သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း ၏ 'ဆောင်းရာသီကြိုကာရန်များ '


ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၃၁ )
ဆောင်းရာသီကြိုကာရန်များ
ကိုနိုင်း

မနက်စောစော၊ပြတင်းတံခါးကိုဖွင့်လိုက်တော့ နှင်းအငွေ့အသက် များက ဇာခန်းဆီးကို ရုတ်တရက်ပွေ့ဖက် လာတယ်။ တကယ်တော့ မိုးရာသီမကုန်သေး။ ညကတောင်မိုးရွာသေးတယ်လို့ စိတ်ထဲတွေး မိနေတယ်။

အမှန်တကယ်တော့ ကျွန်တော့်စိတ်ထဲမှာ ဆောင်းရောက်ချင်နေ တယ်။ ဒါပေမဲ့ ကျွန်တော်ရောက်ချင်နေမိတဲ့ ဆောင်းကတော့ နှစ်ပေါင်းများစွာမှာကျန်ခဲ့ပြီ။ ပြောရရင် ဆောင်းမနက်ခင်းမှာ နှင်း တွေဝေနေရမှာပေါ့။

အေးစက်နေတာမဟုတ်ရင်တောင် ဆောင်းရဲ့အအေးဓာတ်တော့ နမ်းရှိုက်လိုက်ချင်တာပေါ့။ အေးမြတဲ့ရသကိုရစေချင်တယ်။ အခုနောက်ပိုင်းမှာ ဆောင်းရာသီရောက်လာပြီဆိုလို့သာ  သြော် ဒါဟာ ဆောင်းရာသီပါလားလို့ပြောရမလိုဖြစ်နေတာကြာခဲ့ပါပြီ။ ပူပြင်းတဲ့ဆောင်း၊ ချွေးတွေပျံနေတဲ့ ဆောင်း။ နှင်းမဝေတဲ့ဆောင်း။ ဆောင်းကဆောင်းရသကို ပျောက်ဆုံးနေတဲ့ ဆောင်းဖြစ်နေပါပြီ။

မိုးမကုန်သေးပေမယ့် ဒီမနက်ခင်းတွေမှာဆောင်းရာသီက ခပ်စောစောလေးအကြိုထောက်လာလေ သလား။ ဆောင်းရာသီဟာ အရင်လိုအေးမြမြရသကိုပြန်ရတော့မလားလို့တွေးနေမိပါတယ်။ တွေးနေ ရင်းနဲ့ပဲ ဆောင်းအငွေ့အသက် တွေပါလာတဲ့ ခေတ်ပေါ်ကဗျာတွေကို ဖတ်မိလိုက်တယ်။ ဖတ်မိတော့ ခံစား လိုက်မိပါတယ်။ ဖေ့ဘုတ်ပေါ်က ကဗျာဆရာ စိုင်းဝင်းမြင့် ရဲ့ မြက်ရိတ်သမား ကဗျာကို ခံစားကြည့် ချင်ပါတယ်။

         ဒီမနက်မှာ စိမ်းမြမြ
         အိမ်မက်က လက်လွတ်လာလာတဲ့ ကိုယ်လည်းငေးစိုက်ရတယ်
         မိုးမကုန်သေးပဲ ဆောင်းအငွေ့အသက်
         အသည်းထဲစိမ့်အေးလာသလိုပဲ
         မြက်ရိုင်းတွေ ခြေလှမ်းအနုတ်အသိမ်းမှာ
         နေရောင်ခြည်ကျလာ
         မြက်ရိတ်သမား ဓားစက်မှာ
         အဆွေးများ တဖွားဖွားလွင့်စင်လာ
         ဘယ်သူဟာ မြက်ရိတ်သမားနဲ့နေခဲ့မှာလဲ
         ကမ္ဘာဟာ ရှေ့သို့သာပဲပေါ့။

