ပြတင်းတံခါးအဖွင့်
ဇာခန်းဆီးအလွင့်( ၇၄ )
ရှစ်လေးလုံးနှစ်သုံးဆယ့်ပြည့်ကာရန်များ
ကိုနိုင်း
(သစ်ခက်သံလွင်) သြဂုတ် ၂၃၊ ၂၀၁၈
ဒီသြဂုတ်လမှာ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တဲ့ နှစ်သုံးဆယ် ပြည့်မြောက်ခဲ့ရပါပြီ။ မြန်မာပြည်သူတွေအနေနဲ့တော့ ဘယ်လိုမှမေ့ဖျောက်လို့မရနိုင်တဲ့နေ့တနေ့ပါ။ လွန်ခဲ့တဲ့နှစ်သုံးဆယ်၊ သြဂုတ်လ ၈ ရက်နေ့မှာ တတိုင်းပြည်လုံးပါဝင်ပြီး တပါတီအာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြပါတယ်။ ဒီတပါတီအာဏာရှင်စနစ်ကို စတင်တော်လှန်ဖို့ဦးဆောင်ခဲ့ကြတာကတော့ ကျောင်းသားတွေပါပဲ။
၁၉၈၈ မတ်လ ၁၃ ရက်နေ့မှာ အစပြုခဲ့တဲ့ တပါတီအာဏာရှင်ဝါဒကိုကိုင်စွဲထားတဲ့ မဆလပါတီကိုဖြုတ်ချ နိုင်ရေးဟာ အရှိန် အဟုန်မြင့်မားလာပါတယ်။ ၁၉၈၈ ဇွန်လကျောင်းသားလှုပ်ရှားမှုတွေကတဆင့် ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့မှာတော့ လူထုအရေးတော်ပုံကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီလူထုအရေးတော်ကြီးပေါ်ပေါက်လာအောင်ကြိုးပမ်းကြတဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မောင် မောင်ကျော်၊ မင်းကိုနိုင်၊မင်းဇေယျ၊ ကိုကိုကြီး၊ မိုးသီးဇွန်၊ ဌေးကြွယ်၊ မိုးဟိန်း၊ သက်ထွန်း၊ ဇော်မင်း (အာဗြဲ)၊ ညိုထွန်း၊ တင်အေးတို့ဟာ မြန်မာ့သမိုင်းမှာရေးထိုးနိုင်ခဲ့သူတွေပါ။
ဒီရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီးကို ရေးဖွဲ့ခဲ့ကြတဲ့ကဗျာများစွာလည်း ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ကနေ အခုအချိန်ထိ ရေးဖွဲ့နေကြတုန်းပါ။ ရှေ့ဆက်ရေးဖွဲ့နေကြဦးမှာပါပဲ။ ရှစ်လေးလုံးအမှတ်တရနေ့မှာ ရေးဖွဲ့နေကြတဲ့ ကဗျာတွေကိုကြည့်ရင် ပြည်သူတွေကိုစစ်အာဏာရှင်တွေက ရက်ရက်စက်စက် သတ်ဖြတ် ခဲ့တာတွေကို ကြေကွဲစွာ၊ ပြန်အမှတ်ရအောက်မေ့စွာ ရေးဖွဲ့နေကြရပါတယ်။
မြန်မာပြည်ဒီမိုကရေစီလမ်းမပေါ်ရောက်အောင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးက သွေးတွေ၊ အသက်တွေ၊ ဘဝတွေရင်းပြီး လမ်းစကိုခင်းခဲ့ရပါတယ်။
