လုယက်၊ ခိုးဝှက်တဲ့အကြောင်း
ကျော်ကျော် မြရည်စမ်း
(သစ်ခက်သံလွင်)၊ စက်တင်ဘာ ၁၊ ၂၀၁၈
လုယက်တဲ့အကြောင်းနဲ့ခိုးဝှက်တဲ့အကြောင်းကို
လူတွေကအထူးတဆန်းကိစ္စကြီးလိုပြောနေကြတယ်။ နေ့စဉ်ကြားနေရတဲ့ အသံတွေထဲမှာ အဲဒီအကြောင်းက
အမြဲပါတယ်။ ခိုးတဲ့အကြောင်းတောင် သိပ်ပြီးမပါ ပါဘူး။ လုယက်တဲ့အကြောင်းတွေက များတာပါ။
အဖြစ်အပျက်တွေကတော့
နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ပေါ့။ ဆိုင်ကယ်စီးသွားရင်း အလုခံရတယ်။ လမ်း လျှောက်သွားနေရင်း
အလုခံရတယ်။ ကားပေါ်မှာ၊ ရထားပေါ်မှာဘတ်စ်ကားမှတ်တိုင်မှာ စုံလို့ပါပဲ။ အလုခံရတဲ့
ပစ္စည်းအမျိုးအစားကလည်း စုံလို့ပေါ့။
တချို့ကျတော့
ဘယ်မှလည်းသွားနေလာနေတာမဟုတ်ဘူး။ အိမ်ထဲ၊ တိုက်ထဲနေကြတာ...၊ သူတို့တွေ လည်း အလုခံရကြပြန်တယ်။ လုယက်တဲ့သူတွေဟာ
ပစ္စည်းရရုံမျိုး၊ ငွေကြေးရရုံမျိုးမဟုတ်ပဲ အနိုင်ကျင့် သွားတာတွေ၊ ရိုက်နှက်သတ်ဖြတ်သွားတာတွေလည်း
လုပ်တတ်ကြတယ်။ အဲလိုသတင်းတွေကြားရရင် ကြားရသူတိုင်းက လုယက်သူကို မေတ္တာပို့ကြတယ်။ (ဒီနေရာမှာတော့
မေတ္တာပို့ကြတယ်ဆိုတာ ကျိန်ဆဲ တာ လူတိုင်းသိကြမှာပါ)။
"သူခိုးလက်က
သူဝှက်လု" ဆိုတဲ့စကားပုံလည်း ကြားဖူးခဲ့ပါတယ်။ စကားပုံကို စကားပြေနဲ့ ပြန်ဆိုရေးသား ခိုင်းတာတွေရှိပေမဲ့ အဲဒီစကားပုံကိုတော့ အဓိပ္ပာယ်မပြန်ဆိုခဲ့ရဖူးပါဘူး။ လုယက်တဲ့အကြောင်းစကားပုံ တွေ၊ ခိုးဝှက်တဲ့အကြောင်း စကားပုံတွေ အများကြီးရှိနိုင်သေးတာပေါ့။
"သူခိုးပြေးမှ
ထိုးကွင်းထ" တို့ "ငှက်မသိတော့ ဆက်ရက်ချိုးထင်၊ အချက်မသိတော့ သားမက်သူခိုးထင်" တို့လိုမျိုးလည်း
ရှိနေတာပါ။ သူခိုးနဲ့သူဝှက် ဘယ်သူကပိုကြီးသလဲဆိုတာကိုသိချင်လို့ အဘိဓာန်စာအုပ်လှန်ဖို့စဉ်းစားတော့ သူငယ်ချင်းတယောက်ငှားသွားပြီး ပြန်မပို့တော့တာ သတိရပါတယ်။ အဲဒီအဘိဓာန်စာအုပ်ကလည်း
ကျွန်တော်ဝယ်ထားတာမဟုတ်ပါဘူး။
မနက်က
ဈေးထဲရောက်တော့လည်း ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးနှစ်ယောက်ဆီကနေ ဖုန်းနဲ့ပိုက်ဆံ အိတ်လုပြေးတဲ့
လူတယောက်အကြောင်းကို ပြောနေကြသံ ကြားရပြန်တယ်။ သူတို့အချင်းချင်း ထင်မြင်ချက်တွေလည်း
ပေးနေကြတယ်။ "ဆေးသမားလေးဖြစ်မှာပေါ့"၊ "သူတို့အိမ်မှာ စားစရာမရှိလို့နေမှာပေါ့"၊
"ဇရှိတဲ့သူက ဒါမျိုးပဲ ချောင်းနေတာ"၊ "လုလို့လွယ်တော့ လုမှာပေါ့"