အေးမြမြရသကို ရုတ်တရက်ရလိုက်သလိုပါပဲ။ ကဗျာဆရာရဲ့အတွေးကလည်း အေးမြမြလေး တစိမ့်စိမ့် လွင့်မျော ပြီး ဖတ်သူရဲ့ရင်ကိုပုတ်ခတ်သွားပါတယ်။ ”မိုးမကုန်သေးပဲ ဆောင်းအငွေ့ အသက်၊ အသည်းထဲ စိမ့်အေးလာသလိုပဲ” ဆိုတဲ့စကားလုံးတွေက မရောက်သေးတဲ့ဆောင်း ရာသီကို ဆွဲခေါ် သွားပါတယ်။

ဒီဆောင်းရဲ့အေးမြမြမနက်ခင်းကို မြက်ရိုင်းတွေရဲ့ခြေလှမ်း အနှုတ်အသိမ်းက ရပ်တန့်သွားစေပါတယ်။ 

ဆောင်းရဲ့အေးမြမြမနက်ခင်းထဲကို နေရောင်ခြည်ကျလာပုံ၊ မြက်ရိတ်သမားရဲ့ဓားစက်က ဟောင်းနွမ်း နေတဲ့အဆွေးတွေကို ရိတ်သိမ်းနေပုံဆိုတဲ့ နိမိတ်ပုံတွေဟာ ခေတ်ကိုပြနေပါတယ်။ 

တကယ်တော့ အခုအချိန်မှာဆောင်းရာသီရဲ့အေးမြတဲ့မနက်ခင်းကို တကယ်ရောက်နေသလားဆိုတော့၊ ကျန်ခဲ့တဲ့ကာလတွေကို အမှတ်ရစေ ပါတယ်။ ဆွေးမြေ့နေတဲ့မြက်ရိုင်းတွေဟာ အပြိုင်းအရိုင်း ရှင်သန်နေ တုန်းပါပဲ။ မြက်ရိတ် သမားကတော့ ရိတ်နေတုန်းပါ။ ပြောင်းလဲခြင်းတွေကတော့ရှေ့ဆက်ပြောင်းလဲနေဦး မှာပါပဲ။ အင်မတန်ကိုလှပတဲ့အတွေးနဲ့ ခေတ်ပေါ်ကဗျာတပုဒ်ပါပဲ။

မအေးမြတဲ့ဆောင်းတွေကို ဖြတ်သန်းနေရတာကြာခဲ့ပါပြီ။ ဆောင်းရောက်လာပြီဆိုရင် အနွေးထည်ကို လည်း သတိမရကြတော့ပါဘူး။ အနွေးထည်ဝတ်စရာမလိုလောက်အောင် ဆောင်းမနက်ခင်းတွေက မအေးမြတော့ပါဘူး။ ဒါ ဘာကြောင့်လည်းဆိုတာကို တွေးနေခဲ့ပေါင်းများလှပါပြီ။ ဆောင်းက နှင်းမဝေတဲ့ ဆောင်းပေါ့။ ဒါကိုဖေ့ဘုတ်ပေါ်မှာ ခေတ်ပေါ်ကဗျာ တပုဒ်ကိုဖတ်လိုက်ရတယ်။ သန္တာညို ဆိုတဲ့ကလောင် အမည်နဲ့ ဆောင်း ဆိုတဲ့ကဗျာပါ။

         လွမ်းတဲ့အကြောင်း စာလုံးပေါင်းတော့ “နှင်း”
         အနွေးထည်မပါတဲ့ဆောင်းတွေများလှပေါ့။

ကဗျာလေးက နှစ်ကြောင်းထဲပါ။ ဒါပေမဲ့ စာသားလှသလိုအဓိပ္ပါယ်ပြည့်ဝတဲ့ကဗျာတပုဒ်ပါ။ နှင်းမကျတဲ့ဆောင်းတွေကို တကယ်လွမ်းလိုက်မိတယ်။ မအေးမြတဲ့ဆောင်းတွေက အနွေးထည်မလိုတာ ကြာလှပါပြီ။ တချိန်က နားထောင်ဖူးတဲ့သီချင်းတပုဒ်ရှိတယ်။