အခုရှစ်ဆယ့်ရှစ်နှစ်သုံးဆယ်ပြည့်မှာ ရေးဖွဲ့ကြနေကြတဲ့ ခေတ်ပေါ်ကဗျာတွေထဲမှာ ကဗျာဆရာဝင်းမင်းစိုး (မိတ္ထီလာ) ရေးတဲ့ ”သွေးနဲ့ရေးတဲ့ကဗျာ” မှာ ဖတ်ကြည့်ခံစားနိုင်မှာပါ။
ဆူပူမှုထဲမှာ
အော်ခဲ့ရလွန်းလို့
တိမ်ဝင်သွားတဲ့အသံတွေအတွက်
စွင့်ထားရတဲ့နားတွေက
ဘယ်တော့မှ
မလေးဘူး။
အမှောင်ထုထဲမှာ
လျှောက်ခဲ့ရလွန်းလို့
အသားမာတက်ခဲ့တဲ့ခြေထောက်တွေအတွက်
ကျင့်သားရနေတဲ့မျက်လုံးတွေက
ဘယ်တော့မှ
မမှောင်ခဲ့။
ဖိနှိပ်မှုထဲမှာ
မြှောက်ခဲ့ရလွန်းလို့
ပြုတ်ထွက်လုနီးနီး
လက်တွေအတွက်
အနင်းခံခဲ့ရတဲ့ခေါင်းတွေက
ဘယ်တော့မှ
မညွတ်ဘူး။
ဒီလိုနဲ့ပဲ
နှစ်သုံးဆယ်ကြာခဲ့ပြီ
အနာဂတ်ပျောက်နေတဲ့လမ်းပေါ်မှာ
ကျခဲ့တဲ့သွေးတွေက
ခုထိမခြောက်သေးဘူး။
ရှစ်ဆယ့်ရှစ်လူထုအရေးတော်ပုံကနေ လျှောက်ခဲ့တဲ့လမ်းတွေဟာ အလွန်ကြမ်းတမ်းခက်ထန်ပါတယ်။ ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရပါတယ်။ လူထုအရေးတော်ပုံကြီးမှာ အသက်တွေ၊ သွေးတွေရင်းခဲ့ရပါတယ်။ ၈၈ ကနေပေါ်ထွက်လာတဲ့ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမား ခေါင်းဆောင်တွေဟာ စစ် အာဏာရှင်စနစ်လက်ထက်မှာ ထောင်သွင်းအကျဉ်းချခဲ့ရတဲ့အချိန်တွေ များပါတယ်။ ၈၈ ကစခဲ့တဲ့ လူထုအရေးတော်ပုံ ကြီးကိုပြန်ကြည့်လိုက်ရင် မြန်မာပြည်တပြည်လုံး ငရဲပြည်ရောက်နေရသလို အော်ဟစ် ဆူညံသံတွေ ပြန်ကြားနေရပါတယ်။
ဒေါင်းအလံကိုလွှင့်တင်လိုက်တာနဲ့ လမ်းတွေက သွေးသံရဲရဲနဲ့
ကုန်းထလာတယ်။
လေထဲကဝိညာဉ်တွေကို
ရိုက်နှိုးဖို့
သေနတ်ပစ်ဖောက်စရာမလိုဘူး။
ဖောက်ထွင်းသွားတဲ့
ကျည်ဆံပေါက်တွေကနေကြည့်လိုက်တော့
ငရဲပျက်ဖွယ်အော်သံတွေ
အပိုင်းပိုင်းအပြတ်ပြတ်
အတုံးအရုန်းတွေ
မီးတောက်မီးလျှံတွေဟာ
လမ်းမတွေဆီ
စီးဝင်လို့
ခြေပြတ်လက်ပြတ်နဲ့မြို့တွေဟာ
သွေးငေါက်တောက်ပန်းထွက်လို့။
