သစ်ခက်သံလွင်ကဗျာ၊ ရာမည မင်းငြိမ်းချမ်း၊ မိုးညဖြူ(တွံတေး) နှင့် သော်မိုးသစ်တို့၏ကဗျာများ

Exposition Art Blog
 ပြောင်းပြန်ထပ်ကြေး
ရာမညမင်းငြိမ်းချမ်း

ပျားရည်ကအသုံးဝင်သလောက်
အဆိပ်ကပြောင်းပြန်နာကျင်မှု
မှောက်သွန်ခံရတဲ့မြစ်ရဲ့စီးဆင်းမှုမျိုး
သွေးသားနဲ့အသက်လောင်းကြေးထပ်နေရ
မျိုးဆက်တွေရှင်သန်ရန်
ပျံသန်းဖို့တောင်ပံတစုံရယ် 
အဖျက်အမှောင့်ကိုကာကွယ်ဖို့
အစွယ်နဲ့အဆိပ်တပ်အမြီးတစုံ
ဥပေက္ခာအလဲအထပ်အတွက်
သကာပေါ်လူးထားတဲ့သွေးသား
မျက်နှာစာလှဖို့အသုံးတော်ခံ
အသက်ကိုညှစ်
ရင်ဘတ်မှစီးလာတဲ့သွေးသားစစ်စစ်
မျက်ရည်မြစ်ပေါင်းထုပ်ထားတဲ့အဟာ
မတန်မဆကြေးကြီးပေးနေရ
ဒါဟာ မမျှတတဲ့ပြောင်းပြန်အချိုး
နှစ်သစ်ထုတ်ကုန်
သွေးတိုးနေတဲ့ခေတ်ရဲ့ကာရန်
ပျားပိတုန်းတို့ရဲ့ပြောင်းပြန်ထပ်ကြေး။ ။
...
Chriss Pagani Art
 အတ္တတွေနဲ့ ယင်းထနေတယ်
မိုးညဖြူ  ( တွံတေး ) 

ဦးနှောက်မဲ့တောင်ကုန်းပေါ်မှာ
လူပြိန်းတွေနဲ့ မြို့တည်ထားတယ်
ဖောဖောသီသီရှူလို့ရတဲ့လေနဲ့ 
ဒုက္ခရနံ့တွေ တဝေဝေတောက်လောင်ရင်း
လောဘတွေကို ထမ်းပိုးနေကြရဲ့  ။

တကယ့်အဖြစ်ပျက်ထဲက
ဘဝနေနည်းဟာ
လက်တွေ့ကျကျခံစားရမယ့်အရာဆို
မနက်ဖြန်တွေကို
ကြာရှည်ခံဆေးဝါးတွေနဲ့လန်းဆန်းပေးထားမယ် ။

အောက်ဆော်နံနေတဲ့ နံရိုးတွေကို
နည်းပညာနဲ့ပြုပြင်လိုက်တယ်
ကိုယ်တိုင်ရေး ဇာတ်ညွှန်းထဲ
ကမ္ဘာကြီးကို  ဝိုင်တခွက်လိုသောက်မိခဲ့ ။

...
Exposition Art Blog
ရေတံခွန်
သော်မိုးသစ်
 
ရွေးချယ်ခွင့်မရှိတော့
ထိုးစိုက်စုန်ဆင်းပေးလိုက်ရတာပဲ
ကျောက်ဆောင်ဆိုလည်း
အသွေးအသားတွေ စိတ်စိတ်အမွှာမွှာဖြစ်အောင်
ထိုးဝှေ့ပေးရတယ်
အကွေ့အကောက်ဆိုလည်း
ချိုးကွေ့ပေးလိုက်ရတာပဲ
ဒါ ရေတံခွန်တစင်းရဲ့ဘဝ
ရာသီအလိုက် ယဉ်ကျေးပေးရတာရှိတယ်
ရာသီအလိုက် အရိုင်းဆန်ပေးရတာရှိတယ်
ရာသီအလိုက် အေးခဲပေးလိုက်ရတာရှိတယ်
ရသစုံတဲ့ ဘဝဟာ
ရတံခွန်ပဲ
နက်ရှိုင်းတဲ့တော
မတ်စောက်တဲ့ ကမ်းပါးယံ
ထက်ရှတဲ့ ကျောက်လွှာခင်း
အားလုံးက ရေတံခွန်ရဲ့ ကံကြမ္မာအခင်းအကျင်းတွေ
ရေတံခွန်မှာ ညည်းတွားခွင့်မရှိဘူး
ရေတံခွန်မှာ ငိုက်မြည်းခွင့်မရှိဘူး
ရေတံခွန်မှာ အိပ်စက်ခွင့်မရှိဘူး
ရေတံခွန်မှာ စိတ်ကူးယဉ်ခွင့်မရှိဘူး
ရေတံခွန်မှာရှိတာ တခုတော့ရှိတယ်
အဲဒါ ရွေးချယ်ခွင့်မရှိတာ
ဘာကိုမှလေ
အဲဒီ ရေတံခွန်
ထုံအအ နွားတကောင်လိုပဲ
ထမ်းပိုးနဲ့ နှင်တံအကြောင်း မစဉ်းစားတတ်ဘူး
ပန်းပွင့်ပဲဖြစ်ဖြစ်
အမှိုက်သရိုက်ပဲဖြစ်ဖြစ်
သူ့ကျောပေါ်တင်
ပြီးတော့ သူ့ကြမ္မာလမ်းကြောင်းအတိုင်း
ခရီးဆက်နေတော့တတ်တာ
ရေတံခွန်မှာ
သူ့လမ်းအဆုံးမှာ ရွာမရှိဘူး
သူမျော်တဲ့ ပင်လယ်မရှိဘူး
သူ့မှာ တကယ်က ဘာမှမရှိရှာဘူး
ရေတံခွန်ဟာ
ဒီအဖြစ်ကိုလည်း
လုံးဝ မသိရှာဘူး။ ။

Comments