ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၂၄ )
ခေတ်ကိုထင်ဟပ်သော ခေတ်ပေါ်ကဗျာရေးဟန်များ(၂ )
ခေတ်ကိုထင်ဟပ်နေတဲ့ခေတ်ပေါ်ကဗျာရေးဟန်တွေကို ဆက် လက်ခံစားသုံးသပ်သွားဖို့ ပြတင်းတံခါးကို ဖွင့်လိုက်ပြန်ပါပြီ။ ခေတ်ပေါ်ကဗျာတွေအဆင့်ဆင့်ဖြစ်ထွန်းတိုးတက် လာတာ ကိုလည်း သုံးသပ်သင့်သလောက် သုံးသပ်တင်ပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့ပြောခဲ့သလို ဒီခေတ်မှာပွင့်လင်းမြင်သာတဲ့ နံနက် ခင်းကိုရောက်နေပါပြီ။ နံနက်ခင်းဆိုပေမယ့် နေရောင်ဟာ ဖြာကျ နိုင်သလောက် ဖြာကျမလင်းနိုင်သေးပါဘူး။ ဒီနံနက်ခင်းဟာမြူတွေလား၊ မိုးတိမ်တွေလား မကွဲပြားတဲ့ အမှောင်ထဲမှာ မလင်းတလင်း ရှိနေတုန်းပါ။ ညီအစ်ကိုမသိတသိအချိန်လို့ ပြောရပါလိမ့်မယ်။ ဒီလိုအချိန်မှာ အတွေးအခေါ်တွေဟာ ဝေဝါးနေပါ လိမ့်မယ်။
အရင်ဒီလိုနံနက်ခင်းကိုမရောက်ခင်က ဖြတ်သန်းခဲ့ရတာ ညအမှောင်ဆိုတော့ လှမ်းတဲ့ ခြေတွေကလည်း အင်မတန်ဂရုစိုက်လှမ်းခဲ့ကြရပါတယ်။ ခြေတလှမ်းမှားတာနဲ့အမှောင်ထဲက ပစ်ခတ်သတ်ဖြတ် မယ့်ရန်သူတွေက အမြဲစောင့်ကြည့်နေပါတယ်။
ခေတ်ပေါ်ကဗျာကလည်း အမှောင်ခေတ်ကိုဖြတ်သန်းလာတဲ့ခြေလှမ်းဟာ ရဲဝံ့ပြတ် သားခဲ့တယ် လို့ ဆိုရမှာပါ။ စာပေကင်ပေတိုင်လို့ခေါ်တဲ့ စာပေထောက်လှမ်းရေးဂိတ်ကို ကျော် ဖြတ်ပြီးတိုးတက်ခဲ့တဲ့ ခေတ်ပေါ်ကဗျာတွေပါ။ ဒီခေတ်ပေါ်ကဗျာအင်အားစုက အယူအဆ ပြင်းထန်ပြတ်သားခဲ့ပါတယ်။ လေးလုံးစပ်၊
တာရာခေတ်ကို ရိုက်ချိုးပစ်ရမယ်လို့တောင် အယူအဆ ပြတ်သားခဲ့ပါတယ်။
ခေတ်ပေါ်ကဗျာနဲ့ပတ်သက်ပြီး ဆရာမောင်သင်းခိုင်က စိတ်ကူးအတွေးနဲ့
ရစ်သမ်ကိုရေးဖွဲ့တာလို့ပြောခဲ့ဖူး ပါတယ်။ နောက်တခုက ဆရာမောင်ချောနွယ်ဟာ ရစ်သမ်ကျွမ်းကျင်ပြီးပြည်သူတွေသုံးကြတဲ့စကားလုံး တွေကို ကျွမ်းကျင်စွာဖွဲ့တတ်သူ၊ နှံ့စပ်သူလို့သတ်မှတ်ခဲ့ကြပါတယ်။
ဒီနေ့ခေတ်ပေါ်ကဗျာတွေကိုကြည့်လိုက်မယ်ဆိုရင် နံနက်ခင်းမှာ ဝေဝါးနေသလိုဖြစ်နေပါတယ်။ ဆရာမောင်သာနိုးရဲ့ ထင်းရူးပင် ရိပ်ထဲက ဘာသာပြန်ကဗျာလိုလိုတွေ များလာတာ တွေ့နေရပါတယ်။ တချို့ကဗျာလို့ခေါ်နေကြတဲ့ကဗျာတွေက ရစ်သမ်ကို တောင်ပစ်ပယ်ထားတာတွေ တွေ့နေရပါတယ်။ စကားပြေကိုကဗျာလို့ထင်မှတ်ပြီး ရေးနေတာမျိုးတွေပါ။
