သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း ၏ ' ခေတ်ကိုအချစ်ဖြင့်ဖြတ်သန်းနေတဲ့ ကာရန်များ '

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၃၃ )

ခေတ်ကိုအချစ်ဖြင့်ဖြတ်သန်းနေတဲ့ ကာရန်များ

ကိုနိုင်း

 
ကျွန်တော်တို့ဖြတ်သန်းနေကြရတဲ့ခေတ်ကိုဖြတ်သန်းရင်း ညည်းသံ တွေကိုချည်းသာ ကြားခဲ့ရ၊ တွေ့ခဲ့မြင်ခဲ့ရတာတွေ များပါတယ်။ 

အမှန်တကယ်လည်း ကျွန်တော်တို့တိုင်းပြည်ကြီးဟာဒုက္ခတွေ ကျရောက်နေရတာ အားလုံးအသိပါပဲ။ တနေ့မိုးချုပ်ပြီးနောက်တနေ့ မိုးလင်းချိန်မှာ ဘာ ဒုက္ခတွေဖြစ်ဦးမလဲလို့ ရင်တထိတ်ထိတ် နဲ့ မိုးလင်းခဲ့ရတဲ့ မနက်ခင်းတွေ များခဲ့ပါတယ်။

ဘာသတင်းများကြားရမလဲလို့ ဒုက္ခတရားကိုစောင့်မျှော်ခဲ့ရသလို ဖြစ်နေပါတယ်။

ကျွန်တော်တို့စဉ်းစားကြည့်ရမှာက ဘယ်လိုဒုက္ခအသံတွေပဲကြား ကြား၊ ဘယ်လိုစိတ်ပျက်စရာတွေပဲကြုံကြုံဒါတွေက ငါတို့ကြုံတွေ့ ရမယ့် လောကဓံတရားတွေပါလားလို့ တွေးမိဖို့ပဲလိုပါတယ်။ ဒီလောကဓံဆိုးတွေကို ဘယ်လိုကြံ့ကြံ့ခံ ရင်ဆိုင်မလဲ၊ ဒီ ဒုက္ခတွေကို ဘယ်လိုနည်းနဲ့ ဖြတ်ကျော်မလဲ။ ဥပေက္ခာနဲ့လား၊ ဒါကလည်း ရှောင်လွှဲလို့မရ နိုင်ပါဘူး။ ဒုက္ခတွေက ကိုယ့်ဆီကိုတည့်တည့်ကြီး တိုးဝင်လာမယ်ဆိုရင် ဥပေက္ခာနဲ့ ရှောင်လို့မရနိုင်ပါဘူး။ တခုပါပဲ။
လောကထဲမှာ လောကဓံကို ချစ်ခြင်းမေတ္တာနဲ့ ရင်ဆိုင်တာတခုတည်းသော နည်းလမ်းပါပဲ။

ကိုယ့်ကိုမလိုမုန်းထားရှိနေတဲ့ရန်သူတွေကို ချစ်ခြင်းတရားနဲ့တုံ့ပြန်ရင်ဆိုင်နိုင်ဖို့ဆိုတာကတော့ အင်မတန်မှ ခက်ခဲပါလိမ့်မယ်။ ကဗျာဆရာကြီး ဒဂုန်တာရာပြောခဲ့သလို၊ မုန်းသူမရှိ ..ဆိုတဲ့ အဘိဓမ္မာဆိုတာ လောက ထဲက လူသားတယောက်အနေနဲ့ ဘယ်လိုမှမဖြစ်နိုင်သလို၊ ဘယ်လိုမှလည်း မကျင့်ကြံနိုင်ပါဘူး။

လောကထဲက လူသားတယောက်အနေနဲ့ အနည်းဆုံးအဆင့် မနာလိုခြင်းဆိုတဲ့ အကျင့်သေးသေးလေးကို တောင် ကျင့်ကြံနိုင်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါရပါလိမ့်မယ်။