နှင်းပျောက်တဲ့နွေဦးရောက်ပြီလေ ဆိုတဲ့သီချင်းပါ။ အခုအချိန်မှာ နှင်းတွေရောက်မလာပဲ နွေဦးတွေချည်း ရောက်လာတော့ အပူတွေလောင်မြိုက်နေရတဲ့အချိန်တွေကို ဖြတ်သန်းနေရ ပါတော့တယ်။

လူတွေမှာလည်း ဘဝတွေကမအေးချမ်းနိုင်ကြပါဘူး။ စားဝတ်နေရေး၊ သွားရေးလာရေးတွေအတွက် နေ့စဉ်လှုပ်ရှား ရုန်းကန်နေရပါတယ်။ မငြိမ်းချမ်းတဲ့ခေတ်ကြီးမှာ နှင်းဝေနေတာကိုလည်း မခံစားနိုင်တော့ ပါဘူး။

ဆောင်းမှာကျတဲ့နှင်းကို တခါတခါတော့ လွမ်းမိပါရဲ့။

တွေးနေမိတာကလည်း“နှင်းကလေးတွေမှဟုတ်ရဲ့လား” ဆိုတဲ့ သီချင်းတစဟာ ဝင်လာပြန်တယ်။ ဒါကိုစက်တင်ဘာလ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း မှာ အတွေးပေါင်းများစွာနဲ့ရေးဖွဲ့ပြသွားတဲ့ ကဗျာဆရာမ စမ်းစမ်းတင်ရဲ့ “လူ့ဘ၀အတိုင်းပါပဲလား နှင်းရေ” ဆိုတဲ့ကဗျာကို ဖတ်ကြည့်ပြီးခံစားလိုက်မိပါတယ်။

         ဖွေးဖွေးလှုပ် တဖွဲဖွဲ စိန်ပြေနပြေကျနေတဲ့
         နှင်းတွေဟာ မွေးကင်းစကလေးတွေလိုပဲ ဖြူစင်လိုက်တာလေ
         ကျဆဲ ဝေဆဲ ဖွဲဆဲ တသည်းသည်းနဲ့
         မစဲနိုင်တော့ဘူး၊ ထင်ပေမယ့် အချိန်တန်ရင် စဲသွားမှာလေ
         ဒီလိုအခါကျတော့ အရာရာဟာ တသက်လုံး မင်းမူလို့မရဘူးဆိုတာ
         ပြညွှန်းပြန်လေရော
        မွေးကင်းစကလေးလို ဖြူစင်တဲ့ နှင်းတွေလည်း
        နှင်းထု အရည်ပျော်ချိန် မတိုင်ခင်မှာတော့
        မဖြူစင်နိုင်တော့တာကလည်း ဆင်ခြင်စရာ။

ကဗျာက ဒီအပိုဒ်မှာစပြီး တွေးစေပါတယ်။ နှင်းတွေက စစကျတဲ့အချိန်မှာဖြူစင်ပါတယ်။ ဒါပေမဲ့ ဒီဖြူစင်မှု ဟာ တည်မြဲနိုင်ရဲ့လား။ လောကကြီးမှာရှိတဲ့အရာတွေတိုင်း လူပုဂ္ဂိုလ်တွေတိုင်း တသက်လုံးမင်းမူလို့ မရဘူးဆိုတာကို ပြလိုက်ပါ တယ်။ လူတွေမှာလည်း မွေးကင်းစကလေးလေးဘဝမှာပဲ ဖြူစင်နိုင်တာကို တွေးမိရင် ဆင်ခြင်စရာဖြစ်လာပါလိမ့်မယ်။

