲခံသွေးသားတွေတကွဲတပြားအာရုံမညောင်းသရွေ့
နင်နေတဲ့အသံမှာအလင်းကိုထိုးကျွေ
အရှက်တရားကိုရေလောင်းပေါင်းသတ်
အောက်ဆီဂျင်ပြတ်တဲ့ဒဏ်ရာနဲ့
အမြစ်ကတူးထုတ်ခံရတယ်။

အပိုဒ် ၁၆

ကီးမြင့်သံကြောင်အရပ်ထဲ
ယုံကြည်မှုတွေစုံလုံးကန်းနေတဲ့
မြို့လေ
ပြန်ပြောတိုင်းနာနေရတဲ့ဇာတ်က ရွှေမန်းလေသံ
ရွေးရခက်သောနွေက မိုက်ရူးရဲတွေထံအပေါင်ဆုံးလို့
လက်သပ်မွေးကင်ဆာဆဲလ်ကလက်အလှည့်အပြောင်းနဲ့
ရပ်နေတဲ့ပိတ်ဆို့မှုတွေအိပ်စက်ခြင်းထဲနင့်နင့်သီးသီးတုန်ခါခဲ့
လေရိုင်းထဲကအဓမ္မခြေသံမှာ ငါတို့ဟာငတ်ပြတ်လို့
ရှု့ခင်းထဲကအလင်းမဲ့အတောင်မှာ ငါတို့ဟာခြောက်ကပ်လို့
မသမာမှုများက သေကောင်ပေါင်းလဲ ကုသိုလ်စစ်စစ်ဖြစ်လို့
ပြောလို့ ပြောတယ် မဟုတ်ဘူး
ဖြစ်ထွန်းလက်စမြို့များရဲ့ဝါဒက
ပရမတ္တတရားထဲ အမှောင်ဖြည့်လို့
ငိုသံတို့ရဲ့ကျိန်စာအထပ်ထပ်မှာ
သေခြင်းတရားနဲ့ခေါင်းငုံ့ချရခြင်းကို
အကျအနချုပ်ဝတ်ခဲ့ရုံသာဖြစ်တယ်။ ။

Comments