ကဗျာဆရာ ”စိုးခိုင်ညိန်း” ရဲ့” ကြာကြာတင်းတင်း ဆုပ်ခြေလိုက် တော့ လက်ထဲကမီးခဲဟာကြေမွပြီး သေသွားတယ်” ဆိုတဲ့ကဗျာ ကိုဖတ်ကြည့်လိုက်ရင် ငရဲပျက်ဖွယ်အော်သံတွေကို ပြန်ကြားရ မှာပါ။ သွေးတွေဟာ မီးတောက်မီးလျှံတွေလိုလမ်းမတွေပေါ်မှာ စီးဆင်းနေတဲ့မြင်ကွင်းတွေကို ကြေကွဲဖွယ် မြင်လိုက်ရပါတယ်။
ဘယ်တော့မှမမေ့ဘူး
စဉ်းစားလိုက်တိုင်း
ဘယ်နေရာကြည့်ကြည့်
ဒီမြင်ကွင်းပဲ
ခင်ဗျားတို့မှားတာတခုက
လူအားလုံးသတ်မပစ်နိုင်ခဲ့တာပဲ
မသေတဲ့ကျုပ်တို့က
အမာရွတ်ကိုယ်စီနဲ့ကျန်ခဲ့တော့
သတိရတိုင်း
ဒါကို မီးထွက်အောင်ပွတ်နေမိတယ်
အဲဒီမီးနဲ့
ခင်ဗျားတို့ တနေ့လောင်ကြဦးမှာပါ
ကျုပ်တို့ထဲကစီးနေတဲ့သွေးတွေဟာ
လောင်အားကောင်းတဲ့လောင်စာပဲ။
ရှစ်ဆယ့်ရှစ်လူထုအရေးတော်ပုံကြီးအကြောင်းကိုပြန်စဉ်းစားတွေးမိတိုင်း အမြဲအမှတ်ရကြေကွဲစရာတွေ၊ မခံမရပ်နိုင်အောင် မကျေနပ်မှုတွေ ရှိ သလို၊ တက်ကြွနိုးကြားတဲ့စိတ်တွေဖြစ်ပေါ်လာပါတယ်။
ဘယ်တော့မှမမေ့ပျောက်တဲ့ခံစားမှုမျိုးစုံ ပေါ်ထွက်လာပါတယ်။ ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့လူတွေ အခုသက်ရှိထင်ရှား ရှိနေပါသေးတယ်။ မသေပဲရှိနေသေးတဲ့သူတွေအတွက်ကတော့ အမာရွတ်ကိုယ်စီ ရှိနေကြမှာပါ။ ၈၈ သြဂတ်လဟာ တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေမယ်ဆိုတာကို ကဗျာဆရာ ”ထက်လူအောင်” ရဲ့ ”သြဂုတ်ဟာ မိုးတွေလိုရွာတယ်” ဆိုတဲ့ ကဗျာက ပြောပြနေပါတယ်။
ရေဒီယိုအစုတ်ကြီးထဲက
သြဂုတ်ရဲ့မနက်ခင်းအဟောင်းတွေကို
ဆွဲထုတ်ကြည့်မိတယ်
လေလှိုင်းသံတွေထဲ
ကြွေးကြော်သံတွေ
သွေးတွေ မျက်ရည်တွေ
ကူးခတ်နေဆဲပါလား။
တပြည်လုံးရဲ့စီးပွားရေးကို
တံခါးပိတ်ပြီး
သူတို့ရဲ့စီးပွားရေးကို
တံခါးဖွင့်ခဲ့သူတွေ
ရွှေဝါဆပ်ပြာနံ့ပဲ
နှာခေါင်းထဲစွဲအောင်လုပ်ခဲ့သူတွေ
သူတို့ကို
သြဂုတ်ဟာ
ရေစိုပေါင်မုန့်လို ပျော့ပြဲသွားစေတယ်။
ကဗျာက မဆလခေတ်ကိုပြန်မြင်စေပါတယ်။ ပြည်သူတွေဒုက္ခရောက်ခဲ့ရတာတွေက မဆလပါတီရဲ့ တံခါးပိတ် စီးပွားရေးစနစ်ကြောင့်ဖြစ်ခဲ့ရတာတွေ၊ တပါတီအာဏာရှင်ကြီးနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေသာ ချမ်းသာခဲ့ကြတဲ့ခေတ်ကို ပြန်မြင်နေမိပါတယ်။ မဆလတပါတီအာဏာရှင်စနစ်လက်အောက်မှာ ပြည်သူ တွေ၊ လူငယ်တွေဒုက္ခတွေ စီးပိုးထမ်းထားခဲ့ရတာပါ။