ပြောရမယ်ဆိုရင် ခေတ်ပေါ်ကဗျာဟာ ဆရာမောင်သင်းခိုင်ပြောခဲ့သလို စိတ်ကူးအတွေးနဲ့ ရစ်သမ်အဖွဲ့တွေကို ကျွမ်းကျင်စွာရေးဖွဲ့ ထားတဲ့ကဗျာတွေကပဲ ကျန်ရစ်ခဲ့မှာပါ။
ဒီစိတ်ကူးအတွေးနဲ့ရစ်သမ်အဖွဲ့ကိုပြသွားတဲ့ခေတ်ပေါ်ကဗျာ တပုဒ်ကတော့ ဝါကျဖြူ ရဲ့ အကြောက်တရားများ ကဗျာကို ဖတ်ကြည့်ပါ။
ကျည်ကပ်ထဲကို သေခြင်းတရားတွေဝင်သွားပုံ
ပြောင်းထဲက တောင်ပံခတ်သံများ
ရုန်းအားပြင်း
အမွှေးကျွတ်အနာတွေပေါက်ကွဲရာ
အသံအိုးထဲမှာ မေ့ဖျောက်ခံရ ကိုယ်ခံအားများ
အဆုံးရောက် သားပျက်ခြင်းတို့
သွေးထိတ်လန့်မှု
ပြန်ငုံလိုက်တဲ့ကမ္ဘာကြီးထဲ
ပြန်မြိုချလိုက်ရတဲ့အဖူးအငုံများ
လူဟာ မျောက်ပြန်ဖြစ်သွားတဲ့
ဆိုင်လင်ဇာရဲ့မြုပ်ကွယ်လိုက်တဲ့ သုသာန်များ
ကျည်သွားရာ အေးချမ်းဆိတ်ငြိမ်မှု
လူမသိ သူမသိကြီးမြတ်ခြင်း။
လူသားတယောက်ရဲ့ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကို အတွေးစကားလုံးတွေနဲ့ ရေးဖွဲ့သွားပါတယ်။ အခုလူသားတွေရဲ့ဖြစ်တည်နေမှုတွေဟာ ပြန်တွေးကြည့်ရင် ကြောက်စရာကောင်းလှပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ရှင်သန်ခြင်းနေ့တွေကိုဖြတ်နေရပြီးအဆုံးမှာတော့ အကြောက်တရားတွေကို ရှောင်တိမ်းနိုင်ဖို့ ပုန်းခိုရာဆိုတဲ့ခေတ္တခဏလေးအေးချမ်းတဲ့နေရာဟာ သေခြင်းတရားဖြစ်နေတာကို ပြသွားပါတယ်။
ဒီကဗျာမှာခေတ်ပေါ်ကဗျာတွေလက်ရှိရောက်နေတဲ့ရေးဖွဲ့မှုပုံသဏ္ဍာန်သစ်ကို တွေ့ရပါလိမ့်မယ်။ ရစ်သန်တွေရဲ့ညီညွတ်စီးမျောမှုကိုစကားလုံးအားကို အဓိကထားရေးသွားတာ တွေ့ရပါတယ်။ ကဗျာရဲ့ အတွေးဟာလေးနက်ဟန်ဆောင်ပြထားတာကိုလည်း တွေ့နိုင်ပါတယ်။ အတွေးပါးပါးလေးကို ခေတ်ပေါ် ကဗျာစကားလုံးတွေ ကျွမ်းကျင်စွာ ဖွဲ့စည်းထားပါတယ်။
ခေတ်ပေါ်ကဗျာတွေကိုကြည့်လိုက်တဲ့အခါ အတွေးနက်ရှိုင်းလေးနက်ပြီးစကားလုံးတွေ ရိုးရိုးလေး သုံးသွားတာတွေလည်း တွေ့နိုင်ပါတယ်။ ကဗျာဆရာလူခက်ရေးထားတဲ့ လပြည့်ည ကဗျာကို ခံစားကြည့်ကြပါစို့။