မုန်းသူကို ဥပေက္ခပြုလိုက်ထားပြီး နေပြန်ရင်လည်း ကိုယ့်ဆီကို တိုက်ရိုက်ဦးတည်လာမယ့် တိုက်ခိုက်မှု တွေကိုရင်ဆိုင်နေရရင် စောစောကဆိုခဲ့သလို ရှောင်လွှဲလို့မရရင် ကိုယ့်မှာဒဏ်ရာ အနာတရတွေ ဖြစ်လာ နိုင်ပါတယ်။ အဲဒီတော့ အတတ်နိုင်ဆုံးချစ်ခြင်းတရားကိုမွေးမြူရင်းနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ပဲလိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး သစ်ခက်သံလွင် အွန်လိုင်းမီဒီယာ ထဲက ခေတ်ပေါ်ကဗျာတပုဒ် ကို ဖတ်လိုက်မိပါတယ်။ ဒီခေတ်ပေါ်ကဗျာကိုရေးသူက ကဗျာဆရာ သော်မိုးသစ် ပါပဲ။ သူ့ရဲ့ မှော် ကိုဖတ်ကြည့်ကြပါစို့။

          တိတ်တိတ်လေး ပြတင်းတံခါးကိုတိုးဝင်ဖြတ်တိုက်လာတဲ့လေပြေမဟုတ်ဘူး
         တစစ အေးစိမ့်ပြီး ခိုက်ခိုက်တုန်လာရတဲ့ဆောင်းကြမ်းညလည်း မဟုတ်ဘူး
         စတွေ့ကတည်းက ငါကိုယ်တိုင် ပျိုးထားခဲ့တဲ့ မီး
         ကမ္ဘာဦးလူတွေ ကျောက်တုံးနှစ်တုံးကို ခပ်ပြင်းပြင်း ပွတ်တိုက်လို့ရလာတဲ့ရလဒ်ကို
         တသသ ပျိုးကြသလိုပေါ့။

         တကယ်က…
         စကားတခွန်း ပြောပစ်လိုက်ဖို့ စဉ်းစားခဲ့ရတဲ့နေ့တွေ ညတွေ
         စကားတခွန်း ပြောပစ်လိုက်ဖို့ ဆင်ခြင်ခဲ့ရတဲ့ အရပ်ရပ်အခြေအနေတွေ
ငါ့အတွက်လမ်းဟာ အရင်လို အမြဲကွေ့ကောက်ဆဲပါ
ဘ၀ထဲဖြတ်စီးတဲ့ မြစ်က အရင်လို ကြမ်းတမ်းဆဲပါ
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့
အရိုင်းဆန်တဲ့ အဘိဓမ္မာကို ငါမကြိုက်ဘူး
သို့ပေမယ့်၊ ချစ်ခြင်းတစ်ခုအတွက် ချစ်ခြင်းဆိုတာမျိုးတော့
ရူးမိုက်စွာ ယုံကြည်သူပေါ့
အလွန့်အလူးများတဲ့ ဘဝခါးခါး လောကဓံခါးခါး
လှိုင်းကြား လှေကြားထဲမှာတောင်လေ
နံနက်ခင်းကနေအစ ညည့်နက်သန်းခေါင် အချိန်မိနစ်စက္ကန့်မလပ်
လက်ထဲမှာ ချစ်ခြင်းကို ကိုင်တွယ်ဆုပ်ကိုင်ထားတယ်
ချစ်ခြင်းတစ်ခုခု မီးခတ်နိုင်မလားလို့။

ကဗျာလေးက အင်မတန် တွေးစရာပါပဲ။ တွေးကြည့်မယ်ဆိုရင် တွေးလေ အဓိပ္ပာယ်ပေါ် လာလေဖြစ်ပါ လိမ့်မယ်။ မီးဆိုတဲ့အရာကိုပျိုးသလို အလွန်ခက်ခဲတဲ့ချစ်ခြင်းတရားကိုပျိုးရတယ်လို့ ဆန့်ကျင်ဘက်အရာ ကို တင်စားပြသွားပါတယ်။ အမှန်တကယ်က ချစ်ခြင်းတရားနဲ့ မီးဆိုတဲ့အရာက အများအားဖြင့် ဆန့်ကျင် ဖက်အရာလို့ လူတွေမြင်ကြပါတယ်။