         မွေးဖွားချိန်မှာ ဖြူစင်ထားပေမယ့်
         အချိန်အတိုင်းအတာတခုပဲ ဖြူစင်နိုင်လေတာ
         အဲ.. တခုတော့ရှိတယ်၊ လူသူနဲ့ဝေးတဲ့ နေရာတွေမှာတော့
         အညစ်အထေးမဲ့မဲ့နဲ့ နှင်းသူတော်စင်ဘဝနဲ့ပဲ နိဂုံးချုပ်နိုင်ပါတယ်။

အမှန်တကယ်တော့ နှင်းတွေကျနေတာတောထဲတောင်ထဲမှာဆို နိဂုံးချုပ်တဲ့အထိ ဖြူစင်နိုင်ပါ တယ်။ အဲဒီလိုပါပဲ။ လူတွေကလည်း တောထဲတောင်ထဲမှာ၊ လူသူဝေးတဲ့အရပ်မှာ မွေးကင်းစ ကလေးဘဝ ကတည်းက အထီးကျန် မရပ်တည်နိုင်ပါဘူး။ လူ့ပတ်ဝန်းကျင်မှာ လူတွေနဲ့အတူ မွေးဖွားရှင်သန်ရမှာပါ။

         လူသူရှိရာ အထူးသဖြင့် မြို့ပြမှာကျတဲ့ နှင်းကတော့
         နှင်းမစဲခင်ကပဲ လူသွားလမ်းပေါ် လမ်းမပေါ်နေရာယူချင်နေတဲ့
         နှင်းက အနင်းခံရပြီးသား
         လမ်းဘေးချောင်ကြိုချောင်ကြား သွားကျတဲ့ နှင်း
         သစ်ပင် သစ်ကိုင်းပေါ် အိမ်ခေါင်မိုးပေါ် တိုက်ခေါင်မိုးပေါ်ကျတဲ့ နှင်းတွေကတော့
         အနင်းအချေ မခံရပေမယ့်
         အပေါ်ယံ နှင်းထုက ကားမီးခိုးငွေ့ကြောင့်
မွေးကင်းစကလေးလိုဖြူစင်ခဲ့ပေမယ့်
ညစ်ထေးထေးဖြစ်သွားခဲ့ရတာကလား
အမယ်လေး၊ လူသွားလမ်းနဲ့ ကားလမ်းက နှင်းတွေကတော့ ပြောမနေနဲ့
ညစ်ညစ်ထေးထေး ဖြစ်ရရုံမက အဖိခံ အနင်းခံမို့ ပိပြား
လောကဓံဒဏ် အများဆုံးခံရတဲ့ နှင်းတွေပေါ့။

လူသွားလမ်း၊ ကားလမ်းပေါ်မှာကျတဲ့နှင်းတွေဆိုရင် နှင်းကလေးမှဟုတ်ပါရဲ့လားလို့ မေးရမလို ဖြစ်နေပါ တယ်။လူ့လောကမှာလည်း သူများအနင်းခံဘဝကိုရောက်နေကြတဲ့လူတွေဟာ လူသားတယောက်အဖြစ် ရှင်သန်နေရတာ အင်မတန်ကိုမှ ကြောက်စရာကောင်းပါတယ်။ အာဏာနဲ့ဖိနှိပ်အုပ်ချုပ်မှုအောက်မှာနေခဲ့ ရဖူးသူတိုင်း သိကြမှာပါ။

         နောက်ဆုံးတော့ မြို့ပြလာကျတဲ့ နှင်းဖြစ်ဖြစ်
         တောတန်းတောအုပ် တောင်စောင်းလာကျတဲ့ နှင်းဖြစ်ဖြစ်
         ကျေးလက်လာကျတဲ့ နှင်းပဲဖြစ်ဖြစ် သင်္ခါရကိုပြတာပါပဲ။
         ရာသီကလည်း ရေခဲမှတ်အောက်ရောက်မှ သူတို့ဘ၀ ဖြစ်တည်နိုင်တာ
         ရေခဲမှတ်ရောက်နေရင်လည်း နှင်းဟာ နှင်းပါပဲ။
         အဲ … ရေခဲမှတ်ကျော်ရင်တော့ ပျော်ပေတော့
         ရေခဲပျော်ချိန် နှင်းပျော်ချိန်ဟာ အရည်ပျော်ချိန် အရည်ပျော်မှတ်ရောက်တယ်ဆိုတာ
         တကယ်တော့ နှင်းငိုချိန်။