။ စတဲ့ ဝေဖန်ချက်၊ ထင်မြင်ချက်တွေ ကတော့ စုံလို့ပါပဲ။
တခါတလေတော့လည်း
လုယက်ကြတဲ့သူတွေအကြောင်းကို စိတ်ဝင်စားမိပြန်တယ်။ စားစရာမရှိလို့လား။ ဆေးစွဲနေပြီး
စိတ်နဲ့ခန္ဓာက ဆေးတောင်းနေလို့များလား။ ခန္ဓာကတောင်းတာကို တောင့်ခံချင်ခံနိုင်မယ်
စိတ်ကတောင်းရင်တော့ ခံနိုင်မယ်မထင်ပါဘူး။ လုလို့လွယ်လို့လား။ လွယ်လို့လုတာမျိုးလည်း ခရီးသွားရင်း တွေ့ဖူးခဲ့ပါတယ်။
မန္တလေးမြို့ကနေ
မြစ်ကြီးနားကို ရထားနဲ့ပြန်တော့ လှေကားအဆင်းအတက်နားကခုံမှာ အမျိုးသမီး တယောက်ထိုင်နေတယ်။ လည်ပင်းမှာ
လက်သန်းလုံးလောက် ဆွဲကြိုးကြီးနဲ့။ ရထားက ညနေခြောက်နာရီ ခွဲမှာ မန္တလေးဘူတာကြီးကထွက်တယ်။ ရထားတွဲထိန်းလေးက အမျီုးသမီးကို ဆွဲကြိုးအင်္ကျီထဲထည့်ထားဖို့ နဲ့ မထည့်ထားချင်ရင် ပြတင်းတံခါးပိတ်ထားဖို့သွားပြောပါတယ်။ အမျိုးသမီးက အရေးမစိုက်ပဲနေပါတယ်။ ရထားက
တဂျုတ်ဂျုတ်နဲ့ခုတ်လာတာ မြို့ဟောင်းဘူတာအဝင်မှာ အရှိန်လေးနည်းနည်းလျှော့တော့
ပြတင်း ပေါက်က လက်တဖက်ဝင်လာပြီး ဆွဲကြိုးကိုဆောင့်ဆွဲလိုက်တယ်။ ဆွဲကြိုးကပြတ်ပါမသွားဘူး။ အမျိုးသမီး ကတော့ ထိုင်ခုံပေါ်ကနေ ငိုက်စိုက်ပြုတ်ကျပြီး ရှေ့ကခေါက်စားပွဲစောင်းနဲ့ဆောင့်မိလို့
နဖူးကွဲသွားပါတယ်။
တချို့က လုယက်တဲ့သူကို အပြစ်ပြောကြတယ်။ တချို့ကတော့ လုချင်အောင်ဝတ်ထားတဲ့အမျိုးသမီးကို
အပြစ်ပြောကြတယ်။ ဘာမှမပြောတဲ့သူတွေလည်း ရှိပါတယ်။ ကျနော်ကတော့ လုတဲ့သူကို
စိတ်ဝင်စား နေမိတယ်။ လက်တစ်ဖက်ကိုပဲ မြင်လိုက်ရတဲ့ အဲဒီလူအကြောင်း စိတ်ကူးထဲမှာ
ပုံဖော်ကြည့်၊ တွေးနေမိတယ်။
အဲဒီလူဟာ
အိမ်မှာစားဖို့ကိုအနိုင်နိုင်လား။ စားဖို့ရှိရက်နဲ့ နေဖို့မရှိလို့ အခုလို လုပ်တာလား။ နေဖို့စားဖို့
ရှိနေပေမယ့် တခြားအရေးတကြီးကုန်ကျစရာတွေများ ရှိနေသလား။ သူ့မိဘဖြစ်စေ၊ ဇနီးသားသမီးဖြစ်စေ
နေမကောင်းထိုင်မသာဖြစ်လို့ ဆေးဖိုးဝါးခတွေများ ဖိစီးနေရှာသလား။ ဒါမှမဟုတ် အဲဒီလူဟာ
အခြေခံ စားဝတ်နေရေးတွေ ပြည့်စုံပါရက်နဲ့ ကားစီးချင်၊ တိုက်ဆောက်ချင်လို့
လောဘတက်ပြီး လုယက်တာလား။ ခုတ်မောင်းနေတဲ့ရထားပေါ်မှာ အတွေးတွေဆန့်ထွက်၊ဖြာဝေခဲ့ဖူးတယ်။
ရထားတွဲထဲက
လူတွေကတော့ အဲဒီအကြောင်းကို အကြာကြီး ပြောမနေကြပါဘူး။ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြပါပြီ။အမှောင်လေးအတော်ရင့်လာတော့ အိပ်ငိုက်ကုန်ကြတာပါ။