တော်ရုံတန်ရုံနှိုင်းယှဉ်ပြီး မတင်စားကြတဲ့အရာနှစ်ခုကို နှိုင်းယှဉ်ပြီး ရေးပြသွားတာ အလွန်ဆန်း ကြယ်တဲ့ ဥပမာပေးတင်စားမှုတခုပါပဲ။ ဒီကဗျာမှာ တွေးပြီးရေးခဲ့သလို၊ တင်စားဖို့ အတော် စဉ်းစားခဲ့ရတဲ့နေ့တွေ ညတွေ၊ အခြေအနေအရပ်ရပ်တွေ ခက်ခဲစွာရှိနေမှာပါ။

ဒါပေမဲ့ ကဗျာဆရာအတွက်ရော လောကထဲကလူတွေအတွက်ပါ ဒီကဗျာရေးလိုက်လို့ လမ်း တွေဟာ ဖြောင့်တန်းမသွားနိုင်ပါဘူး၊ ချောမွေ့မသွားနိုင်ပါဘူး။ အရင်လို ကွေ့ကောက်မြဲ၊ အရင်လိုကြမ်းတမ်းဆဲ ဖြစ်နေမှာပါ။ ဒါပေမဲ့ တွေးစရာတခုခုတော့ ရသွားလိမ့်မယ်ထင်ပါတယ်။ အမုန်းတရားဆိုရင်လည်း မျက်လုံးတစ်လုံးအတွက် မျက်လုံးလုံးတစ်လုံးဆိုတဲ့ ကိုဓဥပဒေလို အစွန်းရောက်တာကိုလက်မခံသလို၊ ချစ်ခြင်းတရားဆိုတဲ့နေရာမှာလည်း မျက်စိမှတ်ပြီး ချစ်ပြ လိုက်တာမျိုးဆိုတဲ့အစွန်းရောက်တာကိုလည်း လက်မခံပါဘူး။

အမှန်တရားအတွက်ချစ်ခြင်းတရားကို အချိန်နဲ့အမျှ သတိတရား၊ အသိတရားနဲ့ ရှိနေဖို့ပါပဲ။ ချစ်ခြင်းတရားနဲ့မီးဆိုတာကလည်း သတိမရှိရင် မိမိကိုယ်ကိုယ်ပြန်လောင်ကျွမ်းတတ်ပါတယ်။
        
နောက်ချစ်ခြင်းကိုရေးဖွဲ့ထားတဲ့ခေတ်ပေါ်ကဗျာတပုဒ်ကတော့၊ အောက်တိုဘာလထုတ် မဟေသီ မဂ္ဂဇင်း ထဲက မွန်းအိမ် ရဲ့ ရင်ချင်းဆက်ကဗျာ ကိုဆက်ဖတ်ကြည့်စေချင်ပါတယ်။

          မေတ္တာ + အချစ်= မိသားစု
         စိတ်ကိုဖွင့်ထား
         အရာရာဒီထက်မမျှော်လင့်နဲ့
         မြစ်ကမြစ်အတိုင်း စီးပစေ
         လှေနံကို ဓားမထစ်ထားနဲ့။

         စိတ်ကိုဖွင့်ထား
         လောကဓံဆိုတာ ရေစီးသန်တဲ့မြစ်
         ချစ်မေတ္တာကြိုးကိုကျစ်ထား
         လှေနံကိုဓားထစ်ထားလိုက်။