ကဗျာမှာပြသွားတာက နှင်းရဲ့ရပ်တည်မှုနဲ့လူသားတွေရဲ့ရပ်တည်မှုကိုပြသွားတာကို ခံစားမိပါတယ်။ လူတယောက်အတွက်လည်း အမြင့်ကိုရောက်ချိန်၊အနိမ့်ကိုကျဆင်းချိန်ဆိုတာတွေကလည်း လူတိုင်းမှာ ရှိပါတယ်။

မွေးဖွားချိန်နဲ့သေဆုံးချိန်ကြားမှာ ခဏလေးဆိုတာကိုနှင်းပျော်ချိန်နဲ့နှိုင်းယှဉ်ပြီးပြသွားပါတယ်။ အချိန်ကာလတခုကျော်ရင် သေဆုံးရမှာပါပဲ။ ဒီမွေးဖွားချိန်နဲ့သေဆုံးချိန်ရဲ့ကြားမှာ မွေးဖွားစ ကလေးငယ် လေးမှာပဲ ဖြူစင်တာရှိပါတယ်။

          သဘာဝအရ ရေဟာမြင့်ရာက နိမ့်ရာစီး၊
         တနေရာမှာ ပေါင်းဆုံပြီး မြစ်တွေ ချောင်းတွေဖြစ်
         မြစ်တွေရဲ့အဆုံးက ပင်လယ်
         မွေးကင်းစက ဘယ်လောက်ဖြူစင်ခဲ့
         ဘဝခရီးအဆုံးကိုမရောက်ခင် ဖြတ်သန်းရမယ့်လမ်းမှာ
         ကြုံလိုက်ရတဲ့ လောကဓံတွေ
         လောကကို ရောက်လာစက မွေးကင်းစလို ဖြူစင်တဲ့နှင်းတွေ၊
         ဒါတွေ တွေးမိပါစ မေးလိုက်ချင်ရဲ့။

မေးစရာတွေကတော့ အများကြီးရှိနေမှာပါ။ ရိုးရိုးလေးတွေးပြီး ရိုးရိုးလေးမေးကြည့်ရင်တောင် လူ တယောက်တိုင်း အတွက် ရှင်သန်နိုင်ဖို့ရုန်းကန်လှုပ်ရှားနေရတဲ့အချိန်တွေမှာ များသောအားဖြင့် မဖြူစင်နိုင်ခဲ့ပါဘူး။ ရိုးသားမှုမှာ တောင်မှ မုသားလိုမျိုးပြောဆိုနေရတဲ့အချိန်တွေ ရှိနေပါတယ်။ နှင်းရဲ့တည်ရှိမှုလောက်ပါပဲ။

နှင်းရဲ့တည်ရှိမှုနယ်မြေကွာခြားသလို လူတယောက်ရှင်သန်နေရတဲ့ပတ်ဝန်းကျင်တွေကလည်း ကွာခြားနေ မှာပါ။ အဆုံးသတ်မှာတော့ ရိုးသားဖြောင့်မတ်မှုအပေါ်မှာ အဆုံးအဖြတ်ပေးသွားမှာပါ။

အခုလိုကြပ်တည်းစွာ ရှင်သန်နေရတဲ့ခေတ်ကြီးကလည်း စကားပြောပါတယ်။ ဆောင်းမှာဝေတဲ့နှင်းတွေကိုတောင်မခံစားနိုင်တော့လောက်အောင် ဖြစ်နေပါပြီ။ လူတွေ ဆောင်းရဲ့နှင်းကို အရေးထားပြီး မခံစားနိုင်တာသိလို့လားမသိ။ ဆောင်းရာသီမနက်ခင်းတွေမှာ နှင်းတွေပေါ်မလာကြတာ ကြာပါပြီ။ ဒီလိုနဲ့ပဲ မိုးကုန်ချိန်ရောက်ရင် ဒါဆောင်းရာသီ ရောက်လာ ပြီလို့ စိတ်ထဲကအသိပဲရှိပါတော့မယ်။

