သစ်ခက်သံလွင်ကဗျာ ၊ ကိုခြူးလေး(MP)၊ မောင်နောင်မွန် နှင့် မင်းချောမြင့်တို့၏ကဗျာများ

www.pinterest.com
အစီးအနင်းများ  
ကိုခြူးလေး(MP)

လောကဓံတရား ရှစ်ပါးဟာ
အရပ်ရှစ်မျက်နှာကနေ လာခဲ့ပြီးတော့
ဒုက္ခပေါင်း ရှစ်သောင်းလေးထောင်နဲ့
မပြေလည်မှု ရှစ်ကမ္ဘာစာလောက် ပါလာခဲ့သလိုပါပဲ ... ၊၊
စစ်သည်တော်ရှစ်သိန်းအားနဲ့ ညီမျှတဲ့အားနဲ့
ဝန်းရံတိုက်ခိုက်လျက်ပါပဲ... ၊၊

ဘယ်သူမှလည်း
မျက်ကွယ်ပြုလို့လည်း မရဘူး။ ။

...
 
www.pinterest.com
လူမိုက်တယောက်ရဲ့အိမ်ပြန်တေး
 မောင်နောင်မွန်

ချိနဲ့နဲ့လမ်းမတွေထက် တို့တတွေပြေးထွက်ခဲ့သော
ဆယ်စုနှစ်ပေါင်းများစွာကို မိုင်တိုင်တွေလိုဖြတ်ကျော်ခဲ့
ရာသီတွေက အဟောင်းစွဲနေ့တခုလိုပြာကျသွားခဲ့တဲ့နောက်
မိုးရေစက်တွေဟာ သွေးရောင်တွေလွှမ်းသွားခဲ့တယ်။

ပတ်တီးတွေဗလပွနဲ့ ကိုက်ခဲခြင်းခံခဲ့ရတဲ့ခေတ်တခုဟာ
အပုပ်နံ့တွေကြားမှာ နာလန်ထစပြုခဲ့တယ်။
အဝေးကမီးခိုးငွေ့တွေနဲ့ ရှတတဂစ်တာသံဟာ
အချိန်တန်အိမ်ပြန်ချင်တဲ့ အမေ့ရဲ့ဒုက္ခအိုးတွေမှာ
နောင်တအတိတွေပြည့်နှက်နေခဲ့။

လမ်းဘေးဆိုင်များကြား
ရယ်သံတချို့တလေမှာ
ပျော်စရာပျောက်ဆုံးနေသော ခေတ်ပျက်သူရဲကောင်းတွေ
မြောက်မြားစွာစီးဝင်ခဲ့တယ်။

ထုံကျင်ထူထဲနေတဲ့ ဂုတ်ပေါ်ကအသားမာတွေနဲ့
သက္ကရာဇ်တွေကိုဖြတ်ကူးရင်း
အမှန်တရားဆိုတဲ့ အမှားတရံတွေကို ဖွေရှာခဲ့တယ်။

အမေ့အိမ်ရှေ့လမ်းက အောင်သပြေအညွန့်တွေ
ဒီမိုးဒီရေနဲ့ဆို ဖူးပွင့်ဖို့အားယူနေပြီပေါ့
အမေရဲ့ကြေးစည်သံလေးတလွင်လွင်နဲ့
လမ်းမထက်ကျေးငှက်တွေတေးဆိုနေဆဲမှာ
ခြေစုံကန်ခဲ့တဲ့ အမေ့သားကြီး
အမှန်တရားတခုနဲ့ ကျကွဲခဲ့တယ်။ 

..
 
www.wymsee.com
မိုးကုပ်စက်ဝိုင်း မှ ချောင်းကြည့်ခြင်း
မင်းချောမြင့်

ပြောရရင် ဘာမှ အတည်တကျမရှိဘူး
ပြီးတော့ ကိုယ့်ဘာသာပဲ အနည်ကျရတယ်
ရပ်ထားတဲ့ ရပ်နေတဲ့
မိုးကုပ်စက်ဝိုင်းကြီးထဲ
အသက်ရှုမှုပဲ
အသရေဖျက်မှုပဲ
တွန်းထိုးလုယက်နေရတဲ့ ရှင်သန်မှုလေးဟာ
ကိုယ့်ဘာသာ
တခမ်းတနား မြစ်တွေ
ပြီးတော့ ပင်လယ်တွေ
မြစ်ဖျားခံရာ အရပ်က တိမ်တွေ
မိုးခေါင်မှုတွေ
လှစ်လှစ်ချပြရတဲ့
မသိကျေးကျွန်ပြုမှုက
သက်တမ်းရှည်တယ်

Comments