         ညကွယ်ညများ
         ဆေးသားပြယ်ပါစေ။

ကဗျာလေးက ရိုးရိုးစကားလုံးတွေနဲ့ရေးထားပြီး ချစ်ခြင်းအတွက် အတွေးများစွာကို တွေးယူနိုင် အောင်ရေးထားပါတယ်။ ချစ်ခြင်းဆိုတာမေတ္တာတရားပါရင် မိသားစုဘဝတခုလို တအူတုံဆင်း မောင်ရင်းနှမဆိုတဲ့ စကား လို ပြည့်စုံပါတယ်။ ဒီနေရာမှာ ချစ်ခြင်းတရားကိုလည်း လှေနံ ဓားထစ်ဆိုသလို တထစ်ချ မတွက် ထားသင့်တာကို မြစ်တမြစ်က သူ့သဘာဝအတိုင်းစီးနေတဲ့ သဘာဝတရားနဲ့ နှိုင်းယှဉ်ပြသွားသလို၊ တခါ တရံမှာ မြစ်က ရေစီးသန်တဲ့အခါ ထိမ်းမရနိုင်တာ နဲ့ ပြသွားပါတယ်။ အဲဒီလို ထိမ်းမရတဲ့အချိန်မှာတော့ လှေနံဓားထစ်သလို စည်းနဲ့ကမ်းနဲ့ ထိမ်းသိမ်းနိုင်ဖို့လိုတာကိုလည်း ပြသွားပါတယ်။

နောက် ခေတ်ကို အချစ်စိတ်နဲ့ လိုက်လျောညီထွေရှိနိုင်အောင် ရေးထားတဲ့ခေတ်ပေါ်ကဗျာကို အောက်တို ဘာလ  ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းထဲက ခေတ်တွေ အစုန်စီးမျော ဆိုပြီး ကဗျာ ဆရာ တိုးဝေ ကရေးဖွဲ့ပြ သွားပါတယ်။

         အရိုင်းစိတ်တွေနဲ့
         အဆိပ်တက်နေကြ
         ဝှက်မရတဲ့လက်သည်းတွေချွန်မြ
         ပြုံးပြတိုင်းမှာ အစွယ်ထင်းထင်းပေါ်
         အလျော်မရှိ အစားချည်းပဲဆိုတော့
         မှော်ရုံမြိုင်ထဲ တဝဲလည်လည်
         ရည်ရွယ်ရာလမ်း အမှန်းခက်ခဲ့။
         အကွေ့တွေ လျှောက်ပြီးလျှောက်
         အကောက်တွေ နှင်ပြီးနှင်
         ဉာဏ်ဆင်လှည့်ဖြား၊ အကြိမ်ကြိမ်
         အပွေအလိမ် ရေချိန်မြှင့်ထား
         မုသားတွေ တတွတ်တွတ်
         စည်းလွတ် ဝါးလွတ် ဇွတ်ထင်တိုင်းကြဲ
         ကြည့်မကောင်းတဲ့ပွဲ
         သန်းခေါင်လည်းတိုင်ခဲ့ပေါ့။
         တို့တတွေရဲ့ကျောပြင်
         ထင်နေတဲ့အရှိုးရာတွေ
         ဘယ်ခါမှ မပျောက်နိုင်
         သမိုင်းတလျှောက် သယ်ဆောင်
         အမှောင်တွေ ဘယ်လောက်ချချ
         အမှားက အမှန်မဖြစ်နိုင်ဘူး
         ခေတ်တွေ အစုန်စီးမျော
         မောချင်တိုင်း မောပစေ
         သဘောရှိသမျှ ကြမ်းစေ
         ပေါရိသလမ်းကို ဖြတ်မယ်။

လောကကြီးမှာ လိုက်လျောညီထွေနေတတ်ဖို့တော့ လိုအပ်ပါလိမ့် မယ်။ ဒီလိုနေတတ်မှုဟာ အမှားနည်းပြီး အမှန်တရား များပါလိမ့် မယ်။ တခြားသူကို မကောင်းကြံစည်လိုစိတ်နဲ့ အဆိပ်တက်တဲ့ လက်သည်းချွန်ချွန်ကိုဝှက်ထားမယ်ဆိုရင်လည်း သူ့မျက်နှာရဲ့ အပြုံးထဲမှာ တချိန်ချိန်မှာ ပေါ်လာတတ်ပါတယ်။ 