လက်ဖက်ရည်တခွက်
ရော့ခ်သီချင်းတပုဒ်နဲ့
ခေါင်းရွက်ဗျပ်ထိုးရောင်းခဲ့ရတဲ့လူငယ်ဘဝတွေ
အိမ်ပြန်မလာတဲ့ခြေထောက်လေးတွေကို
မျှော်နေတဲ့ခြေသုတ်ခုံတွေနဲ့
ၾသဂုတ္ဟာ က်ည္သင့္အက်ႌစကုိ
နာကျင်စွာချုပ်ဝတ်ခဲ့ရတယ်။
ဒါပေမဲ့ သြဂုတ်ဟာ
ဆုပ်ထားတဲ့လက်သီးကိုဖြည်မသွားခဲ့ဘူး
ကျခဲ့တဲ့သွေးကိုပြန်မသိမ်းခဲ့ဘူး
လွှင့်ထားတဲ့အလံကို ပြန်မချခဲ့ဘူး။
လက်သီးကိုလေထဲဆန့်ထုတ်ဖို့သာ တွေးခဲ့သူတွေကို လူမသိသူမသိ
မြေကြီးထဲတိုးဝင်ခဲ့သူတွေကို
မေ့ချင်ယောင်ဆောင်နေသူတွေအတွက် သြဂုတ်ဟာ ထမင်းလုံးတစ္ဆေ။
သြဂုတ်ဟာ
အလံကိုရောင်းမစားခဲ့ဘူး
အသံတွေ ပြောင်းမသွားသေးဘူး
လေထဲမှာလမ်းပေါ်မှာ နှလုံးသားတွေထဲမှာ
သြဂုတ်ဟာ မိုးတွေလိုရွာနေဆဲ။
သြဂုတ်လဟာ ကျွန်တော်တို့တိုင်းပြည်မှာတော့ ဘယ်သောအခါမှမေ့လို့မရနိုင်တော့ပါဘူး။ ၈၈ မှာ လွှင့် ထားခဲ့တဲ့ ခွပ်ဒေါင်းအလံကို စစ်အာဏာရှင်တွေရှိနေသမျှ လွှင့်ထူရင်း တိုက်ပွဲဝင်နေရဦးမှာပါပဲ။
ဆုပ်ထားတဲ့လက်သီးတွေကို ဖြည်မသွားနိုင်သေးပါဘူး။ ဒါတွေကတော့ အာဏာရှင်တွေအတွက် ထမင်းလုံးတစ္ဆေခြောက်လှန့်နေတာပါပဲ။ အာဏာရှင်စနစ်အောက်မှာ တိုင်းပြည်ဟာ ရုန်းကန်နေရတုန်း ပါပဲ။ အာဏာရှင်စနစ်ကရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အာဏာရ အရပ်သားပါတီကို ဒီမိုကရေစီအတုပေးပြီး ချုပ်ကိုင်ထားတာပါ။
လုပ်ပိုင်ခွင့်အပြည့်အဝမရတဲ့အရပ်သားအစိုးရဆိုတာကလည်း ပြည်သူတွေအကျိုးစီးပွားကို မလုပ်ဆောင် နိုင်သေးပါဘူး။ ပြောင်းလဲရမည်ဆိုပေမယ့် ဘာတွေပြောင်းလဲခဲ့သလဲ၊ ဘာတွေမပြောင်းလဲတာလဲဆိုတာ ကို ကဗျာဆရာ”လူမျိုးလွင်” ရေးပြသွားခဲ့တဲ့ ”၈၈၈၈” ကဗျာကိုဖတ်ကြည့်လိုက်ပါ။
အဲဒီတုန်းက
ကျွန်တော်ဟာ
၂၁ နှစ်သားကလေး
ခုချိန်မှာတော့
၅၁ နှစ်သားကြီး
နှစ်ပေါင်း
၃၀ ပြည့်ခဲ့ပြီ
