ခုတ်ထစ်ခံထားရတဲ့ပင်လယ်
ပိုင်စိုးဦး
(သစ်ခက်သံလွင်-ကဗျာရှည်) သြဂုတ် ၃၁၊ ၂၀၁၈
နေလုံဆူးခနဲဖြာကျလာ
ယနေ့ကိုဝယ်ယူထားတဲ့မျက်နှာပေးနဲ့
သိမ်းပိုက်လိုက်သော
အမှောင်...
သက္ကရာဇ်များ ဖဲချပ်တွေလိုအထပ်လိုက်
နွေလည်းပူ
မိုးလည်းပူ
ဆောင်းလည်းပူ
သဘာဝတရားကို သတ်ရောင်းတဲ့
အဓမ္မသမားတွေလက်ထဲမှာ
ထီးမပါတဲ့ဒီခရီးအလျား
ငါတို့အရေပြားတွေ
ကျွတ်ဆတ်ဆတ်
ငါတို့စိတ်တွေ ဖျတ်ဖျတ်လူး
ငါတို့လမ်းတွေ ကြမ်းတမ်း
ပညာရေး သားကြောဖြတ်ထားတော့
ဦးနှောက်တွေ မလန်းဆန်း
စံပယ်တောင် ကြေးနီတောင်
လက်ပတောင်းတောင်
ပေါက်ဖော်တွေကိုရောင်းစားထားတဲ့
သဘဝဓာတ်ငွေ့ပိုက်လိုင်း
ဒီတိုင်းပြည်
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲကျူံးသွင်း
လမ်းတွေ့ရင် လမ်းဖောက်
မြစ်တွေ့ရင် တံတားဆောက်
ဥုံခံစရာမလို
ကောင်းလိုက်တဲ့
အဖွင့်တီးလုံးတွေ
ပြည်သူတွေဗိုက်မှောက်လို့
...
အရိပ်မြင် အပင်ခုတ်
သစ်တပင်ခုတ် အချုပ်သုံးလဆိုပဲ
ရှေ့ကိုငေါ့ထွက်လာတဲ့ဗိုက်သားများလန်ပျံ
အော့အန်ချင်စရာ
ဟိုးတချိန်က ဘူဇွာ
ဒီခေတ်မှာတော့ ခရိုနီ
ခရိုပြာ ခရိုရောင်စုံ
အကောင်းစားအရက်သောက်ပြီး
လက်ဝါးချင်းရိုက်လိုက်ရုံနဲ့
ရွှေတွေ ဝေါခနဲ
ငွေတွေ ဖြောခနဲ
လုပ်ကွက်တွေ တွင်းဝင်ဖြောင့်လို့
သုခမြို့တော်ကြီးအောက်မှာ
ငါတို့ ဒုက္ခလျှာတွေခြောက်သွေ့
တချိန်က
ရန်ကုန်မြို့ကိုမော်ကြည့်ရတဲ့စင်ကာပူ
အခုတော့ ရန်ကုန်ကို
စင်ကာပူလိုဖြစ်အောင်လုပ်မယ်ဆိုပဲ
သူ့ကျွန်မခံပြီဆိုတဲ့စကား
မြောင်းထဲရောက်
အိမ်နီးချင်းနိုင်ငံတွေမှာကျွန်ဖြစ်နေတာ
ဒုနဲ့ဒေး
ဒါဟာ ရင်ရှုပ်စရာ
ရုပ်ပျက်ဆင်းပျက်
ရုပ်ရှင်တွေ...
ငါတို့အဖြစ်က အရှင်လတ်လတ်
အမွှေးနှုတ်ထားတဲ့ငှက်တကောင်လိုမျိုး
ပြည်သူ့ဝန်ထမ်းတဲ့
ပြည်သူ့အခွန်အတုတ်တွေစားပြီး
လက်တဆုတ်စာအတွက်ထမ်းပေးနေတာ
အထက်ကိုဖား အောက်ကိုဖီ
အံသွားတွေ လန်းလို့
သွေးလေ လန်းလို့
ဘဝတွေ လန်းလို့
တောင်ဖြိုတဲ့ ခြတွေ
သယံဇာတတွေစားတဲ့ ခြတွေ
သစ်တောမြေလှန့်တဲ့
ခြတွေ
မြေပုံကိုကိုက်ဖဲ့မယ့်
ခြတွေ
ချစားထားတာ ရစရာမရှိ
ပညာရေးစရိတ်
ကျန်းမာရေးစရိတ်ထက်
စစ်အသုံးစရိတ် လွန်ကဲနေတော့
တိုင်းပြည်စုတ်ပြတ်နေတာ
မလွန်းလွန်းဘူးပေါ့...
တရားဥပဒေအထက်မှာ
ဘယ်သူမှမရှိစေရတဲ့
ငွေများတရားနိုင်နေကြတာ
နွေခေါင်ခေါင်မိုးကြိုးပစ်လိုက်သလို
စနစ်တခုရဲ့ကျောက်စက်မှာ
ငါတို့ဟာ
ပွတ်တိုက်ခံရတဲ့မီးပွားတွေပဲ...
စည်းကမ်းပြည်ဝသောဒီမိုကရေစီ
တဲ့
ကြည့်လုပ်ကြပါဦး
ဒီလိုခေါင်းစဉ်စားသား
မြန်မာ့နည်း မြန်မာ့ဟန်နဲ့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လား
ပလေတိုပြောတယ်
နိုင်ငံတနိုင်ငံမှာ
မတတ်တဲ့သူကဝင်လုပ်ပြီး
တတ်တဲ့သူက ဘေးရှောင်နေရင်
ပျက်စီးပြီဆိုတာ မှတ်တဲ့
။
အခုတော့ ငါးပါးမှောက်
လူ့အခွင့်အရေးဆိုတာ
မွေးရာပါ အခွင့်အရေးပဲ
မျက်လုံးမှိတ်ခိုင်းထားလို့မရဘူး
နားပိတ်ခိုင်းထားလို့မရဘူး
ပါစပ်ပိတ်ခိုင်းထားလို့မရဘူး
ဉာဏ်ပညာကိုအမှောင်ချထားလို့မရဘူး
စနစ်တကျ တောင်းဆိုခွင့်ရှိတယ်
စည်းနဲ့ကမ်းနဲ့ဆန္ဒပြခွင့်ရှိတယ်
အခုတော့
နောက်ကျောအလစ်ချောင်းနေတဲ့ဓားနဲ့
နှစ်ပေါင်းခြောက်ဆယ်ကျော်
ကမ္ဘာအရှည်ဆုံးပြည်တွင်ဖြစ်စစ်နဲ့
ပြည်သူတွေ သေလုမြောပါး
ရုပ် နာမ်ချင်း အတူတူ
ယုတ်ပဲ့လို့ နံစော်လို့
ခင်ဗျားတို့
စာနာမှုတေးသံကိုနားဆင်ပါ
ခံစားကြည့်ကြပါ
ကျုပ်တို့ ဒုက္ခဝန်တွေထမ်းနေရတယ်ဆိုတာ
...။
ပိုင်စိုးဦး
Comments
Post a Comment