သစ်ခက်သံလွင်ကဗျာ- ကျော်ကျော်(မြရည်စမ်း)၊ မိုးညဖြူ(တွံတေး)

လင်းယဉ်​တိုင်​​ပျောက်​ဆုံးခြင်း
ကျော်​​ကျော်​(မြရည်​စမ်း)
(သစ်ခက်သံလွင်) သြဂုတ် ၂၄၊ ၂၀၁၈
စိတ်​ကိုဖဲ့ချ 
မြစ်​​ဘေးလမ်းအတိုင်း
ငါ​လျှောက်​သွားတယ်
ရေစိမ်းစိမ်း​တွေစီး​နေတဲ့မြစ်​ဧရာအဆီ​ဝေ့လို့
ကမ်းပါးအပဲ့​တွေအသစ်​ထပ်​မထွက်​ဘူး
ရေက လိုသလိုဖဲ့ချ
ငါကလည်း လိုအပ်​သလိုဖဲ့ချလိုက်​တယ်
စိတ်​ကစီးချင်​သလိုစီး 
အသုံးမကျတဲ့ဦး​နှောက်​​တွေ
"တီချယ်​​ရေ...တီချယ်​​ရေ ..."
က​လေး​တွေအသံကြား​တော့
ရေ​အောက်​သင်္ချိုင်းထဲဆင်းသွားတဲ့ဆရာမ​လေး
သံတိုသံစတူး​ဖော်​သူ​တွေဟာ ချိုင့်​ပြန့်​ဖို့ရိုးမရှိဘူး
ကမ်းပါးမှာသမိုင်း​တွေထားသွားတယ်
ပီပါခွံလိုစိတ်​​တွေဖောင်​ဖွဲ့ရင်း
သံတုံးသံခဲ​တူးဆွတဲ့​နေ့​ရက်​တွေ
ကမ်းပါးနဲ့​စေတီမ​ဝေးလှပါဘူး။ ။

ကျော်​​ကျော်​(မြရည်​စမ်း)
.....
အဝေးပြေး
မိုးညဖြူ  ( တွံတေး )
(သစ်ခက်သံလွင်) သြဂုတ် ၂၄၊ ၂၀၁၈ 
 
 ဆာလောင်နေတဲ့
အလင်းရောင် တေးတစ်ပုဒ်
ဘယ်သူဆိုညည်းမလဲ
ဘယ်ကမ်းမှမကပ်တဲ့သစ်ပင်တွေလို
ချမ်းသာခြင်းအတိ ကျန်းမာခြင်းဟာ
အဝေးကိုပြေးပြေးနေတာလား ။

မျက်ရည်တွေကိုထုပ်ပိုး
အပြုံးတွေကို သယ်ဆောင်
" ဝလုံး " တွေနဲ့ အသက်ဆက်ရင်း
ဖြတ်ဖြတ်ကျော်လာတဲ့ ပြောမရဆိုမရဘဝတွေဟာ
အဝေးကိုပြေးပြေးနေတာလား ။

" ခေတ် " ဆိုတာကြီးထဲ
ထောင်ချီတဲ့ဘဝတွေဟာ
သုညအောက်ကို စေးကပ်
သေဖို့အတွက်ကိုစောင့်နေကြရင်း
ပြောင်းပြန်ကျတဲ့ စိတ်နဲ့ချိုးလိုက်တော့
အရုဏ်တက်လိုက် နေညိုလိုက်နဲ့ ။
 
       မိုးညဖြူ  ( တွံတေး )

Comments