ကြယ်တွေကလင်း
တိမ်တွေကငြိမ်
အကိုင်းဖျားက သစ်ရွက်ကလေးကို
လေညင်းတွေက ပုတ်ပုတ်နိုးလို့
သနပ်ခါးပင်လေးမှာ ပိုးစုန်းကြူးလေးတွေက
လင်းလိုက်မှိန်လိုက်
ကောင်းကင်ကြီးက လမင်းကို
ပါးကွက်လိုကွင်းလို့ မှောင်ခဲ့ရတဲ့ညတွေကိုလှောင်သလိုမျိုးနဲ့
ဒီညကို
ခလုတ်ရှိလည်းမပိတ်ချင်ပါဘူး။
ဒီကဗျာဟာ…တစိမ့်စိမ့်ခံစားကြည့်ရင်လူလောကနဲ့ လူတွေဖြတ်သန်းနေထိုင်ရတဲ့ အကြောင်းကို ခံစားမိနိုင်ပါလိမ့်မယ်။ လူတယောက်တိုင်းရဲ့ ဘဝဖြစ်တည်မှုတွေကိုကြည့်မယ်ဆိုရင် လင်းသလိုလိုနဲ့ မှောင်နေတာကို တွေ့နိုင်ပါတယ်။ တည်ငြိမ်မှုရှိသယောင်နဲ့ လှုပ်ခပ်နေတာကိုလည်း တွေ့နိုင်ပါလိမ့်မယ်။ လူတွေရဲ့ဘဝဖြတ်သန်းမှုနေ့ရက်တွေထဲမှာ တောက်ပခဲ့တာတွေ ရှိပါတယ်။ တကယ်တော့ ဒီလိုတောက် ပနေခဲ့တာဟာ အတိုင်းအတာတခုလောက်ပါပဲ။ ကောင်းကင်ပေါ်ကကျွန်တော်တို့လှမ်းမြင်နေရတဲ့ လမင်း ရဲ့အလင်းတုလိုပါပဲ။ ဒီအလင်း ကျနေတာကိုကွက်သတိရနေပြီး ဘဝမှာမှောက်မိုက်ခဲ့ရတဲ့ကာလတွေကို မေ့ထားချင်လိုက်ကြ ပါတယ်။ ဒါကလည်း လူ့သဘာဝပါပဲ။
သဘာဝကိုအတွေးလှလှလေးနဲ့ရေးပြသွားတာကို၂၀၁၇ ဇူလိုင်လထုတ် ဗြူတီ မဂ္ဂဇင်း ထဲက ကဗျာဆရာကြီး မောင်အောင်ပွင့်ရဲ့ကဗျာလေးတပုဒ်မှာ တွေ့နိုင်ပါတယ်။ အမွေထားရစ်ဖို့ တဲ့။
စောဖိုးခွားရေ
နောက်ဆုံးတော့
ကျွန်တော်လေ ကျွန်တော်
ခြေဖဝါးအစုံ ဘယ်ညာအစွန်က
ခြေသန်းလေးတွေ
ဘေးလွတ်အောင် မနင်းတတ်လို့လို့
တွေးတောလိုက်ရုံပဲ။
ဆရာမောင်အောင်ပွင့်ရဲ့ထုံးစံအတိုင်း နူးနူးညံ့ညံ့ပျော့ပျော့ပြောင်းပြောင်း ရေးပြသွားတဲ့ခေတ်ပေါ် ကဗျာတပုဒ်ပါ။ တွေးမယ်ဆိုရင်တော့ လူတယောက်ရဲ့လမ်းလျှောက်ခဲ့တာက စပြီး ခေတ်တခုထိပါ တွေး နိုင်ပါတယ်။ လူတယောက်ရဲ့နေထိုင်မှုမှာ နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်မယ်ဆိုရင် အမှားဆိုတဲ့ အစွန်းရောက်မှုတွေ မရှိနိုင်ပါဘူး။ အစွန်းမရောက်ရင် အန္တရာယ်မရှိနိုင်ဘူးပေါ့။ ခေတ်ကြီးမှာလည်း အစွန်းရောက်မှုတွေက ခေတ်ကိုနှောင့်ယှက်မှုတွေ ပေးနေပါတယ်။ ခေတ်ပေါ်ကဗျာတပုဒ်ဟာ ရိုးရိုးလေး