ပွေလိမ်ကောက်ကွေးနေတဲ့စိတ်တွေဟာ မုသားတွေပြောလို့ပြောပါ မှန်းမသိနိုင်အောင် လျှို့ဝှက်ထားတတ်ပါတယ်။ မိမိကိုယ်မိမိအထင်ကြီးတတ်နေမယ်ဆိုရင် စည်းလွတ်ဝါးလွတ်ဖြစ် တတ်ပါတယ်။ နောက်ဆုံးမှာတော့ အမှားက အမှန်မဖြစ်နိုင်ပါဘူး။

အမှန်တရားကိုဘယ်လောက်ဖုံးကွယ်ထားပါစေ။ 

အမှန်တရားဘက်နေသူကိုသမိုင်းက မှတ်တမ်းတင်သွားပါလိမ့် မယ်။ အခုခေတ်မှာ ပေါ်ပင်ဖြစ်လိုသူတွေ၊ လူအများရဲ့အထင်ကြီးခံလိုမှုတွေက များပြားနေပြီး၊ မှော်ရုံမြိုင် ထဲ တဝဲဝဲလည်လည်နဲ့နောက်ဆုံးဘာမှဖြစ် မလာပဲ ဇာတ်သိမ်းခန်း ရောက်တတ်ပါတယ်။

အဲဒီလိုမဖြစ်လိုသူများအတွက်တော့ ခေတ်ကြီးမှာ အမြဲတမ်း အချစ်စိတ်ကိုမွေးမြူထားနိုင်ဖို့ လိုပါတယ်။ မိမိအမှန်တရားကို မိမိအချစ်စိတ်နဲ့ အစဉ်အမြဲ သတိရှိရှိနဲ့လိုက်လျောညီထွေ နေထိုင်သွားရမှာပါ။ ဘယ်သူတဦးတယောက်မှမသိရင်လည်း (သိနေစရာလည်းမလို) မိမိလုပ်စရာရှိတဲ့အလုပ်ကိုပဲ အာရုံစိုက်ပြီးလုပ် ကိုင်သွားရမှာပါ။ ဒီလိုလုပ်နေရင်းကနေ လောကကိုချစ်စိတ်တွေဝင်လာပါလိမ့်မယ်။ အဓိကကတော့ လောကကြီးကိုဟန်မဆောင်မိဖို့၊ မိမိကိုယ်မိမိ မလိမ်ညာမိစေဖို့ အရေးအကြီးဆုံးပါပဲ။

လောကထဲမှာ လူတယောက်အဖြစ်နဲ့ ဂုဏ်သိက္ခာရှိရှိနေထိုင်သွားနိုင်ဖို့လိုပါတယ်။ လူ့ခန္ဓာကိုယ် ဒုက္ခိတ ဖြစ်နေပါစေ။ ဂုဏ်သိက္ခာဒုက္ခိတမဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကို အောက်တို ဘာလထုတ် Idea မဂ္ဂဇင်း ထဲမှာ ကဗျာဆရာ ချေဘသစ် က ရှိတာအကုန်ပဲ ဆိုတာကို ဖွင့်ချပြလိုက်ပါတယ်။

          ဟောဒီမှာ ဓား
         ကိုယ့်ကြောင့်ရှင်နေတဲ့ အသက်တစ်ချောင်းဆိုပြီး
         အဲဒီလိုနည်းနဲ့မသတ်ပါနဲ့
         အဲဒီလိုနည်းလမ်းမျိုးနဲ့ မသတ်လိုက်ပါနဲ့
         တမြေ့မြေ့တနုံနုံညှိုးရော်ရှုံ့ကျသွားစေမယ့်နည်း
         ကိုယ်ကျင့်တရားကို ထိပါးလိုက်တဲ့နည်း
         အဲဒီနည်းနဲ့ မသတ်ပါနဲ့ကွာ။