ကျနော်လည်း
မျက်နှာချင်းဆိုင်မှာရှိနေတဲ့အမျိုးသမီးကို စကားပြောမနေချင်တာနဲ့ ပလက်ဖောင်းမှာဝယ်ခဲ့တဲ့သတင်းစာတစ်စောင်ကို ထုတ်ဖတ်နေလိုက်တယ်။ သတင်းစာထဲမှာပါတဲ့ တံတားကြီးတွေဆောက်တဲ့ အကြောင်း၊ လမ်းတွေဖောက်တဲ့အကြောင်း၊ တချို့လမ်းတွေကို ထပ်ပိုးလွှာတွေခင်းနေတဲ့အကြောင်း၊ တံတားတချို့ကိုတော့ ဘတ်ဂျက်အသစ်တွေနဲ့
ပြုပြင်ထိန်းသိမ်းနေကြောင်းတွေကို စိတ်ပါဝင်စားမှုမရှိပဲ ဖတ်နေမိခဲ့တယ်။
သဘာဝဘေးအန္တရာယ်ကြောင့်
နှစ်စဉ်ပျက်စီးနေရတဲ့တံတားတွေအတွက် ဘတ်ဂျက်ငွေတွေ မည်၍မည်မျှ အကုန်အကျခံပြီး
ဆောင်ရွက်ပေးနေကြောင်းလည်း ပါတာပေါ့။ အဲတာတွေဖတ်နေရင်းနဲ့လည်း လုယက်တဲ့ အကြောင်းနဲ့
ခိုးဝှက်တဲ့အကြောင်းကို တွေးမိနေတာပါပဲ။
နောက်စာမျက်နှာတခုမှာကျတော့
ပင်လယ်ကမ်းခြေတနေရာက လူနေအိမ်ခြေတွေကို အတင်းအကျပ်ဖယ်ခိုင်းနေတဲ့သတင်းကို
တွေ့ရပြန်တယ်။
မှော်ထဲက
သက်တမ်းကုန်နေတဲ့ လုပ်ကွက်တခုမှာ တနိုင်တပိုင် ကျောက်တူးနေကြတဲ့
သူတွေကို ဖမ်းဆီး တဲ့အကြောင်းတွေ့ရပြန်တယ်။ တရားမဝင်ချက်အရက်များဖမ်းဆီးရမိ
ဆိုတဲ့ခေါင်းစဉ်အောက်မှာ အရက်ပုလင်း ၃ လုံးနဲ့ လူပိန်ပိန်တယောက်ကို မှတ်တမ်းတင်ထားတဲ့သတင်းကို တွေ့ရပြန်ပါတယ်။ လုယက်တဲ့ အကြောင်းနဲ့ခိုးဝှက်တဲ့အကြောင်းက ခေါင်းထဲက
မထွက်နိုင်သေးပါဘူး။
အဲတာနဲ့
ဖုန်းကိုထုတ်ပြီး ဖေ့စ်ဘုတ်ကို ဖွင့်လိုက်မိတယ်။ ကမ္ဘာမကြေဘူးသီချင်းကို ရေးခဲ့တဲ့
ကဗျာဆရာ သီချင်းရေးဆရာတစ်ယောက်က ရှစ်လေးလုံးအရေးတော်ပုံ နှစ်သုံးဆယ်ပြည့်
နေ့ရက်တုန်းက စက်ရုံတခုမှာ အလုပ်လုပ်ရင်း ဒဏ်ရာအနာတရဖြစ်ခဲ့ရတဲ့ လူငယ်တဦးကို
ထောက်ပံ့ကြေးပေးလှူနေတဲ့ပုံလေး တက်နေ တယ်။ လုယက်တဲ့အကြောင်းဟာ ခဏလေးတော့
ခေါင်းထဲက ထွက်သွားရပါတယ်။
အဲဒီပို့စ်လေးကို
အပေါ်ကိုတွန်းရွှေ့လိုက်တော့ ဆက်သွယ်ရေးကုမ္ပဏီတခုကို လော်ဘီလုပ်ထားတဲ့ပို့စ်
တက်လာတယ်။ တကယ်မမိုက်ပါဘူး။ လုယက်တဲ့အကြောင်းနဲ့ခိုးဝှက်တဲ့အကြောင်းက အဝေးကြီးထဲက
မြစ်ဖျားခံလာပြီး စီးဆင်းနေတုန်းပဲ။
ခုန်ဆဲ ဆောင့်ဆဲ လူးဆဲ
ရထားပေါ်မှာ တွေးမိလိုက်တယ်။
"ဘယ်ဘူတာဝင်ဝင် သတိထားရမယ်၊ ဆိုင်းဘုတ်တွေက
ဆင်တူတယ်" ပေါ့။
ကျော်ကျော်(မြရည်စမ်း)
၂၃၊၈၊၂၀၁၈
Comments
Post a Comment