သစ်ခက်သံလွင်ကဗျာ - သူရထိုက်၊ ရာမညမင်းငြိမ်းချမ်း နှင့် စည်သူသိင်္ဃ တို့ ၏ကဗျာများ


Pinterest
 ငြိမ်းချမ်းရေး
သူရထိုက်
  သူ့ အတ္တ
ကိုယ့်အတ္တ
ညှိလို့မရကြ
လိုအင်ဆန္ဒတွေလွန်ဆွဲ
တမြေထဲနေ တရေထဲသောက်တွေ
ရန်ဖြစ်နေကြတော့
မြေစာမြက်များ ကြေမွသွား
စတေးခံဘဝများ ကြားကနေ
ချိုးငှက်ကလေး ပျံထွက်သွားတယ်။
.....

ရေထဲမှာ
ရာမညမင်းငြိမ်းချမ်း 

ဒဏ်ရာဗလပွနဲ့
တန်ဖိုးမဲ့အမှိုက်တစလို
ပြန်လှန်ခွင့်မရှိစာမျက်နှာများ

တိမ်ဖုံးလို့လမသာခိုက်
ကျီးမိုက်တွေအာနေကြ
သရုပ်ပြမှုအောက်
ပေါလောမျောနေ
ရေထဲကဘဝများ။

စိုးရိမ်မှတ်ကျော်လွန်သွား
အရေးမပေါ်သေးတဲ့
အရေးပေါ်အခြေအနေ
ငိုမဝသေးတဲ့ကောင်းကင်အောက်
ရေထဲမှာ
ခက်ခက်ခဲခဲအသက်လုရှူနေရ။

ဆယ်လ်ဖီဆွဲရုံနဲ့
ရေထဲပေါလောမျော
ငုပ်ချည်ပေါ်ချည်
ငါတို့ဘဝတွေ
အဆင်ပြေပါ့မလား။

မတော်လောဘ
ဟဖြဲထားတဲ့ပါးစပ်ကြီးနဲ့
အချောင်ကြံနေတဲ့
အချောင်သမားတွေ
ကောက်ကျစ်တဲ့အပြုံး
ရေထဲမှာစုန်ဆန်ကူးခတ်နေ။ ။
.....
ကျောရိုးရှည်သတ္တဝါကြီးများ
 စည်သူသိင်္ဃ

အကောင်ကြီးကြီး အမြီးရှည်ရှည်
နှစ်ချို့သတ္တဝါကြီးတွေလေ
 မြွေလိုအရည်ခွံချွတ်လဲတာ့လည်း
အသွင်သဏ္ဍာန်ပြောင်းမသွား
ကျောက်ဖြစ်ရုပ်ကြွင်းလည်း မဖြစ်
ပြတိုက်ထဲလည်း မရောက်
 လမ်းမတလျှောက်သာ
သွေးညှီနံ့တထောင်းထောင်းထ
ပုတ်ဟောင်နေတဲ့သမိုင်းတွေ
 သင်ရိုးညွှန်းတန်းတွေနဲ့
ပြွတ်သိပ်နေတဲ့ဦးခေါင်းခွံတွေမှာ
မကျွတ်မလွတ်တဲ့အစွဲတွေကခေါက်ရိုးမပျက်
 အရောင်ပြောင်းပြီး
ပုံစံမပြောင်းတဲ့ပုတ်သင်တွေလိုမျိုး
ခေါင်းတညိတ်ညိတ်

အဟောင်းအမြင်းပုံထဲက
ထွက်မလာချင်ကြသေးဘူး

တကယ့်ဘုရားစူးသတ္တဝါကြီးတွေ
ကြောက်ရွှံမှုနဲ့
ခုထိ…ကမ္ဘာကို
ကြီးစိုးချင်နေကြတုန်း ။။




    

Comments