         ဆန္ဒသာရှိမယ်ဆိုရင်
         “ဖျတ်” ခနဲ ဓားအပွင့်မှာ
         “လက်” ခနဲသေအောင် လင်းပြပါ့မယ်။

         မေ့နေပြီလား
         ဒါမှမဟုတ် သတိလက်လွတ်သွားတာလား
         ကဗျာဆရာလေကွာ
         လူအမည်ဘက်ခြမ်းမှာက အသက်
         ကလောင်အမည်ဘက်ခြမ်းမှာက
         ဖိနပ်တရံလိုတွဲနေတဲ့ဘဝနဲ့ ကိုယ်ကျင့်သိက္ခာ
         တဖက်မရှိတော့တာနဲ့ ဒုက္ခိတ။

         စာမျက်နှာတွေနည်းနည်းလောက်ပြန်လှန်ကြည့်ရအောင်
         လျှပ်ပြက်…”ဂျိန်း”
         ဓားနဲ့အသက်။

ကဗျာဆရာတယောက်အတွက် ပိုပြီးအရေးကြီးတာက အသက်ထက် ကိုယ်ကျင့်သိက္ခာပါပဲ။ လောကရဲ့လူသားတယောက်အဖြစ် ဂုဏ်သိက္ခာရှိရှိနေထိုင်သွားနိုင်ဖို့အတွက်လည်း ကိုယ်ကျင့် သိက္ခာကအရေးကြီး ပါတယ်။ လူတယောက်ကိုသတ်ချင်တယ်ဆိုရင် လူ့ခန္ဓာကိုယ်ကို ဓားနဲ့ထိုးပြီး သတ်လိုက်ပါ။ ကိုယ်ကျင့်သိက္ခာကို တနည်းနည်းနဲ့ မသတ်လိုက်ပါနဲ့။

ရပ်တည်ချက်ခိုင်မာတဲ့ လူတယောက်အဖို့တော့ ဒီလိုနည်းနဲ့ မသတ်နိုင်ပါဘူး။ လူတယောက် (သို့မဟုတ်) ကဗျာဆရာတယောက်အတွက် ဘဝဘက်ကိုယ်ကျင့်သိက္ခာမရှိတော့ရင် ဒုက္ခိတ ဖြစ်သွားမှာပါ။ ရုပ်ခန္ဓာကိုယ် ဒုက္ခိတဖြစ်ချင်ဖြစ်ပါစေ။ စိတ်အဓိကဖြစ်တဲ့ ကိုယ်ကျင့်သိက္ခာ ဒုက္ခိတမဖြစ်အောင်လည်း နေတတ်ဖို့ လိုပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ လောကကြီးကို တရားမျှတတဲ့နည်းနဲ့ချစ်တတ်အောင်နေနိုင်ဖို့ အရေးအကြီးဆုံးပါပဲလို့ ပြောချင်ပါတယ်။

ကိုနိုင်း
ခံစားသုံးသပ်မိတဲ့ခေတ်ပေါ်ကဗျာများ

၁။ သော်မိုးသစ်(မှော်)၊သစ်ခက်သံလွင် အွန်လိုင်းမီဒီယာ၊ စက်တင်ဘာ ၂၀၁၇။
၂၊ မွန်းအိမ်(ရင်ချင်းဆက်ကဗျာ)၊မဟေသီမဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၁၇။
၃။ တိုးဝေ(ခေတ်တွေ အစုန်စီးမျော)၊ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊အောက်တိုဘာ ၂၀၁၇။
၎။ ချောဘသစ်(ရှိတာအကုန်ပဲ)၊Idea မဂ္ဂဇင်း၊အောက်တိုဘာ ၂၀၁၇။

Comments