ဆောင်းရဲ့နှင်းမနက်ခင်းတွေဟာ အတိတ်မှာအရည်ပျော်ကျကျန်နေခဲ့ပါပြီ။ ဒါကို စက်တင်ဘာလ၊ ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်း ထဲမှာကဗျာဆရာ ဇင်ရ က ဆောင်း ဆိုတဲ့ကဗျာကို ရေးဖွဲ့ လိုက်ပါတယ်

          ဆောင်းတခါရောက်ပြန်တော့
         အနာ တခါသစ်ပြန်ပေါ့။

         နှင်းစက်
         မျက်ရည်
         စကားလုံးမဲ့
         နောက်ဆုံးမနက်
         မြို့ငယ်ထဲ အဲဒီနေ့က အလင်းပြိုတာ
         ဘယ်သူမှမသိလိုက်ကြဘူး။

         မင်းလည်း မင့်ခရီးနဲ့မင်း
         ငါလည်း ငါ့အကြောင်းနဲ့ ငါ
         နှစ်တွေဟာ တချို့အကြောင်းအရာတွေကို
         ပျော်ပျက်စေရော့သလား။

         ခရေတွေ ကြွေနေမြဲ
         နှင်းထဲခရေကောက်တဲ့ ကလေးမ
         ဘယ်ဆီလွင့်သွားပါ့၊
         မြောက်လေထဲ ရနံ့တွေ လွင့်ဝဲ
         ဆံနွယ်စိမ်းစိမ်းတွေ ကွင်းပြင်ထဲ ဖွာကြဲ
         အတိတ်ဟာ ဆောင်းရည်နဲ့ ပျော်ကျဆဲ။

ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဆောင်းဟာ နှင်းတွေအဖြစ်နဲ့အရည်ပျော်ကျပြီး အတိတ်မှာ ကျန်နေရစ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဆောင်းရဲ့ပန်းချီကားလေးတချပ်လို၊ နှင်းဝေတဲ့ မနက်ခင်းထဲမှာ ကြွေကျလာ တဲ့ ခရေပွင့်လေးတွေကို ကောက်တဲ့ကောင်မလေး ပန်းချီကားတချပ်လည်း ပျောက်ဆုံးနေတာကြာပါပြီ။

ခရေတွေ မကောက်ကြတော့တာလား၊ နှင်းတွေမဝေကြတော့တာလား၊ နှင်းထဲမှာခရေကောက်တဲ့ ကောင်မလေးပဲ ပျောက်ဆုံးသွားတာလား။ မေးခွန်းများစွာကို တွေးနေမိပါတော့တယ်။

ကိုနိုင်း
ခံစားသုံးသပ်မိတဲ့ခေတ်ပေါ်ကဗျာများ။

၁။ စိုင်းဝင်းမြင့်(မြက်ရိတ်သမား)၊ Sai Win Myint ဖေ့ဘုတ်၊၂၄၊ စက်တင်ဘာ၊၂၀၁၇။
၂။ သန္တာညို(ဆောင်း)၊ Gyi Taw ဖေ့ဘုတ်၊၂၄ စက်တင်ဘာ ၂၀၁၇။
၃။ စမ်းစမ်းတင်(လူ့သဘာဝအတိုင်းပါပဲလား နှင်းရေ)၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ စက်တင်ဘာ၊၂၀၁၇။
၎။ ဇင်ရ(ဆောင်း)၊ ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ စက်တင်ဘာ၊၂၀၁၇။
-
The Sun Rays Journal,Vol 1. No 167. 30 Sep 2017

Comments