သစ်ခက်သံလွင် ကဗျာ၊ စည်သူဦး၊ ထက်လူအောင်နှင့် ရိုးတံ(ပုလဲနယ်)တို့၏ ကဗျာများ

   
Exposition Art Blog
     မြို့ရှောင်လမ်း
စည်သူဦး

မြို့ကဝေးစေချင်လို့
မြို့ကိုရှောင်သွားရတာ
ပြဒါးက တလမ်း
သံက တလမ်း
အကန်းက တလမ်း
အကျိုးက တလမ်း
ဇာတ်လမ်းမှာ
လမ်းဟာ လန်း
တောင်ယာတွေရဲ့ ရင်ဘတ်ကိုခွဲလို့
ကျောက်ပေါက်ခွက်ကင်းနေသေးရဲ့
အသက်အသစ် အနံ့အသစ်နဲ့
အိပ်မက်ထမ်းသူတွေ
အိမ်အပြန်
မြို့ရှောင်လမ်း။ 
 
Glenwood
ထိုမျှသာ
ထက်လူအောင်
 
ချစ်ခြင်းကိုလိုအပ်ခဲ့
သေခြင်းကိုလိုအပ်ခဲ့
အရေပြားဟာ လူသားဆန်တဲ့နေ့မှာ ပိုနူးညံ့
နှလုံးသားဟာ ဒုက္ခနဲ့ကြုံတဲ့အခါ ပိုသိမ်မွေ့
ခြေထောက်ဟာ လမ်းနဲ့ကြုံတဲ့အခါ ပိုပျော်ရွှင်
အထီးကျန်တဲ့အခါ
ချစ်ခြင်းနဲ့သေခြင်းကို သတိရ
နှစ်များစွာအတွက် လိုအပ်မှုဟာ
ထိုမျှသာ ။ ။
....
Exposition Art Blog

အဖြေရှာနေဆဲ ပုစ္ဆာ
   ရိုးတံ (ပုလဲနယ်)
 
မျဉ်းဖြောင့်တကြောင်းပေါ်မှာ
ရေပျော်ငါးတကောင်
လိုက်ဖက်တဲ့ အမှောင်ထောင့်ကွေးနားမှာ
ဒီဂရီတချို့ အိပ်ပျော်နေတယ်…

ကောင်မလေးရေ
တိုင်းတာရင်း နံပါတ်ပျက်နေတဲ့
အရပ်ဖက် ပေတံ
လူ့ဝန်းကျင် အနံအလျားမှာ 
ခဲသားတွေ ပြေနေပါရော့လား…

တခါတလေ ဘောင်ထဲပြေးဝင်လိုက်
တခါတလေ ဘောင်အပြင်ဘက်ထွက်ကြည့်လိုက်
အူလှိုက် အသည်းလှိုက်ပြောပြီး
ချောင်းကြည့်ပေါက်မှာ ရှိနေတယ်…

ကောင်းမလေးရေ
ကိုယ်လိုချင်တဲ့ ထပ်တူညီမှုမှာ
အချက်အလက်တွေ ကျန်နေခဲ့သေးပါတယ်
သက်သေပြဖို့ရာ
ခဏခဏတွက်ချက်နေရဦးမယ်…

  


Comments