ကျွန်တော်ဘာတွေပြောင်းလဲခဲ့ပါသလဲ။
လမ်းထဲကဆိုင်းဘုတ်တွေပြောင်းသွားတယ်
ရပ်ကွက်ထဲကအုပ်ချုပ်သူတွေပြောင်းသွားတယ်
ဥပဒေတွေပြောင်းသွားတယ်
တံဆိပ်တွေပြောင်းသွားတယ်
… … …. …
… …ပြောင်းသွားတယ်။
ကတိကဝတ်တွေပြောင်းသွားတယ်
လေသံတွေပြောင်းသွားတယ်
သောက်ချိုးတွေပြောင်းသွားတယ်
မျှော်လင့်ချက်တွေပြောင်းသွားတယ်
အချိန်တွေပြောင်းသွားတယ်။
မပြောင်းမလဲ
ပကတိအတိုင်းကျန်နေတာကတော့
တိုင်းပြည်နဲ့လူထုပါပဲ။
နိုင်ငံတော်ကလည်း
နိုင်ငံတော်အတိုင်းမပြောင်းမလဲ
ငါတို့ကလည်း
ငါတို့အတိုင်းမပြောင်းမလဲ
ဖွတ်တွေကလည်း
ဖွတ်တွေအတိုင်းမပြောင်းမလဲ။
အခုရှစ်ဆယ့်ရှစ်နှစ်သုံးဆယ်ပြည့်တဲ့အခါ ဘာတွေပြောင်းလဲခဲ့သလဲ၊ ဘာတွေမပြောင်းလဲဆိုတာကို ပြည်သူတွေအားလုံး သိနေကြမှာပါ။ မြန်မာပြည်မှာ အဓိကအုပ်ချုပ်နေတာကိုကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၈၈ လူထုအရေးတော်ပုံဖြစ်ပြီး စစ်အာဏာရှင်တွေက ပြောင်ပြောင်တင်းတင်း စစ်အာဏာနဲ့အုပ်ချုပ်ခဲ့တယ်။ အခုနှစ်သုံးဆယ်ရောက်တဲ့အချိန်မှာ စစ်အာဏာရှင်စနစ်အောက်က မထွက် နိုင်သေးပါဘူး။ နှစ်သုံးဆယ်ပြည့်အချိန်ကစပြီး စစ်အာဏာရှင်လောင်းရိပ်အောက်က တွန်းထွက်နိုင်ဖို့ လိုအပ်နေပါပြီ။ ရှစ်ဆယ့်ရှစ်လူထုအရေးတော်ပုံလိုအုံကြွတွန်းလှန်နိုင်ဖို့ဆိုရင် ပြည်သူတွေအားလုံးမှာ တာဝန်ရှိနေပါပြီ။
ကိုနိုင်း
ခံစားမိသောကဗျာများ
၁။ ဝင်းမင်းစိုး(မိတ္ထီလာ)၊ သွေးနဲ့ရေးတဲ့ကဗျာ၊ လွတ်လပ်လှိုင်း အွန်လိုင်းမီဒီယာ၊ သြဂုတ်လ ၂၀၁၈။
၂။ စိုးခိုင်ညိန်း၊ ကြာကြာတင်းတင်းဆုပ်ခြေလိုက်တော့ လက်ထဲကမီးခဲဟာ ကြေမွပြီးသေသွားတယ်၊ မိုးမခအွန်းလိုင်းမီဒီယာ၊ သြဂုတ်လ၂၀၁၈။
၃။ ထက်လူအောင်၊ သြဂုတ်ဟာ မိုးတွေလိုရွာတယ်၊
မိုးမခအွန်းလိုင်းမီဒီယာ၊ သြဂုတ်လ ၂၀၁၈။
၎။ လူမျိုးလွင်၊ ၈၈၈၈၊ လွတ်လပ်လှိုင်းအွန်လိုင်းမီဒီယာ၊ သြဂုတ်လ၂၀၁၈။
မှတ်ချက်။ ။ သူရိယနေဝန်းဂျာနယ်
Vol 1.No 211.Aug 18. 2018 မှာ ဖော်ပြပြီးဖြစ်ပါတယ်။
|
Comments
Post a Comment