ရေးပြထားပေမယ့် အတွေးတွေ ဆင့်ပွားတွေးနိုင်တယ်ဆိုတာကို ဒီကဗျာကပြဆိုသွားပါတယ်။ လူတွေ အကြောင်းကို အဓိကထားတွေးပြီးရေးကြတာပါ။ အမှန်တွေ အမှားတွေရဲ့လောကကြီးလို့ပြောရပါလိမ့် မယ်။ ဒါကို ၂၀၁၇ ဇူလိုင်လထုတ် ဗြူတီမဂ္ဂဇင်းထဲမှာပဲ ကဗျာဆရာ ထွန်းဝေမြင့်ရဲ့ပျောက်ကွယ် မသွားမီ ဆိုတဲ့ကဗျာကိုဖတ်ပြီး ခံစားနိုင်ပါလိမ့်မယ်။
“ရှင်သန်ခြင်းရဲ့ အနက်အဓိပ္ပာယ်”
ဒီတရားသိသူမှ ရှင်သန်သူဖြစ်လိမ့်မယ်
ငါရှင်သန်နေတယ်လို့ ငါ့ကိုယ်ငါသိထားပေမယ့်
ငါ့ပတ်ဝန်းကျင်ကလူတွေက
ငါ့ကို သေနေတာနဲ့ ဘာမှမထူးဘူးတဲ့
သေလူပါတဲ့ လူသေပါတဲ့။
ငါ့အမြင်နဲ့ သူတို့အမြင်
ဘယ်အမြင်က မှန်လေမလဲ
နှစ်မျိုးလုံး လက်ခံလိုက်တာမှန်လိမ့်မယ်။
ငါဟာ လူသေဖြစ်တဲ့အခါဖြစ်
ငါဟာ လူရှင် ဖြစ်တဲ့အခါဖြစ်
အမှန်တကယ်မသေမီပေါ့လေ
ငါတို့ အမှန်တကယ် မသေမီပေါ့လေ။
ဒီခေတ်ပေါ်ကဗျာကလည်း ကဗျာဆရာထွန်းဝေမြင့်ရဲ့ပုံစံအတိုင်း ရိုးစင်းတဲ့ စကားလုံးတွေနဲ့ အတွေးကို ရစ်သမ်ဖွဲ့ စီးဆင်းစေလိုက်တာပါပဲ။ လူတွေမှာရှင်သန်နေတဲ့လူတွေရှိသလို၊သေနေတဲ့ လူတွေလည်း ရှိပါတယ်။ မိမိရှင်သန်နေသလား၊ သေလူဖြစ်နေသလားဆိုတာ ပတ်ဝန်းကျင်ဆိုတဲ့လူ့လောကကြီးက သတ်မှတ်သွားပါလိမ့်မယ်။ တကယ်လူရှင်နေပေမယ့် သေလူတွေ၊ လူ သေပေမယ့်ရှင်နေတဲ့လူတွေ ရှိ နေကြတာကိုလည်း တွေးကြည့်ရင် သိနိုင်ပါတယ်။ ဒါကိုလည်း အဘိဓမ္မာပါတဲ့အတွေးကို ရိုးရိုးလေး တွေး ကြည့်ရင်တော့ နှစ်မျိုးစလုံးကို လွယ်လွယ်လေး လက်ခံလိုက်ရမှာပါ။
ခေတ်ပေါ်ကဗျာတွေမှာလည်း စိတ်ကူးအတွေးကိုရစ်သမ်နဲ့ ရိုးရိုးလေးရေးဖွဲ့သွားတဲ့ ကဗျာတွေ ရှိနေ သလို၊ လူ့လောကကိုနှံ့စပ်စွာသိရှိပြီး ခေတ်ပေါ်စကားလုံးတွေကိုကျွမ်းကျင်စွာ အသုံးပြုသွားတဲ့ ကဗျာ တွေလည်း ရှိပါတယ်။ ခေတ်ပေါ်ကဗျာရဲ့တိုးတက်ရှင်သန်မှုမှာလည်း နှစ်မျိုးစလုံးကို လက်ခံရမှာပါ။ နေထိုင်ရေးဖွဲ့တည်ဆောက်မှုတွေဟာ နှစ်ဖက်စွန်းမရောက်ဖို့ပဲ လိုတာပါ။ နှစ်ဖက်စွန်းကိုရှောင်နိုင်မယ်ဆို ရင် အန္တရာယ်ကင်းပါလိမ့်မယ်။ ဆက်လက်ရှင်သန်နေပါလိမ့်မယ်။
နောက်ဆုံး လူဘဝကတော့သေဆုံးသွားပေမယ့် သူ့ရဲ့ကဗျာတွေကတော့ ရှင်သန်နေဦးမယ့် ခေတ်ပေါ်ကဗျာဆရာတယောက်အကြောင်းနဲ့ သူရေးခဲ့တဲ့ကဗျာတပုဒ်ကိုမှတ်တမ်းတင် ဂုဏ်ပြုချင်ပါ တယ်။ အဲဒီကဗျာဆရာကတော့ ဇေမှိုင်း(သို့မဟုတ်) မှိုင်းချို ပါပဲ။
သူဟာမြန်မာပြည်ရဲ့ငြိမ်းချမ်းရေးဗိသုကာကြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့မြေးဖြစ်သလို၊ ၈၈-ဗကသမျိုးဆက်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ သူရေးခဲ့တဲ့ ညကိုချိုးဖျက်ခဲ့ခြင်း ကဗျာကို မိုးမခအွန်းလိုင်း မှာပြန်တင်လိုက်တာဖတ်မိတဲ့ အတွက် ဒီဆောင်းပါးမှာ ဖော်ပြလိုက်ပါတယ်။
ည
အ ကာလမဟုတ်ပေမယ့်
နှစ်ကာလများစွာ
ဆန္ဒမဲ့ငြိမ်ဆိတ်နေခဲ့ရတဲ့ ည
ရှိသမျှကြယ်စင်တို့နဲ့ လမင်း
အလင်းကို အတင်းကာရံထားရတဲ့ ည
သောကတွေ
ဒဏ်ရာတွေလျှာနဲ့သပ်ရင်း
ချဉ်းနင်းလာမယ့်
ချစ်ခြင်းတွေကိုမျှော်ကြ
“ကမ္ဘာမကြေဘူး
ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့မော်ကွန်းတေး …”
လှိုင်းလုံးတွေမောက်ကြွ
အားကိုးသံ အားပေးသံတွေ
ဟုန်းဟုန်းထခဲ့ပေါ့
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်ပါ
ကမ်းခြေမှာ အပန်းဖြေတာမဟုတ်ပါ
အာဏာဆိုတာ
ပြည်သူ့လက်ထဲမှာဆိုတာပြတဲ့ပွဲ
ကြားနေရေးမဲတွေကို ပုတ်ချ
စက်သေနတ်တွေဘက်ဆီ
ရင်ကော့တက်ချီသွားတဲ့ပွဲ
သားတော်အစဉ်၊ မြေးတော်အဆက်
မြစ်တော် အညွန့်
တလွန့်လွန့်ထိုးတက်နေဦးမယ့် ရာဇဝင်မနက်… …။
ဒီကဗျာလေးနဲ့ ၂၀၁၇ သြဂတ်လ ၄ ရက်နေ့၊ နော်ဝေနိုင်ငံမှာကြွေလွင့်သွားတဲ့ ကဗျာဆရာ ဇေမှိုင်းကို အလေးပြုမှတ်တမ်းတင်လိုက်ပါတယ်။
ကိုနိုင်း
ခံစားသုံးသပ်မိသောခေတ်ပေါ်ကဗျာများ
၁။ ဝါကျဖြူ(အကြောက်တရားများ)၊၂၈၊ ၇၊၂၀၁၇ ဖေ့ဘုတ်။
၂။ လူခက်(လ ပြည့်ည)၊၈၊ ၇၊၂၀၁၇ ဖေ့ဘုတ်။
၃။ မောင်အောင်ပွင့်(အမွေထားရစ်ဖို့)၊၂၀၁၇ ဇူလိုင် ဗြူတီမဂ္ဂဇင်း။
၎။ ထွန်းဝေမြင့်(ပျောက်ကွယ်မသွားမီ)၊၂၀၁၇ ဇူလိုင် ဗြူတီမဂ္ဂဇင်း။
၅။ ဇေမှိုင်း(ညကိုချိုးဖျက်ခဲ့ခြင်း)၊မိုးမခအွန်လိုင်း။
-
The Sun Rays Journal- Vol 1. No 160. 12 August 2017
Comments
Post a Comment